RSS
Facebook
Twitter

Friday, October 5, 2012

တပ်ထဲကဆရာဝန် by ဒေါက်တာလွှမ်းမိုးဟန်

တပ်မတော်ထဲမှာ  တာဝန်ထမ်းဆောင်ရခြင်းက ဆရာဝန်များအတွက် အတွေ့အကြုံသစ်များကို
ရရှိစေသည်။တပ်မတော်ထဲသို့ ခြေစုံပစ်ဝင်လိုက်သည်နှင့် ဆရာဝန်တစ်ဦး၏ ဘ၀သည် သူ၏ဆေးပညာ
လုပ်ထုံး၊လုပ်နည်းများနှင့် အတူပြောင်းလဲသွားရတော့သည်။ အရပ်ဘက်ဆရာဝန်တစ်ဦးအတွက် အဓိက
တာဝန်မှာ လူနာရောဂါ သက်သာပျောက်ကင်းဖို့၊လူနာအတွက် ဘေးဥပဒ်မကျစေဖို့သာဖြစ်သည်။စစ်သား
ဆရာဝန်များအဖို့ မှာတော့ သီးခြားဦးစားပေးစရာတွေရှိလာသည်။ ကိုယ့်ဆန္ဒတစ်ခုတည်းနှင့် ဆောင်ရွက်
လို့မရသည့် အမိန့်ဆိုတာမျိုးတွေရှိလာသည်။ဒုတိယကမ္ဘာစစ်ပြန် စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာ
ဟန်တာကပြောဖူးသည်။ “စစ်ဗိုလ်ဆရာဝန်များကျတော့ သူ့လူနာက တစ်ဦးတစ်ယောက်တည်းမဟုတ်
တော့ဘူးဗျ။တစ်ယောက်တည်း အတွက်ကြည့်လို့မရတော့ဘူး။ သူ့လူနာက တပ်မတော်ကြီးတစ်ခုလုံးပဲ။”
            ဆရာဝန်ပညာဆိုသည်က လူ့အသက်ကိုကယ်ဖို့(သို့မဟုတ်)အနာဘယဒုက္ခများကို လျော့ချပေး
ဖို့ဖြစ်သည်။ အနှီပညာရပ်များကို တတ်မြောက်သင်ယူထားသည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် တစုံတယောက်
ကိုသတ်ဖို့၊ဒါမှမဟုတ် အနာတရဖြစ်အောင်လုပ်နိုင်ဖို့  အတတ်ပညာများကို သင်ကြားပေးသည့် စစ်တပ်
လိုနေရာမျိုးမှာ လာရောက်အမှုထမ်းဖို့ဆိုသည်မှာ အတော့်ကိုထူးဆန်းသည့် ကိစ္စတစ်ရပ်ဖြစ်ပါသည်။
အပေါ်ယံကြည့်လိုက်ရင်တော့ ဆရာဝန်များယူနီဖောင်းဝတ်လိုက်သည့်အခါ ၄င်းတို့၏လုပ်ဆောင်ချက်
များ မပီပြင်နိုင်၊မအောင်မြင်နိုင်တော့ဟု ထင်စရာအကြောင်းရှိပါသည်။ တကယ်တော့ ဒီလိုမဟုတ်။ဗြိတိ
သျှတပ်မတော်၏ တော်ဝင်ဆေးဝန်ထမ်းတပ်ဖွဲ့သည် ၀ိတိုရိယသူရဲကောင်းဆုတံဆိပ် ၃၁ခုရရှိထားပြီး
ဗြိတိသျှတပ်မတော်၏ ရဲစွမ်းသတ္တိအပြောင်မြောက်ဆုံးတပ်ဖွဲ့ဖြစ်ပါသည်။ဗြိတိသျှတပ်မတော်၏ သူရဲကောင်း
ဆုတံဆိပ်နှစ်ကြိမ်ရထားသည့် စစ်သည်သုံးဦးအနက် နှစ်ဦးမှာ ဆရာဝန်များဖြစ်ကြပါသည်။၎င်းတို့နှစ်ဦး
မှာ ဗိုလ်ကြီး နိုဗယ်ချာဗစ် နှင့် ခွဲစိတ်အထူးကု ဗိုလ်ကြီး အာသာမာတင်လိဂ် တို့ဖြစ်ကြပါသည်။
            ကမ္ဘာစစ်ကြီးနှစ်ခုအပြီးမှာ တပ်ထဲသို့ဝင်လာကြသည့် လူငယ်ဆရာဝန်အင်အားမှာ တဟုန်တိုးများ
ပြားလာခဲ့သည်။ စစ်ကြီးအတွင်းတပ်ထဲမှာ ရှိနှင့်ပြီးသားဆရာဝန်များက အုပ်ချုပ်ရေးတာဝန်ကိုယူကြရလျက်
