RSS
Facebook
Twitter

Thursday, November 8, 2012

ကျွန်တော် ဂျီပီ by Ko Pwa Gyi

“ကိုး ၊တစ်ဆယ် ၊ဆယ့်တစ် “ 

              ယနေ့ဆေးခန်းမှ ရသော ၀င်ငွေများကို ဒေါက်တာပွ တစ်ယောက် ပက်ပက်စက်စက် ရေတွက်နေ၏။ ဒါက ဆေးခန်း ပိတ်ချိန် ဒေါက်တာပွ လုပ်နေကျ အလုပ်။တစ်ခါတစ်လေ ဘယ်လောက်ရနေပြီ ဆိုတာ သိသိကြီးနှင့် ခဏ ခဏ ပြန်ရေ ရတာကိုက အရသာ။ ဘာလိုလို နှင့် ဒီဆေးခန်းလေးကို ဒေါက်တာပွ ဖွင့်လာတာ ၂ နှစ် ပြည့်တော့မယ်။ ထို ၂နှစ်တာ အတော အတွင်း စိတ်ညစ်စရာ များလဲ တွေ့ဖူးခဲ့သလို ပျော်ရွှင်စရာ ကြည်နူးဖွယ်ရာ များနှင့်လည်း အကြိမ်ကြိမ်ဆုံခဲ့ရ၏။ ထို့အပြင် စိတ်ဖိစီးမှု ဒဏ်နှင့်လည်း အလူးအလဲ။ ဒေါက်တာပွ ၏ ဆေးခန်းလေးသည် လက်လုပ်လက်စားလူတန်းစားများသော ရပ်ကွက်လေးတွင် တည်ရှိသောကြောင့် အခြေခံ လူတန်းစား များသလို ပြသနာ ကလဲ သောင်းခြောက်ထောင်။ ဘာပဲပြောပြော ယခု အချိန်တွင်တော့ ဒေါက်တာပွ တစ်ယောက် ထိုရပ်ကွက်က လူတော်တော်များများရဲ့ယုံကြည်အားကိုးခြင်းခံရသော လူမသိ သူမသိ ဆရာဝန်တစ်ယောက်တော့ ဖြစ်လောက်ပြီ တစ်ခါတစ်လေတော့ ထင်မိ၏။ ဘာဖြစ်တုန်း ကယ်လဆမ် ကွေကာပေါ့ဗျာ ဟဲဟဲ။
          အမှန်က ဒေါက်တာပွ တစ်ယောက် ဆေးခန်းဖွင့်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးပါ။ စိတ်ဖိစီးမှု ဒဏ် (Stress) ကို ကြောက်၍ တစ်ကြောင်း ၊လူနာ မလာပါက လူနာမျှော်ရမည်ကို ရှက်သည်က တစ်ကြောင်း စသည် စသည့် အကြောင်းအချက်တို့ကြောင့် ဆေးခန်းဖွင့်ရန် အမှန်တကယ် မစဉ်းစားခဲ့မိဖူး။ ပျင်းတာလဲ ပါမည် ထင်၏။ ထိုသို့ တောက်မယ့် မီးခဲ တရဲရဲ လေး ဒေါက်တာပွ ဖြစ်ချေသည်။ သို့သော် အမ်အက်စီ ဘွဲ့လွန် သင်တန်း တက်သောအခါ ကုန်ကျမည့် စရိတ် စက များနှင့် ၀န်ထမ်းလခ မညီမျှသောအခါ၊ အကြွေးစားရင်းများ တိုးပြီးရင်း တိုးလာသော အခါ ဒေါက်တာပွ တစ်ယောက် တစ်သက်နှင့် တစ်ကိုယ် မလုပ်ချင်သော အရာကို လုပ်ရန် စိတ်ကူးပါးလာသည်။ ထိုအရာသည် ဆေးခန်းဖွင့်ရန်။ အိမ်နှင့် တိုင်ပင်ကြည့်သောအခါ မိဘနှစ်ပါးက လိုလိုချင်ချင် ထောက်ခံကြပြန်ရော။ ကိုင်း မထူးတော့ပါဘူးလေ ငါလဲ အတွေ့အကြုံသစ်ရတာပေါ့ ဟု အားတင်းရင်း ဒေါက်တာပွ တစ်ယောက် ဆေးခန်းဖွင့်ရန် နေရာ အသည်းအသန် လိုက်ရှာလေတော့သည်။ နေရာ တော်တော်များများ စိတ်တိုင်းမကျမိ။ အကြောင်းမှာ သွားရေးလာရေး မလွယ်ကူသော နေရာများ အတော်များသောကြောင့်ပင်။ ခက်တော့ခက်သည်။ ဒေါက်တာပွတို့လို လူငယ်ဆရာဝန်တွေ အတွက် ဆေးခန်းဖွင့်လျှင် ချောင်ကြို ချောင်ကြားသာလိုက်ရှာရသည်။ ဒါမှ မဟုတ် မိမိ အိမ်မှာဖွင့်လျှင် တော့ တမျိုး။ ထင်ပေါ်ကျော်ကြားသော နေရာမျိုး သွားဖွင့်မိလျှင် အလွန့်အလွန် ကံကောင်းပါမှ လူနာရသည်။ ဆိုင်ခန်းငှားခ ကြေလျှင် ကံကောင်း။ သမားဆို အိုမှ ဆိုသော စကား အတော်မှန် ကြောင်း ဒေါက်တာပွ ကျောင်းပြီးကတည်းက သတိထားမိသည်။ တက်သစ်စ ဆရာဝန်တွေဆိုလျှင် လူနာများက သိပ်မယုံကြည်ချင်။ တချို့ က ပညာစမ်းကြသေးသည်။ ဘယ်ပါရဂူနှင့် ဘယ်လို ပြနေတာ ဘယ်နိုင်ငံမှာ ဘယ်စက်ကြီးနဲ့ medical checkup လုပ်ထားတာ စသဖြင့် အကြွားလဲ ခံရသေး၏။ ရှိပစေတော့။ တစါခါ တစ်ရံ ကိုယ့်ဘာသာကိုယ် မျက်မှန် တပ်ပြီး ၀နေတာကိုတောင် ကျေးဇူးတင်ရသေး။ ဘာပဲပြောပြော အနည်းငယ်တော့ သမားရုပ် ပေါက်သွားတယ်တော့ ထင်မိ၏။
          သို့နှင့် ယခု ဆေးခန်းဖွင့်သော နေရာလေးကို သွားတွေ့၏။ ကံကောင်းသည်က ထို နေရာလေးသည် အရင်ကတည်းက ဆေးခန်းဖွင့်ခဲ့သော နေရာလည်း ဖြစ်သောကြောင့် ခုတင် ၊ ဗီရို စသည်များ ကျန်နေခဲ့သည်ပင်။ ထို့အတွက်ကြောင့် အသုံးစရိတ် အနည်းငယ် လျော့သွားသည့် အပေါ် ဒေါက်တာပွ တစ်ယောက် အကျေနပ်ကြီး ကျေနပ်မိလေသည်။ တစ်နှစ်စာ စာချုပ်ပြီး အကုန်ပြင်ဆင်ပြီးသော အခါတွင် ဒေါက်တာပွ တစ်ယောက် ဂျီပီ ဆရာဝန်လောကသို့ မအူမလည်နှင့် ရောက်ရှိခဲ့လေတော့သည်။ ကိုင်း ဒေါက်တာပွ လာချေပြီ ဟု စိတ်ထဲက ကြွေးကြော်ရင်း ဆိုက္ကားပေါ်တွင် မိန့်မိန့်ကြီး ။
          မှတ်မှတ်ရရ ဆေးခန်းစဖွင့်သည့်နေ့က ဆေးခန်းထဲသို့ ၀င်ဝင်ချင်းပင် လူနာ တစ်ယောက် လာလေ၏။ ဟိုက် ရှားပါး ဂွတ်ထ ဂွတ်ထ ဟု စိတ်ထဲက ကြိတ်ပျော်ရင်း မေးလိုက်လေ၏။

