RSS
Facebook
Twitter

Tuesday, October 30, 2012

စာအုပ်တန်းသို့အလည်တခေါက်

          ဒီနေ့စာအုပ်တန်းဘက်ရောက်ဖြစ်သည်။ စာအုပ်တန်းဆိုသော်လည်း စုံစုံလင်လင်တော့မဟုတ် နာမည်ကြီးစူပါမားကတ်တစ်ခု၏ စာအုပ်တန်းသာဖြစ်သည် ရောက်သွားသည့်အချိန်ကနေ့ခင်းဘက်မို့ လူသိပ်မရှိတာလားတော့မသိ ဘေးဘီလှည့်ပတ်ကြည့်လိုက်တော့ ခေတ်ဆန်ဆန်ကောင်မလေးတသိုက်က အလှကုန်ဘက်တန်းမှာ ပစ္စည်းတချို့ကိုအာရုံကျနေသည် ။ သီချင်းတန်းဘက်တွင် ဟစ်ဟော့စတိုင် ကောင်လေးနှစ်ယောက်သုံးယောက်နှင့် စုံတွဲတွေတွေ့ရသည် ။
          စာအုပ်တန်းကိုတာဝန်ယူရသည့် အရောင်းစာရေးမက ကျွန်တော့်ကိုယောင်၍ပင်လှည့်မကြည့် စာအုပ်တစ်အုပ်နှင့်ဇိမ်ကျနေသည် သူ့ပုံစံကြည့်ရသည်မှာ အရောင်းစာရေးမနှင့်ပင်မတူ အတော်လေး စိတ်အေးလက်အေးနိုင်လှသည်။ ဘေးနားကစက္ကူခွက်နှင့် ထည့်ထားသည့်ကော်ဖီကို တကျိုက်ကျိုက်လိုက် တခစ်ခစ်ရယ်လိုက်ဖြင့်အလုပ်များနေသည်။ ထိုကလေးမထံမှအာရုံခွာ၍ စာအုပ်တန်း ဘက်သို့ အာရုံစိုက်လိုက်သည်။ စာအုပ်တွေကို သုတစာပေ၊ ရသစာပေ၊ ကျမ်းမာရေးနှင့် ပညာရပ်ဆိုင်ရာများစသည်ဖြင့် ခွဲခြားထားသည်။ ထိုခေါင်းစဉ်တွေ အတွင်းမ၀င်သည့် စာအုပ်များကိုတော့ ဘယ်မှာထားလဲမသိ။ ရသစာပေတန်းတွင် ဆရာချစ်ဦးညို ၊ ဦးနု ၊မင်းလူ ၊ဂျူး စသည့်နာမည်ကျော် စာရေးဆရာများ၏ လက်ရာမွန်များအပြင် ခေတ်ပေါ်စာရေးဆရာတို့၏ လက်ရာအချို့ကိုလည်းတွေ့ရသည် ။ အများစုကတော့အကြိမ်ကြိမ် ရိုက်နှိပ်နေရသည့် စာရေးဆရာများ၏ ၀ထ္ထုကောင်းများသာဖြစ်သည် နောက်ပိုင်းထွက်တွေကတော့ စာအုပ်သားခပ်ပါးပါး ကာတွန်းပုံများနှင့် စာအုပ်တွေကသာများသည်။
          သုတစာပေဘက်တွင် မကြာသေးခင်နှစ်များက ဘာသာပြန်စာပေဆုရထားသော ဆရာတော်ကောင်းမင်း၏ စာအုပ်ကိုတွေရသည်။ ထိုစာအုပ်ကိုမြင်မှကျွန်တော်သတိရသည် ဟုတ်သားပဲ။ ဘာသာပြန်စာအုပ်တွေကို ဘယ်မှာထားတာပါလိမ့် သုတဘက်မှာလား  ၊ ရသဘက်မှာလား ကျွန်တော်လိုက်ရှာကြည့်မိသည်။ သီးသန့်ခွဲထားသည်ကိုတော့မတွေ့ရ။ စာအုပ်တစ်အုပ်နှင့်ငြိမ့်နေသော စာရေးမကိုအနှောက်ယှက်မပေးလို၍ လှည့်ပတ်ရှာကြည့်လိုက်သည် ဟောတွေ့ပါပြီဗျာ…. သုတစာပေတန်း၏ အပေါ်ဆုံးထပ်တွင် ဆရာမောင်ထွန်းသူ ၏ ရဲတိုက် ၊ဆရာမြသန်းတင့်၏ တက္ကသိုလ်နွေညများ ၊သုခမြို့တော် ၊နှစ်ဘ၀ စာအုပ်တွေကတကယ့်ကိုစာ အုပ်ကောင်းတွေ။ ယခင်ကဖက်ဖူးပြီးသားတွေဖြစ်ပေမယ့် နောက်ပိုင်းထုတ်ဝေသည့် စာအုပ်များကတော့ စာအုပ်အသားရောအဖုံးပါ ပိုကောင်းလာသည်။ ဆရာတို့အသက်အရွယ်အရ ဘာသာပြန်ခဲ့ကြသောစာအုပ် များမှာ ၁၉၆၀ နှင့် ၁၉၈၀ ကြားကာလ ၀ထ္ထုတွေကများသည်။ ဆရာကြီးဒဂုံရွှေမျှား ဘာသာပြန်သည့်ဝထ္ထုများဆို လျှင်ထိုထက်ပင်ရှေးကျသေးသည်။
          ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က ယခုစာအုပ်စင်ပေါ်တွင်တွေ့ရသော ဘာသာပြန် စာအုပ်များအပြင် ရှိရှိသမျှသောဘာသာပြန်စာအုပ်တွေကို မရမကလိုက်ရှာ၍ဖတ်ကြသည်။ ဘာသာပြန် စာအုပ်တွေမှာ ထိုစဉ်ကတည်းက ဈေးကြီးသည်။ ကျောင်းသားဘ၀ဖြစ်သဖြင့် ထွက်သမျှစာအုပ်တိုင်းတော့ ၀ယ်မဖတ်နိုင်။ ဘာသာပြန်တွေနှစ်ခြိုက်သူ ၀ါသနာတူတွေဆီမှ ကိုယ့်တွင်ရှိသည့် စာအုပ်ဖြင့် အလဲအလှယ်လုပ်ပြီး ဖတ်ကြသည်။ ရန်ကုန်ရှိ စာအုပ်ဆိုင်အများစုက ဘာသာပြန်တွေမှာ တန်ဖိုးကြီးပြီး ဖတ်သူနည်း၍ မကိုက်ကြသဖြင့် သိပ်မတင်ကြ။ ရှားပါးသောစာအုပ်များကို စာကြမ်းပိုး ဦးလေးတစ်ယောက်ဆီမှ မရမကငှားပြီး သူငယ်ချင်းတွေနှင့်လဲဖတ်ရသည်။ ဒီလိုဖြင့် ကျွန်တော်တို့ ကြီးပြင်းခဲ့ကြသည်။ ဘာသာပြန်စာအုပ်များဆီမှ စွန့်စားလိုစိတ်များ၊ တီထွင်ဖန်တီးလိုစိတ်များ၊ အနစ်နာခံလိုစိတ်များ၊ ကြိုးစားလိုစိတ်များကို ကျွန်တော်တို့ မိတ္တူကူးခဲ့ကြသည်။