အသစ်ဝင်လာသည့် ဆရာဝန်များက ရှေ့တန်းစစ်မြေပြင်များမှာ သွားရောက်တာဝန်ထမ်းဆောင်ကြရသည်။
ပထမကမ္ဘာစစ်ကြီးအတွင်း ဗြိတိသျှစစ်မြေပြင် အရေးပေါ်အသက်ကယ်ဆယ်ရေးတပ်ဖွဲ့တွင် အမှုထမ်းခဲ့သည့်
ဒေါက်တာဖီးလစ်ဂိုစ့်က “လူငယ်ဆရာဝန်တွေဟာ ဆေးပညာ၊ခွဲစိတ်ကုပညာနဲ့ ပြည်သူ့ကျန်းမာရေးဘာသာ
ရပ်တွေမှာ ပိုပြီးတော့ ခေတ်မီကြတယ်။”ဟုပြောခဲ့သည်။
            ဒုတိယကမ္ဘာစစ်ကြီးတလျှောက် တပ်ထဲကိုမ၀င်ပဲ အရပ်သားဆရာဝန်ဘ၀ဖြင့် စစ်ဆေးရုံများမှာ
တောက်လျှောက်တာဝန်ထမ်းဆောင်သွားသည့် အရပ်သားဆရာဝန်များလည်းရှိပါသည်။ဥပမာပြရမည်ဆိုလျှင်
ဒုတိယကမ္ဘာစစ်ကြီးတလျှောက် ဗြိတိသျှတော်ဝင်လေတပ်တွင် ပလတ်စတစ်ဆာဂျရီလုပ်ခဲ့သည့် ခွဲစိတ်ဆရာ
ဝန် “ဆာအာချီဘဲလ်”။တစ်ခါတရံမှာတော့ အရပ်သားဘ၀မှစစ်သားဘ၀သို့ အသွင်ကူးပြောင်းဖို့ခက်ခဲသည်။
စစ်သုံးစကားနှင့်ပြောရလျှင် စစ်ပုံကျဖို့မလွယ်။ ထို့ကြောင့် အရပ်သားဘ၀မှ တပ်ထဲသို့အရေးပေါ်ဝင်ရောက်
လာသူ ဆရာဝန်များကို “ယူနီဖောင်းဝတ်ထားသော အရပ်သားများ” (Civilians in uniform) ဟု
ခေါ်ခဲ့ကြသည်။
            အရပ်သားဘ၀မှ စစ်သားတစ်ဦးဖြစ်လာအောင် အလွယ်တကူလေ့ကျင့်လို့မရနိုင်သဖြင့်  နိုင်ငံအတော်
များများ၌ တပ်မတော်မှပိုင်သည့် ဆေးကျောင်းများတည်ထောင်ခဲ့ကြသည်။ ၁၇၀၇ခုနှစ်တွင် မဟာပီတာဘုရင်
ကြီးက ဆေးကျောင်းသား၅၀တက်ရောက် ပညာသင်ကြားနိုင်သည့် မော်စကိုတပ်မတော်ဆေးရုံနှင့် ဆေးတက္က
သိုလ်ကို တည်ထောင်ခဲ့သည်။ ထိုသင်တန်းမှအောင်မြင်ခဲ့သည့် ပုဂ္ဂိုလ်များတွင် စစ်ပွဲ၌ဒဏ်ရာရသူများကို မေ့ဆေး
ပေးသည့်နည်းအားတီထွင်ခဲ့သည့် “နီကိုလိုင်ပီရိုဂေါဗ့်” ၊နာမည်ကြီး “အာရုံကြောတုံ့ပြန်မှု သီအိုရီ” ကိုတီထွင်ခဲ့
သည့် “အိုင်ဗန်ပဗ့်လောဗ့်” စသည့် ပုဂ္ဂိုလ်များပါဝင်သည်။ ၁၉၂၆ ခုနှစ်တွင် ဂရိနိုင်ငံ၌ ပထမဆုံးသော တပ်မတော်
ဆေးတက္ကသိုလ်ကို တီထွင်ခဲ့သည်။ နောင် နှစ်၂၀ကြာသည့်အခါ သီဆာလိုနီကီမြို့(ဂရိနိုင်ငံ၏ ဒုတိယအကြီးဆုံး
မြို့တော်) သို့ရွှေပြောင်းခဲ့ပြီး ဆေးတက္ကသိုလ်အပြင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ဆေးဘက်ဆိုင်ရာ တက္က
သိုလ်၊တိရိစ္ဆာန်ဆေးကုတက္ကသိုလ် နှင့် ဥပဒေကျောင်းများကိုပါ တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။