“ ဘာဖြစ်တာလဲဗျ”

“ ဆရာ ကျွန်တော် အူကျနေလို့ပါ”

“ တိန်”

          ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းသကိုး။ ဒီလို ဆေးခန်းလေးမှာ အူကျတာကို ဘယ်လို ကုသရပါ့။ ဒီတော့ အနည်းငယ် နှစ်သိမ့်ဆွေးနွေးပြီး ဆေးရုံမှာသာ ခွဲစိတ်ရန် ချော့မော့ လွှတ်လိုက်ရ၏။ ဒေါက်တာပွ မသိခဲ့သော အချက်မှာ ထိုလူနာသည် ထိုနေ့ အတွက် ပထဆုံးနှင့် နောက်ဆုံးလူနာဆိုတာကိုပင်။
          ခက်တော့ခက်သည် ဆေးခန်းဆိုသည့်နေရာမျိုးက လာဘ်ခေါ် ကြောင်ရုပ် ဇီးကွက်ရုပ် ထားလို့ ကောင်းသော နေရာမျိုးလဲ မဟုတ်။ နောက်လဲ လာအားပေးနော် လို့ ပြောလို့ကောင်းသော နေရာ လဲ မဟုတ်။သို့နှင့် ဒေါက်တာပွ တစ်ယောက် ဂျီပီ ဆရာဝန် တစ်ယောက်၏ အစ နေ့စွဲများအား ကြိတ်မှိတ်ကျော်ဖြတ်ရလေသည်။ ဟောက်စ်ဆာဂျင် ဘ၀တုန်းကနိုက်ဂျူတီ ဆင်းလျှင် အကျီင်္ အနီ ၀တ်သော သူများအား စီနီယာများက မကြိုက်။ အကြောင်းမှာ အနီရောင် ၀တ်လျှင်လူနာများသောကြောင့် ဟု အယူ ရှိကြသောကြောင့်ပင်။ ထို့အပြင် လူနာကုတင် နှင့် စားပွဲများကို လက်နှင့် မခေါက်ရပေ။ ခုနက အယူကြောင့်ပင်ဖြစ်သည်။ ယခု ဂျီပီ အစ ဘ၀ မှာတော့ တစ်ခါတစ်လေ ဒေါက်တာပွ တစ်ယောက် အပေါ်အောက် အနီ ၀မ်းဆက် ၀တ်ပြီး ခုတင်များကို ထိုင်ခေါက်နေရန် အကြံဖြစ်မိ၏။ သို့သော် ချက်ချင်း နှလုံးပြန်သွင်း မဖြစ်သေးပါဘူးလေ။ ငါ အသပြာ ဆရာဝန် လား မသေချာပါ။ ဘာကြောင့်လဲ။ ဆေးခန်းထိုင်ရခြင်းမှာ အပိုဝင်ငွေ လိုသောကြောင့်။ ဒါဆို စေတနာ ဆရာဝန်ဆိုတာ ရော သေချာပြီလား။ ဒါတော့ ဒေါက်တာပွ တစ်ယောက် မိမိ ကိုယ်တိုင် မဟုတ် ဆရာဝန်များအားလုံး အတွက် အာမခံနိုင်သည်။
          တစ်ချို့ရက်များတွင် တစ်ယောက် လာသည်။ တစ်ချို့ရက်များတွင်တော့ သုံးယောက်။ တစ်ချို့ရက်တွေဆိုလျှင် အပျင်းပြေ ရန်ယူသွားသော လက်ပ်တော့နှင့် Plants and Zombies ထိုင်ဆော့နေတာ ဂီမ်းသာ အောင်လျှင် အောင်သွားမည်။ တစ်ယောက်မှ ပေါ်မလာ။ ဆေးခန်းရှေ့တွင် ချွတ်ချွတ် အသံကြားလျှင် လူနာများလား ဟု စာဖတ်ချင်ယောင် အမြန်ဆောင်ရတာလဲ အမော။ တစ်ခါတစ်လေ အကြောင်းမဲ့ ဆေးပုလင်းများကို ထိုင်စီလို စီ ကိုယ့်ဘာသာကိုယ် Glucometer နှင့် သွေးထိုင်ဖောက်လိုဖောက်နှင့်။ တစ်နေ့တွင်တော့ ဆေးခန်းပိတ်ချိန်တွင် လူတစ်ယောက် ဆေးခန်းထဲ ခပ်ကုတ်ကုတ် ၀င်လာသည်။ ဒီတော့မေးရသည်ပေါ့

“ဘာဖြစ်တုန်းဗျ”

“ ဆရာ ကျွန်တော်က ဟိုးအရင် --ဆေးရုံက သန့်ရှင်းရေးဝန်ထမ်း ပါ။”

“ အင်း ဒီတော့”

“ ဟိုတစ်လောကမှ အသဲရောင် အသားဝါ စီပိုးတွေ့လို့ အငြိမ်းစားယူလိုက်တာပါ”

“ ဟုတ်ပြီ ဆက်ပြောပါအုံး”

“ အဲဒါ ဆေးရုံကို တစ်လ တစ်ခါ အမြဲ သွားသွားပြပြနေရတယ်ဆရာ”

          ဒေါက်တာပွ စိတ်ထဲတွင်တော့ ဒီရောဂါ လာပြသည်ဟု တထစ်ချ ယုံကြည်လိုက်၏။

“အဲဒါ ဆရာရယ် အဲဒီဆေးတွေက ဈေးကြီးတယ်လေ ။ အခု ကျွန်တော့မှာ မိန်းမနဲ့ ကလေးနဲ့ @$%*(^$@#%&* ………….ဒါတွေကြောင့် အဆင်မပြေဘူးပေါ့ ဆရာရယ် အဲဒါကြောင့် ကျွန်တော်ဒီညအတွက် ထမင်းစားစရာ ပိုက်ဆံမရှိဘူး ဖြစ်နေတယ် ဆရာရယ်။ ကျွန်တော့်ကို ထမင်းဖိုးလေး နဲနဲလောက် မျှပါလား ဆရာရယ်”

“ တိန်”
          လက်စသတ်တော့ အလှုခံကိုး။ ဒီလောက် ရှည်ရှည်ဝေးဝေး အစချီနေတာ နောက်ဆုံး ထမင်းဖိုးလာတောင်းနေတာကိုး။ ဈေးဦးတောင် မပေါက်ရတဲ့ ကြားထဲ။

“ အေးဗျာ ကျွန်တော်လည်း ပေးချင်ပါတယ်၊ ခက်တာက ကျွန်တော့်မှာ ဒီနေ့ လူနာ တစ်ယောက်တောင်မရသေးဘူးဗျ”

“ ရပါတယ် ဆရာရယ် အများကြီးလဲ မလိုပါဘူး”