          ထိုစဉ်က ဖတ်ခဲ့သော ဘာသာပြန်စာအုပ်များသည် ယခုအချိန်အထိ စာအုပ်တန်းတွင် ရှိနေဆဲ။ ဘာသာပြန်စာပေ အမျိုးအစားအတွက် ရပ်တည်ပေးနေဆဲ။ အကြိမ်ကြိမ်ရိုက်နှိပ်နေရဆဲပင်ဖြစ်သည်။ သူတို့နေရာ ကိုပိုမိုစည်ပင်လာအောင် ရပ်တည်ပေးမည့် ဘာသာပြန် လူသစ်များကတော့ အတော်လေးနည်း သွားသည်ကိုတွေ့ရသည်။ ကျွန်တော်တို့ကို ကမ္ဘာကြီး၏ နှလုံးသားများနှင့် မိတ်ဆက်ပေးမည့် ဘာသာပြန်စာရေးဆရာသစ်များကို ကျွန်တော်တို့လို ဘာသာပြန်ချစ်သူတွေ မျှော်လင့်နေခဲ့ရသည်မှာ ဆယ်စုနှစ်တခုနီးပါးပင် ရှိခဲ့ပြီ။ သုတ၊ ရသ၊ အချစ်၊ သည်းထိတ်ရင်ဖို၊ စွန့်စားခန်း၊ အနုပညာ၊ ကြီးပွားတိုးတက်ရေး၊ အထ္တုပတ္တိ စသည့် ဘာသာပြန်စာအုပ်ကောင်းတွေကို တမ်းတမိသဖြင့် စာအုပ်တန်းရောက်တိုင်း ဘာသာပြန်ကဏ္ဍကို မဖြစ်မနေ သွားကြည့်ဖြစ်သည်။ တကယ်တမ်းတော့ ဘာသာပြန်စာပေ တခုတည်းမဟုတ် တခြားစာပေ အမျိုးအစားများတွင်လည်း အရည်အသွေးပြည့်ဝသည့် စာရေးဆရာကောင်းများ နည်းသွားသည်ကို စိတ်မကောင်းစွာတွေ့ရသည်။
          မည်သည့် စာပေ အမျိုးအစားမဆို ယူတတ်လျှင်တော့ ကိုယ့်အတွက် ကျန်သည်သာပင်။ သည်လိုစာအုပ်တွေ၏ လမ်းညွန်ချက်တွေကြောင့် ကျွန်တော်တို့ ဘ၀နေနည်းတွေ၊ ယုံကြည်ခံယူချက်တွေ တိုးတက်ပြောင်းလဲခဲ့ရသည်။ စိတ်ထဲတွင်တော့ စာအုပ်ကောင်းဆိုလျှင် အသာငမ်းငမ်း တောင့်တနေဆဲပင်။ အဘဲ့ကြောင့် စာအုပ်ကောင်းတွေ နည်းသွားရသနည်း။ အဖြေမရှိသော မေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေးနေမိသည်။ သေချာတာတခုကတော့ လူငယ်တွေစာဖတ်နည်းလာသည်။ စာဖတ်ခြင်းထက် ပိုမိုဆွဲဆောင်အားကောင်းသည့် မီဒီယာတွေကြောင့်လား၊ သူတို့ကိုယ်တိုင်ကပင် စာမဖတ်ခြင်တော့၍လား ကျွန်တော်သေချာမသိ။ ကျွန်တော်တို့ထက် တိုးတက်ခမ်းနားလာသော ပညာရပ်များကို နေ့မအားညမနားလေ့လာနေရ၍ စာမဖတ်နိုင်တာမျိုးလည်း ဖြစ်နိုင်သေးသည်။ ဇွတ်တရွတ် ကောက်ချက်ဆွဲ၍မရ။  သေချာတာတခုကတော့ ဒီနေ့ကျွန်တော်စာအုပ်မ၀ယ်ဖြစ်။ ဖတ်ပြီးသား စာအုပ်လေးတွေကိုသာ ပွတ်သပ်ပြီးပြန်တော့မည်။  အရောင်းစာရေးမ၏ ခိုးခိုးခစ်ခစ်ရယ်သံက ကျွန်တော့်ကို လှောင်ပြောင်နေသယောင်ယောင်။

  

0 comments:

Post a Comment