            ၁၉၇၂ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ လက်နက်ကိုင်တပ်ဖွဲများအတွက် ဆေးတက္ကသိုလ်ကို
ဘီတတ်စ်ဒါမြို့၌ ဖွင့်လှစ်ပေးခဲ့သည်။ တစ်နှစ်လျှင် သင်တန်းသား၁၆၅ဦးလက်ခံသည့် ထိုတက္ကသိုလ်တွင်
အရပ်ဘက်ဆေးတက္ကသိုလ်များထက် သင်ရိုးညွှန်းတန်းနာရီပေါင်း ၇၀၀ကျော်ပိုများသည်။ အပူပိုင်းဆေးပညာ၊
ရောဂါကာကွယ်ရေးနှင့် လက်တွေ့ကွင်းဆင်းလေ့ကျင့်ခန်းတွေ ပိုမိုများပြားခြင်းကြောင့်ဖြစ်သည်။
            ဗြိတိန်နိုင်ငံမှာတော့ ဒီလိုမဟုတ်။ဗြိတိသျှစစ်တပ်က အရပ်ဘက်ဆေးတက္ကသိုလ်များမှ အောင်မြင်
လာသည့် ဆရာဝန်သစ်လွင်များကို ဆင့်ခေါ်လိုက်သည်။ ထိုနောက်ဗြိတိသျှတပ်မတော်ပိုင် ၁၈၆၃ခုနှစ်မှာ
စတင်တည်ထောင်ခဲ့သည့် တော်ဝင်ဝိတိုရိယဆေးရုံကြီးမှာ ဘွဲ့လွန်သင်တန်းများ သင်ကြားပေးလိုက်သည်။
သို့ပေမယ့် နာမည်ကြီး ဘိုးဝါးစစ်ပွဲကြီးများအပြီးမှာ  ဆရာဝန်အင်အားမလုံလောက်သဖြင့်  ၁၉၀၂ခုနှစ်တွင်
လက်ချာသင်တန်းများနှင့် ဓာတ်ခွဲခန်းများပိုမိုကောင်းမွန်ပြီး လူပိုမိုဆန့်သည့် မေးဘန့်အရပ်သို့ရွှေ့ပြောင်း
ခဲ့သည်။ ၄င်းအခြေအနေမှ ယနေ့ ဆေးသုတေသနများနှင့် ကုထုံးများမှာ နာမည်ကြီးသည့် စိန့်သောမတ်
ဆေးရုံကဲ့သို့သော အထင်ကရနေရာကြီးများပေါ်ပေါက်လာခဲ့သည်ဟု ဆိုပါသည်။
            တပ်မတော်ဆေးကျောင်းများမှာ ပိုမိုကောင်းမွန်တတ်လေ့ရှိသည့် သင်ခန်းစာများက ပတ်ဝန်းကျင်
သန့်ရှင်းရေး၊ အပူပိုင်းဆေးပညာနှင့် လောဂျစ်ဗေဒကဲ့သို့သော ပညာရပ်တွေဖြစ်သည်။စစ်တပ်ယဉ်ကျေးမှု
ဓလေ့ထုံးစံများနှင့် အကျွမ်းတ၀င်ရှိစေရန် စစ်သင်ခန်းစာတွေ လေ့ကျင့်ရတာမျိုးလည်းရှိသည်။တချို့က
အတွေ့အကြုံနုနယ်သည့် ငယ်စဉ်ကာလမှာ တပ်ထဲ၌တာဝန်ထမ်းဆောင်ပြီး ခရီးများထွက်နေရခြင်းက
 ဆေးပညာတိုးတက်မှုများ၊ဆေးလောကအသိုင်းအ၀ိုင်းများနှင့် အလှမ်းကွာစေနိုင်သည်ဟုလည်း ဆိုကြ
ပါသည်။
            အမေရိကန်တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့၏ဆောင်ပုဒ်က “တိုက်ခိုက်ရေးအင်အားစုများ
မပြုန်းတီးရေး ထိန်းသိမ်းရန်” ဟူ၍ဖြစ်ပါသည်။ တပ်မတော်သားဆရာဝန်တစ်ဦး၏ အဓိကတာဝန်က
 ရှေ့တန်းမှဒဏ်ရာအနာတရဖြင့် ရောက်ရှိလာသည့် စစ်သည်များအား ခွဲခြားစိစစ်ရန်ဖြစ်သည်။ ဘယ်သူ့ကို
 နောက်တန်းဆေးရုံသို့ အမြန်ပို့သင့်သည်၊ ဘယ်သူ့ကိုတော့ အသင်အတင့် ဆေးကုသမှုပြီးရင် ရှေ့တန်း