“ အွန်” ဘယ်သူကရော သူ့ကို အများကြီးပေးမယ်ပြောမိပါလိမ့်

“ အဲဒါဆရာရယ် လကုန်လို့ ပင်စင်ထုတ်ရင် ဆရာ့ကို Present လာပေးပါ့မယ်”

          ရော ခက်ချေပြီ။ ဒီလူကြည့်ရတာ မရလျှင် ပြန်မည့်ပုံ မပေါ်ပေ။ ဒီတော့ ထိုနေ့က မှတ်မှတ်ရရ ဒေါက်တာပွ အိတ်ထဲမှ ပိုက်ဆံ ၂၀၀၀ ပါသွားလေတော့၏။ ထိုနေ့မှ စ၍ ဆေးခန်းရှေ့တွင် ချွတ်ချွတ် အသံကြားတိုင်း ဒေါက်တာပွ လန့်နေတော့သည်။
          ဆေးခန်းဖွင့်သက်လေး တစ်လ လောက်ကြာလာတော့ အနည်းငယ် လူသိလာသည်။ စသိသွားကြသည့် အကြောင်းရင်းမှာ ထိုနေ့က ဒေါက်တာပွ တို့ ရပ်ကွက်ထဲ မီးပြတ်သည်။ ဒေါက်တာပွ တစ်ယောက် ထုံးစံ အတိုင်း Plants and Zombies နှင့် ပျော်ပါးနေစဉ်

“ဒုန်း”

