RSS
Facebook
Twitter

Sunday, September 23, 2012

သာကေတရှုခင်းသာအိမ်ယာမှ အသံချဲ့စက်


          မပြောတော့ မရေးတော့ပါဘူးလို့ နေလာတာ….. ဘယ်လိုမှ သည်းမခံနိုင်တော့လို့ ဒီစာကိုရေးရပါတယ်။ ကျွန်တော်ဟာ မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာကြီးပြင်းလာတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတယောက်ပါ။ ကျွန်တော့်မိဘနှစ်ပါးဟာ ဘာသာရေးကိုင်းရှိုင်းပြီး ဘုရားသားတော် သံဃာတော်တွေကို အလွန်အင်မတန်ကြည်ညိုတဲ့သူတွေပါ။ ကျွန်တော်လည်း သက်လတ်ပိုင်းအရွယ်အထိ ဘာသာတရားအဆုံးအမတွေအောက်မှာ ကြီးပြင်းခဲ့ရသူပါ။
          အခုတော့ ကျွန်တော်တို့ပါတ်ဝန်းကျင်မှာရှိတဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် ဗုဒ္ဓဘာသာဝင်တယောက် အတွက် အင်မတန်မှ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ သာကေတ ရှုခင်းသာအိမ်ယာမှာ ဓမ္မာရုံတခုရှိပါတယ်။ အင်မတန်ကို အလုပ်လုပ်တဲ့၊ တာဝန်ကျေတဲ့ ဓမ္မာရုံပါ။ ဆရာတော်ဘုရားတွေပင့်ဖိတ်ပြီးတော့ အိမ်ယာနေဗုဒ္ဓဘာသာဝင်တွေ ဥပုတ်သီလဆောက်တည်နိုင်ဖို့အတွက် စီစဉ်ပေးတာတွေ၊ အန္တရာယ်ကင်းပရိတ်ရွတ်တာတွေ စတဲ့ တာဝန်တွေကျေပွန်အောင် ဆောင်ရွက်ပါတယ်။
          ဆိုးတာတခုကတော့ လော်စပီကာတွေကို တိုက်ခန်းတခုနဲ့ တခုကြားမှာ အကြားအလပ် မရှိ ချိတ်ထားပြီး နေ့နေ့ညည ဂေါပကအဖွဲ့ဝင်တွေရဲ့ နိုးဆော်သံတွေ၊ ဓမ္မတေးသီချင်းတွေကို ဥပုသ်မတိုင်မီညကတည်းက အသံကုန်ဖွင့်ပြီး ရပ်ကွက်ကို နှိပ်စက်တော့တာပါပဲ။ ဥပုသ်အကြိုညဆိုလည်း အာလေးလျှာလေးအသံနဲ့ တရားနာကြွဖို့အကြောင်းကို ထပ်ခါထပ်ခါကျော့ပြီး လော်ကနေအော်ပါတော့တယ်။ ဥပုသ်နေ့ဆိုလည်း မနက်စောစော ၅နာရီလောက်က စပြီး တရားသီချင်းတွေ အသံကုန်ဖွင့်ပြီး စတင်နိုးဆော်ပါတော့တယ်။ကျွန်တော် ဘာလို့နှိပ်စက်တယ်ဆိုတဲ့ စကားလုံးကို သုံးသလဲ။ ရှင်းပါတယ်။ အသံကုန်ဖွင့်တဲ့အတွက် ကျွန်တော်တို့ နားမခံနိုင်လို့ပါ။ လူတိုင်းလူတိုင်း ဟာ ဘယ်လောက်မြင့်မြတ်တဲ့တရားဖြစ်ပါစေ ကြားချင်တဲ့အချိန် မကြားချင်တဲ့အချိန်ဆိုတာရှိပါတယ်။ ဘယ်လောက်မြင့်မြတ်တဲ့တရား ဖြစ်ပါစေ လူတွေအနေနဲ့ လက်ခံနိုင်တဲ့အတိုင်းအတာတခုကျော်လွန်သွားရင် ဆူညံသံဖြစ်သွားပါတယ်။
          တပါတ်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ရုံးပိတ်ရက်မှာတော့ အိပ်ရေး ၀၀ အိပ်ချင်တာပါပဲ။ မနက်လေးနာရီလောက်ထဲက စဖွင့်တဲ့ အသံချဲ့စက်အသံကို ဘယ်သူမှ နားမခံနိုင်ပေမယ့်လည်း တရားဒေသနာတွေဖွင့်နေတာကြောင့်  တချို့ဘာသာရေးတရား ကိုင်းရှိုင်းတဲ့ လူတွေအနေနဲ့ပြောရမှာလည်း အကုသိုလ်ဖြစ်မှာ ကြောက်နေတာနဲ့ အတော်များများက မပြောဖြစ်ကြဘူးထင်ပါတယ်။  ရုံးပိတ်ရက်မှာ ကောင်းကောင်းမွန်မွန် အနားယူချင်နေပေမယ့်လည်း အသံကျယ်ကြီးနဲ့ဖွင့်ထားတဲ့ တရားတော်တွေကြောင့် အကြောင်းအရာကိုစိတ်မ၀င်စားနိုင်ပဲ ဒေါသထွက်နေရင်းနဲ့ပဲ နောက်တပါတ်ကို ရောက်သွားရတော့တာပါပဲ။ မကျေနပ်ပေမဲ့လည်း ဗုဒ္ဓဘာသာအများစုကတော့ အောင့်အီးသည်းခံပြီး နေနေကြပါတယ်။
          နောက်တခုက သာကေတရှုခင်းသာအိမ်ယာမှာ တခြားဘာသာဝင်တွေလည်းရှိနေပါတယ်။ သူတို့ရော ကျွန်တော်တို့ဘာသာကို ဘယ်လိုထင်မလဲ။ ဗုဒ္ဓဘာသာဝင်တွေဟာ ကိုယ်လုပ်ချင်ရာလုပ်ရရင် သူတပါးအခွင့်အရေးဆိုတာလည်း ဂရုမစိုက်တဲ့သူတွေလို့ မြင်သွားနိုင်ပါတယ်။ ဘယ်ဘာသာမှလည်း အဲဒီလို စည်းလွတ်ဝါးလွတ် အပြုအမူတွေ မလုပ်ကြဘူးထင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတဲ့ နိုင်ငံတခုပါ။ ကျွန်တော်ပြောချင်တာ ဘာသာရေးအပြင် လူတစ်ယောက်ရဲ့ ရပိုင်ခွင့်ပါပဲ။ ဗုဒ္ဓဘာသာတိုင်း တရားဓမ္မကို ကျယ်ကျယ်လောင်လောင်လိုချင်လိမ့်မယ်လို့ တထစ်ချတွက်တာက ဘုရားအလိုတော်နဲ့လည်းမညီပါဘူး။ အဲဒီတော့ မဆင်မခြင်အသံချဲ့စက်ဖွင့်တဲ့ ဂေါပကလူကြီးတွေရဲ့လုပ်ရပ်ကို တားဆီးနိုင်ဖို့လိုအပ်ပါတယ်။

0 comments:

Post a Comment