သို့ပြန်ပို့ရမည် စသည်ဖြင့် ခွဲခြားသတ်မှတ်ပေးဖို့တာဝန်မှာ စစ်မှုထမ်းဆရာဝန်များ၏ အဓိကတာဝန်ပင်ဖြစ်
ပါသည်။အပေါ်ယံကြည့်ရင်တော့ သည်အလုပ်ကလွယ်သယောင်ထင်ရပေမယ့် လက်တွေ့လုပ်တော့
မည်ပြင်တိုင်းဆရာဝန်သည့် အမိန့်နှင့် ဆရာဝန်ကျင့်ဝတ်အကြားလွန်ဆွဲရတော့သည်။ ဆေးရုံ၊ဆေးခန်းမှာ
ဆို အနားယူသင့်သည်ဟု သတ်မှတ်ခံရမည့် လူနာမျိုးသည် ရှေ့တန်းမှာကျတော့ အနားရချင်မှရမည်။
ဆေးရုံမှာကလူနာကောင်းဖို့ အဓိက။ရှေ့တန်းမှာက စစ်နိုင်ဖို့အဓိက။ တဘက်နှင့်တဘက် အနိုင်တိုက်
နေကြရသည့်စစ်ပွဲ၏ တဘက်ဘက်မှာ ပါဝင်နေရသည့် ဆရာဝန်သည် တိုက်ပွဲအောင်မြင်ဖို့ကို ဦးစား
ပေးရသည်မှာသဘာဝကျပါသည်။
            ခြုံငုံပြောရလျှင်တော့ တပ်ထဲံကဆရာဝန်သည် လူနာတစ်ဦးချင်းစီထက် အဖွဲ့အစည်းကို ပိုမိုဦး
စားပေးရသည့် သဘောရှိသည်။ ဘယ်လိုပဲ သဘောသဘာဝတွေ မတူပေမယ့် ကိုယ့်နိုင်ငံကို သူတစ်ပါး
အကျူးကျော်ခံရသည့်အခါ ၊ နိုင်ငံတော်၏ လုံခြုံရေးအတွက် စိုးရိမ်နေရသည့်အခါ၊ ငြိမ်းချမ်းရေး ထိန်းသိမ်း
ဖို့အတွက် အခြားနိုင်ငံများသို့တပ်ဖွဲ့များ စေလွှတ်ရသည့်အခါ  တပ်ထဲသို့ဝင်ရောက်လာသည့် ဆရာဝန်
ဦးရေသည် များပြားလာစမြဲဖြစ်ပါသည်။ လက်ရှိအချိန်မှာတော့ ဗြိတိန်နိုင်ငံတပ်မတော်၌ ဆရာဝန်များ လို
အပ်လျက်ရှိသည်ဟု ဆိုပါသည်။ အကြောင်းရင်းက အီရတ်နှင့် အာဖကန်နိုင်ငံများသို့ တပ်ဖွဲများစေလွှတ်
နေရခြင်းကြောင့်ဖြစ်ပါသည်။ အသစ်ဝင်ရောက်သူကနည်းပြီး လူဟောင်းတွေချည်း လှည့်ပတ်သွားလာနေ
ရခြင်းကြောင့် စစ်တပ်ကို လက်ရှောင်နေကြခြင်းဖြစ်သည်ဟုလည်း သုံးသပ်သူများကဆိုကြသည်။
            ကိုယ်ပိုင်တပ်မတော် ဆေးကျောင်းများမရှိသည့် နိုင်ငံများအတွက် ဗြိတိန်တပ်မတော်၏ အဖြစ်အ
ပျက်က သင်ခန်းစာယူစဖွယ်ဖြစ်ပါသည်။  တပ်ထဲရောက်လို့ ဆေးပညာနှင့် အလှမ်းဝေးကွာသွားသည်
အပြောမခံချင်လျှင် စစ်ဆေးရုံများမှာ ဆေးကုသမှုနှင့် ဆေးသုတေသနကို တိုးတက်အောင်လုပ်၊ ရှေ့တန်း
ဒေသများသို့ အလှည့်နှင့်သွား၊နောက်တန်းပြန်ရောက်သည့်ညအချိန်မှာ စာပြန်သင်၊သင်တန်းများပြန်တက်
သည်လိုလုပ်ဖို့သာရှိပါသည်။ ကျင့်ဝတ်နှင့် စစ်စည်းကမ်း၊အမိန့် ဤနှစ်ခုကြားမှာ မျှတအောင်နေရသည့်
တပ်မတော်သားဆရာဝန်များ၏ ဘ၀နှစ်မျိုးကို ချင့်ချိန်နားလည်နိုင်ကြဖို့ဖြစ်ပါသည်။
Ref: DDoctors at war by Edgar Jones

0 comments:

Post a Comment