        ဟူသော အသံ ဆေးခန်းရှေ့တွင် ကြားလိုက်ရသည်။ ဘာဖြစ်တာပါလိမ့် ဟု မြန်မာပီပီ စပ်စပ်စုစု ထွက်ကြည့်တော့ ကားနှင့် ဆိုင်ကယ် တိုက်မိကြခြင်း။ ဒီတော့ အပြေးအလွှား သွားကြည့်တော့ ဆိုင်ကယ်နှင့်လူမှာ ဘာတွေ ကွဲပြဲသွားမှန်းမသိ။ သွေးတွေ ခေါင်းမှရော လက်မှရော ထွက်နေလေ၏။ ၀ိုင်းကြည့်နေသော လူများ အကြား ဒေါက်တာပွ တစ်ယောက် ရောက်သွားစဉ်မှာပင် ဆေးခန်းပို့ကြပါဟဲ့ ဘာဟဲ့ ညာဟဲ့ နှင့် အသံတွေကြားမိသည်။ ထိုအခါ လူတစ်ယောက်က ဒီမှာ ဆေးခန်း လူနာကို မြန်မြန်ပွေ့ဟု အော်သံကြားရသော အခါ ဒေါက်တာပွ တစ်ယောက် ဆေးခန်းထဲ အမြန်ပြန်ဝင်ပြေးရလေတော့သည်။ လက်ပ်တော့ကို မြန်မြန်သိမ်းပြီး နားကြပ်ကို အဆင်သင့် လည်ပင်းတွင် ချိတ်ဆွဲထားလိုက်၏။ ပြီးတော့ ၀ရုန်းသုန်းကားဝင်လာသော လူအုပ်များ။ တစ်သက်နှင့် တစ်ကိုယ် ဆေးခန်းထဲမှာ ဒီလောက်လူအုပ်များတာ ပထမဆုံးတွေ့ဖူးခြင်းပင်။ များပေမပေါ့။ လူနာက တစ်ယောက်။ လူနာရှင်က နှစ်ယောက်။ သတင်းပြန်လွှင့်မည့် မီဒီယာသမားက အယောက်နှစ်ဆယ်လောက်ဆိုတော့။  သို့သော် ကံမကောင်းစွာပင် ထိုလူနာမှာ Unconscious သတိမေ့နေသောကြောင့် Line တစ်လုံး အမြန်ချိတ်ပြီး ဆေးရုံသို့သာ လွှတ်လိုက်ရတော့သည်။ သို့သော် ဒေါက်တာပွ ၏ ဆေးခန်းလေးကား အရင်ကထက် လူပိုသိသွားကြသည်က အမြတ်ပင်။ ဆေးကုသ မှုကြောင့် တော့မဟုတ် လိုက်ပို့သော သူများထဲတွင် စေတနာ့ ၀န်ထမ်း သတင်းလွှင့်သူများပါသောကြောင့်ပင်။ တချို့ဆို နေ့တဓူဝ ဆေးခန်းရှေ့မှသာ ဖြတ်သာသွားကြသည်။ ဆေးခန်းရှိမှန်း သတိတောင်မထားမိကြပေ။ မထားမိရလောက်အောင်လဲ ဆေးခန်းလေးက ခပ်ကုတ်ကုတ်လေးကိုး။
          သို့နှင့်ပေါ့ဗျာ။ သုံးလလောက်ကြာတော့ အတော် ဟုတ်လာလေပြီ။ တစ်နေ့ကို ငါးယောက်လောက်က ပုံမှန်ရလာ၏။ ဒေါက်တာပွလည်း ထမင်းစားလျှင် လက်ဖက်သုတ်လေး တစ်ပွဲလောက် အပိုဟင်းအဖြစ်စားနိုင်လာသည်။ ဆေးခန်းဖွင့်မှ ပို၍သိလာရသည်မှာ လူသားများ၏ စိတ်အမျိုးမျိုး အထွေအထွေပင်။ တစ်ချို့ လူနာများမှာ အတော်ပင် သည်းခံရလေသည်။ ဆိုပါတော့ ဒေါက်တာပွ မှာ အသားဆေးထိုးလျှင် ၁၅၀၀ ၊ အကြောဆေးထိုးလျှင် ၂၀၀၀ ၊ စားဆေးသက်သက်ဆိုလျှင် ၁၀၀၀ ယူ၏။ တချို့လူနာများကား အတော်ပင် ဆင်းရဲကြလေသည်။ ထိုအခါ ဒေါက်တာပွ တစ်ယောက် ဈေးလျှော့ယူရင်ယူ မယူရင် အလကား ကုပေးလိုက်၏။ ထိုအခါ အနှီ လူနာမှာ နောက်နေ့များတွင် အိမ်ရှိ ဆွေမျိုးသားချင်း များကိုပါ မချ လာလေတော့၏။ မတတ်နိုင် ဒေါက်တာပွ တစ်ယောက် ဆေးကုသစရိတ်တောင်းသော အခါ ဆရာ မနေ့ကကျတော့ မတောင်းဘူးအဲဒါကြောင့် ဒီနေ့ ပိုက်ဆံ ယူမလာခဲ့မိဘူး ဟု ပြောကာ ပြန်သွားသော လူနာကိုလည်း ဘုရားစူး ကြုံဖူးပါ၏။ ဟာ မရဘူး ငါ့ပိုက်ဆံ ပြန်ပေး ဟု အော်ကြီး ဟစ်ကျယ် တောင်းလို့ မရလေသော အခါ ဒေါက်တာပွ တစ်ယောက် အတင်းကြိတ်မှိတ် မြိုသိပ်ကာ “ ငါဟာ စေတနာ ဆရာဝန် စေတနာ ဆရာဝန်” ဟူသော ဂါထာရွတ်ကာ အတင်းပင် သာဓု သုံးကြိမ်ခေါ်လိုက်ရလေတော့သည်။ တချို့များကျတော့ ကုသမှု ပြီးစီးလျှင် ဘယ်လောက်ကျလဲကို မမေး တစ်ထောင်တန် တစ်ရွက်ပေးပြီးလျှင်
“ရတယ် မဟုတ်လား” ဟု မေးသောအခါ  မရဘူး နှစ်ထောင်ကျတယ်ဟု ပါးစပ်မှ ပြန်ပြောရန် မရဲသော အခါ ထိုတစ်ထောင်တန်ကိုပင် လက်ခံခဲ့ရသော အဖြစ်မျိုးလည်းရှိ၏။
          ပြီးလျှင် ထိုနေရာတွင်သာ မက ကျန်သောနေရာများတွင်ပါ စွဲနေကြသော အစွဲများလည်းရှိပြန်သည်။ အထင်ရှားဆုံးမှာ ASO ကိစ္စပင်။ လူအတော်များများက ထို ASO ကို လေးဘက်နာပိုးဟု ထင်မှတ်ကာ ဆေးခန်းလာလျှင် ထို ASO တက်သည့်အကြောင်းကို လေးဘက်နာပိုး ဘယ်လောက်တောင်ရှိတာဟု ပြောတတ်ကြလေသည်။ ဒေါက်တာပွလည်း တတ်သလောက် မှတ်သလောက် ထို ASO ဆိုသည်မှာ လေးဘက်နာပိုး မဟုတ်ကြောင်း လေးဘက်နာဟု ရောဂါ နာမည်တပ်ရန် ECG နှင့် အခြားသော သွေးများဖောက်စစ်ရန်လိုကြောင်း သတ်မှတ်ထားသော အချက်များ ပြည့်စုံမှသာ လေးဘက်နာ ဟု အမည်တပ်ရမည် ဖြစ်ကြောင်း ရှင်းပြပါသည်။ သို့သော် ထူးထူးဆန်းဆန်း ထိုအစွဲကို မည်သို့မှ ဖျောက်မရပေ။
          တချို့ ရှိသေးသည်။

“ ဆရာ ကျွန်တော် အဆုတ်ပွနေတယ်” တို့

“ဆရာ ကျွန်တော် ကျွန်မ သွေးတိုးနေတယ် ဒါမှ မဟုတ် သွေးပေါင်ကျနေတယ်” အစရှိသည် ကိုယ့်ရောဂါ ကိုယ် နာမည် တပ်လာကြသည်လဲ ရှိကြသေး၏။ သွေးတိုးသွေးကျ မှန်းသွေးပေါင်ချိန်ကြည့်လို့ သိတာလားဟု မေးလျှင် မဟုတ်ဘူး အရင် တခေါက်က သွေးတိုး ဒါမှ မဟုတ် သွေးကျတာ ဒီလိုပဲ ခံစားရတယ်ဟု ပြန်ဖြေကြလေ့ရှိသည်။ ထို့အပြင် ကျွန်မက တစ်လ တစ်ခါ အကြောဆေးထိုးမှ နေလို့ရတာ ဟုပြောသူများလည်း တွေ့ကြုံရသေး၏။ တစ်ခေါက်က ဆိုလျှင် လူနာတစ်ယောက်လာပြသည်ကိုတီဘီဟု မသင်္ကာသဖြင့် ဓါတ်မှန်ရိုက်ခိုင်းရာ အမှန်ပင် တီဘီ ဖြစ်နေသောကြောင့် တီဘီ ကုသမှု ဌာနသို့သွားရန် ပြောသောအခါ
“ တီဘီ ဖြစ်နိုင်ပါ့မလား ဆရာရယ် ကျွန်မတို့ မျိုးရိုးထဲမှာ တီဘီဖြစ်ဖူးတဲ့သူမှ မ၇ှိတာ”
“ တိန် သေဟ”
ထိုသို့သော တီဘီကို မျိုးရိုးလိုက်သည်ဟု ထင်သောသူများလဲ ရှိကြသေး၏။
အဆိုးဆုံးမှာ အမျိုးသမီးများ အစာအိမ်နာကြခြင်းပင်။ တော်တော်နှင့် မပျောက်။ ဘယ်ပျောက်ပါ့မလဲ။ စားလိုက်ကြတဲ့ အပူ အစပ်။ ဒီတော့ ဆန်ပြုတ်သောက်ခိုင်းပြန်တော့ အရသာ မရှိဘူး ဆရာရယ် ငရုတ်ကောင်းမှုန့်လေး ထည့်လို့မရဘူးလားဟု ဈေးဆစ်သူများလည်း ရှိပြန်သေး၏။
လောလောဆယ် ဒေါက်တာပွ ဆေးခန်း အနီးအနားတွင် ဆေးခန်း များရှိသော်လည်း ဒေါက်တာပွ အဓိက ယှဉ်ပြိုင်နေရသည်မှာ ထိုဆေးခန်းများမဟုတ်။ ဆေးခန်းနှင့် မလှမ်းမကမ်းရှိ ဆေးဆိုင်မှ စပ်ဆေးများပင်။ အတော်များများက ဖျားနာလျှင် စပ်ဆေးဆိုင် အရင်ပြေးကြ၏။ မသက်သာမှသာလျှင် ဆေးခန်းသို့ သုတ်ခြေတင်ကြသည်။ ထိုအခါ တချို့ ကလေးငယ်များ သွေးလွန်တုပ်ကွေးဖြစ်လျှင် ရှော့ရသော အခြေအနေမှသာ ဆေးခန်းသို့ လာကြကုန်၏။ မတတ်နီုင် ဆေးရုံသို့သာ လွှဲပေးလိုက်ရသည် များသည်။ တချို့ဆိုလျှင် ပိုးသတ်ဆေး အပြင်းများစပ်ပေးကြလေသောကြောင့် ဒေါက်တာပွဆီလာလျှင် တော်ရုံတန်ရုံ ပိုးသတ်ဆေး မတိုးသည်များလည်း ကြုံရဖူး၏။
ဒီလိုနှင့် ဆေးခန်းဖွင့်သက်လေး တစ်နှစ်လောက်ရောက်လာတော့ ဒေါက်တာပွ ဆေးခန်းလေးမှာ စည်စည်ကားကား ဖြစ်လာလေသည်။ တစ်ယောက်ကို အထဲမှာ ကြည့်နေလျှင် အပြင်တွင် သုံးလေးယောက်ထိုင်စောင့်ရသည် အထိ အခြေအနေ တိုးတက်လာသည်။ ဒေါက်တာပွလည်း ထမင်းစားပြီးလျှင် ကျွဲရိုင်း လေးဘာလေး အချိုတည်းနိုင်လာသည်။ တချို့ဆို ဖောက်သည် အရင်းကြီးတွေ ဖြစ်ကုန်ကြ၏။ အိမ်သို့လိုက်လံကုသ ရသည်များလည်း ရှိလာ၏။ တစ်ခါတစ်ရံ အိမ်၂ အိမ်အပြိုင်ခေါ်သဖြင့် ရောဂါ ပိုသည်းသော အိမ်သို့ အရင်လိုက်သွားရသည်အထိ ဖြစ်၏။ အလွဲ များလည်းကြုံခဲ့ရသည်။ ရီလဲ ရီချင်စရာ ကောင်းသည်။ တစ်ခါက လူနာ လိုက်ကြည့်ပေးပါ ည ၉နာရီ လာပြန်ခေါ်မည်ဟု ပြောကာပြန်သွားသည်။ ဆေးခန်းပိတ်လို့ ၉နာရီ ကျော်သည်အထိ လာမခေါ်သော်လည့်း လူနာအိမ်ကိုလည်း သိနေသဖြင့် ဆေးအိတ်လေးဆွဲကာ လိုက်သွားသည်။ အိမ်ရှေ့အရောက် လှမ်းခေါ်မည် အလုပ် ခြံထဲမှ ခွေးများက လှမ်းဟောင်ကြ၏။ ထို အိမ်ရှင် လူနာ အဘွားကြီးမှာ မျက်စိ မကောင်း။ ခွေးဟောင်သံ ကြားသဖြင့် အဘွားကြီးက ခြံကို သူခိုးကပ်သည်ဟု ထင်ကာ အိမ်ထဲမှ ခဲနှင့် မမြင်မစမ်း လှမ်းထုသည်ကိုလဲ ခံခဲ့ရဖူး၏။ တချို့အိမ်တွေဆိုလျှင် ကြမ်းများဆွေးနေသဖြင့် အိမ်ပေါ်တက်တက်ချင်း ကြမ်းကျွံကျကာ ဆရာဝန်က လူနာ ပြန်ဖြစ်ပြီး ဆိုက္ကားနှင့် ဆေးခန်းအရောက် ပြန်ခဲ့ရသည်လည်းရှိပြန်၏။
လွန်ခဲ့သော နှစ်ပတ်ခန့်ကလည်း ဆေးခန်း ပိတ်မည် အလုပ် ဒေါက်တာပွထံ ပြနေကျ အရက်သမား လူနာ တစ်ယောက် ပီနန် အိတ်လေးထမ်းကာ ဖိနပ်လည်း မပါ ငိုကြီးချက်မ ၀င်လာလေ၏။

“ ဟေ့လူ ဘာတွေ ဖြစ်လာတာတုန်း”

“ ဆရာရယ် ကျွန်တော့်ကို အိမ်က နှင်ချလိုက်လို့ ကျွန်တော့်ကို အရမ်း အနီုင်ကျင့်ကြတယ် အီးဟီးဟီး”

အစမရှိ အဆုံးမရှိ အရက်နံ့ တထောင်းထောင်းနှင့်ထငိုလေသော အခါ ဒေါက်တာပွ မှ အကျိုးအကြောင်း မေးမြန်းရလေ၏။ အကြောင်းရင်းမှာ အရက်သောက်ပြီး အိမ်မှ ပစ္စည်းများ ရောင်းစားသဖြင့် အဖေ လုပ်သူမှ နှင်ချ လိုက်သည် ဟူ လတ္တံ့။ ထိုသူမှာ မိန်းမနှင့် ကလေးလဲ ရှိသည်။ အရက်နာ ခဏ ခဏ ကျသဖြင့် ကုသပေးခဲ့ရသည်မှာလည်း အကြိမ်ပေါင်း မနည်း။

“ မနေ့ညကလည်း လမ်းဘေးမှာ အိပ်ရတယ် ။ ထမင်းလဲ မစားရသေးဘူး။ အီးဟီးဟီး” ဟု ငိုပြန်လေသည်။ ဒေါက်တာပွ သွေးပေါင်ချိန်ကြည့်လိုက်သော အခါ သွေးပေါင်မှာ 180/120 ။ ဒီအတိုင်းဆို သေရင်သေ မသေရင် လေဖြတ်မှာပဲ ဟုတွေးကာ သွေးကျဆေး တစ်လုံး တိုက်လိုက်ရသည်။ ပြီးတော့ Glucose တစ်လုံးသွင်း အသာ နားနေခိုင်းရသည်။

“ ကဲ ခင်ဗျား ဒီအတိုင်း သွားနေလို့တော့ မဖြစ်သေးဘူး အိမ်အမြန်ပြန်ပါ” ဟုဆိုတော့

“ ကျွန်တော် မပြန်ရဲဘူး ဆရာလိုက်ပို့ “ဟု ပြောလေသောအခါ အနှီ ဒေါက်တာပွ တစ်ယောက် အဘယ်သို့ ငြင်းဆန် နိုင်ပါအံ့။ သို့နှင့် နီးရာ ဆိုက္ကားတစ်စီးငှားကာ အိမ်သို့ လိုက်ပို့ရသည်။ သွားသာသွားရသည်။ ခေါင်းတော့ အကြိမ်းသား။ တော်ကြာငါ့ပါ ဆွဲနှင်ထုတ်နေရင် မခက်လား။ အို ငါ့ကို ဆရာဝန် ဆိုတဲ့ မျက်နှာလေးတော့ ထောက်မှာပါလေ ဟု ဖြေတွေးတွေးရင် လိုက်လာခဲ့လေတော့၏။
အိမ်ရောက်တော့ ဒေါက်တာပွမှာ ထိုသူ့အဖေအား ဖြောင်းဖြ ပြောဆိုရ၏။

“ သွေးပေါင်တွေကလည်း မတရား တက်နေတယ် အပြင်မှာကလဲ နဲနဲ အေးလာတော့ အခန့်မသင့်ရင် လေဖြတ်သွားမှာ စိုးရတယ်” ဟု ပြောတော့

“ သေပါစေ ဆရာရယ် ဒီလို ကောင်မျိုးသေရင် ကျွန်တော် မျက်ရည် မကျဘူး ဟေ့ကောင် သွား မင်း အခု ငါ့အိမ်ပေါ်က ဆင်းသွား”
   ဟု သူ့သားအား အော်ဟစ်ရင်း လိုက်လံ ကန်ကျောက်သော အခါ ဒေါက်တာပွ တစ်ယောက် အတင်းလိုက်ဆွဲရသည်မှာ ပုဆိုးပင် ကျွတ်ကျသည်အထိ။ ဒီလိုနှင့် နောက်ဆုံး ဒေါက်တာပွမှာ ထိုသူအစား ကတိခံလိုက်ရလေသည်။

“ ကဲ အဘရေ ဒီတစ်ခေါက်တော့ ကျွန်တော့် မျက်နှာလေးထောက်ပြီး ပြန်လက်ခံပေးပါ နောက်တစ်ခါဆိုရင် အဘ ကြိုက်သလို လုပ်ပါ ကဲ ဟိုလူ ခင်ဗျားလည်း လိမ်မာတော့ နောက်တစ်ခါဆို ဒီလို အိမ်ပြန်လိုက်ပို့ပေးမယ် မထင်နဲ့တော့ ဒီတစ်ခါ နောက်ဆုံးပဲ” ဟု အတင်းတောင်းပန်သော အခါ အိမ်ရှင် အဘိုးကြီးမှာ ဘာမှ ပြန်မပြော ဘဲ အိမ်အောင်သို့သာ ဆင်းသွားလေတော့သည်။ ထိုအခါမှ ဒေါက်တာပွ တစ်ယောက် သက်ပြင်းချနိုင်သည်။ သေသေချာချာ မှာ ကြားပြီး ပြန်မည်အလုပ် ထို အရက်သမားက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး

“ ကျေးဇူးအရမ်းတင်ပါတယ် ဆရာရယ် ဆရာ့ကို ကန်တော့ပါရစေ” ဟု လက်အုပ်ချီကာ ပြောသောအခါ စိတ်ရှုပ်သည့်ကြားမှ ရလိုက်သော ပီတိလေးတစ်ခု။ ထိုသူမှာ ဒေါက်တာပွ ထက် ၁၀ နှစ်လောက်ကြီးနိုင်သည်။ ထို့ကြောင့်

“ ဟာ မလုပ်ပါနဲ့ဗျာ ကျွန်တော် ငရဲ တွေ ကြီးနေပါ့မယ် ထ ထ “ဟု ဆိုတော့

“ မကြီးပါဘူးဆရာ ကျွန်တော် ကန်တော့တာ ဆရာ့ အသက်ကို မဟုတ်ပါဘူး ဆရာ့ရဲ့ သမားဂုဏ်ကိုပါ”   အမယ် ဒီလိုတော့လည်း ငါ့လူက ကဗျာဆန်သား။အတင်း ကန်တော့လေတော့

“ ကဲ ကဲ ဒါဆိုရင်လည်း ဘုန်းကြီးပါစေ သက်ရှည်ပါစေ %&**^*” အစရှိသည် ကြားဖူးနားဝတွေပေါင်းစပ်၍ ဆုပေးလိုက်ရတော့သည်။ ပစ္စည်းနဲ့ မကန်တော့ပေမဲ့ ဒေါက်တာပွ ဘ၀မှာ ပထမဆုံးရလိုက်တဲ့ ကြည်နူးမှုလေးပင်။

         အခုတော့ ဒေါက်တာပွ တစ်ယောက် ဂျီပီဆရာဝန် ဘ၀ ကို မြတ်နိုးခုံမင်နေပေပြီ။ ပညာလည်းရ၏။ မိမိ အတွက်လည်း အဆင်ပြေ၏။ လူသားများအကြောင်းလဲ ပိုမို သိလာရလေ၏။ ရီစရာနှင့်လဲ ကြုံရ၏။ သွေးပျက်ဖွယ်ရာလဲ ကြုံရသေး၏။

            "အော် ဘာလိုလိုနဲ့ Plants and Zombies တောင် မဆော့ ဖြစ်တာ အတော် ကြာပါပေါ့လား…………..။"




1 comment:

  1. ဆေးခန်း စထိုင်၇တဲ့ အတွေအကြုံ ကလဲ မလွယ်ဘူးနော် အကိုရေးထား တဲ့စတိုင်လေးမိုက်တယ်ဗျာ.ခုဆိုရင်တော့ ဂိန်းလဲ မဆော့နိုင်တော့ဘူးပေါ့နော် ဆက်ရေးပါအုံးဗျာ

    ReplyDelete