RSS
Facebook
Twitter

Tuesday, January 24, 2012

ဆောင်းရာသီမုန်တိုင်းများ

          ရာသီဥတုက ဇန်န၀ါရီလဆိုသော်လည်း ဒီဇင်ဘာထက်အချမ်းပိုသည်။ ရန်ကုန်တမြို့ထည်းမဟုတ် နေရာအတော်များများ အအေးပိုသည်ဟု သတင်းစာထဲမှာဖတ်ရသည်။ မိုးလေ၀သကတော့ တိမ်စိုင်များကြောင့်ဟုဆိုသည်။ ဘာပဲဖြစ်ဖြစ်နေလို့ကောင်းနေတာတော့အမှန်။ တနေ့လုံး ချွေးမထွက်ပဲ အေးအေးလေးနေရသည့်အရသာကို သူကြိုက်သည်။ နောက်တခုကတော့ ညနေဘက် ချမ်းချမ်းစီးစီး ယာမကာ လေးဘာလေးမှီဝဲလို့ကောင်းသည်။ အပြင်ကအေးနေသော်လည်း အတွင်းကပူနေသည့်အရသာကို သူကြိုက်သည်။ ရှမ်းပြည်မှာနေခဲ့စဉ်ကဆိုလျှင် ညနေအလုပ်ပြီးလျှင် အားကစားတခုခုလုပ်ပြီး ရေချိုးသည်။ ပြီှးလျှင် အကင်ဆိုင်တွင် စတားကိုလာလို ပုလင်းမျိုးဖြင့်ထဲ့ထားသည် ဆန်အရက်တပိုင်းလောက်တော့ အမြည်းကောင်းကောင်းနှင့် နေ့တိုင်းနီးပါးသောက်လေ့ရှိသည်။ နေ့တိုင်းနီးပါးသောက်သော်လည်း သူအရက်သမားမဟုတ်။ အရက်မသောက်ပဲလည်း သုံးလေးငါးရက် နေနိုင်သည်။ သောက်ပြီးလျှင်လည်းအလုပ်မပျက်။ မိုးလင်းကတည်း ကအရက်နှင့်မျက်နှာသစ်သည့် မောနင်းပက်သမားမျိုး၊ အမြည်းမစားပဲ `ဂွတ်´သည့်လူမျိုး၊ အရက်မသောက်ရလျှင် လက်တုန်ခြေတုန်ဟာတာတာဖြစ်သည့် လူစားမျိုးကိုမှ သူက အရက်သမားဟု သတ်မှတ်သည်။ သို့သော် မသောက်မစားလူမျိုးတွေများသည့် မိန်းမဘက်မှအသိုင်းအ၀ိုင်းကတော့ သူ့ကို အရက်သမားဟု သမုတ်သည်။ သူ့မိန်းမ အသိုင်းအ၀ိုင်းတွင် အရက်သောက်တတ်ပြီဆိုတာနှင့် အရက်သမားရာထူးကို တန်းရသည်။
          နယ်မှရန်ကုန်ရောက်ပြီးကတည်းက အပေါင်းအသင်းတွေနှင့် ကောင်းကောင်းမဆုံရသေး။ သူ့အလုပ် ကိုယ့်အလုပ်တွေရှုပ်နေတာကတကြောင်း၊ ငွေရေးကြေးရေးချိုးခြံချွေတာနေရသည်က တကြောင်း စသည့် အကြောင်းကြောင်းကြောင့် နယ်မှာလို အရက်ပုံမှန်မသောက်ဖြစ်တော့။ သူက အရက်သောက်ရသည့် ရည်ရွယ်ချက်ကို အကြမ်းဖျဉ်း နှစ်မျိုးသာခွဲထားသည်။ တမျိုးက အထီးကျန်မှုကိုဖြေဖျောက်ရန် တကိုယ်ရည်တကာယ ယာမကာမှီဝဲခြင်း။ ဒါမျိုးက နယ်ရောက်သွားချိန် စကားပြောဖော်မရှိချိန်တွင် အလွန်အဆင်ပြေသည်။ တယောက်ထည်းသောက်ပြီးခပ်ထွေထွေဖြစ်နေချိန် သီချင်းလေးဘာလေး နားထောင်ပြီး အိပ်ယာဝင်မည်။ နောက်တမျိုးကတော့ သူငယ်ချင်းများနှင့် ဆုံကာ ရှေးဟောင်းနှောင်းဖြစ်များ စားမြုံပြန်ခြင်း ၊ လက်တလောအကြောင်းခြင်းရာများကို ငြင်းခုံရင်း သောက်သည့်ပွဲမျိုး။ ဒါမျိုးကတော့ မြို့ရောက်နေချိန်တွင် မကြာခဏကြုံရတတ်သည်။ တယောက်ယောက် မင်္ဂလာဆောင်တာမျိုး၊ အပြောင်းအရွေ့ပါတာမျိုး၊ စာမေးပွဲကျတာမျိုး စသည်ဖြင့် အကြောင်းပြချက်အမျိုးမျိုးဖြင့်ဆုံတတ်ကြသည်။ သည်ရက်ပိုင်းတွေတော့ ဒီလိုပွဲမျိုး သိပ်မတွေ့တော့။ လကုန်ခါနီးလေလေ ဆုံတာနည်းလာလေလေဖြစ်သည်။ လူပျိုဘ၀က အမြဲတမ်းဆုံနေကြကောင်တွေလည်း အိမ်ထောင်တွေဘာတွေကျကုန်တော့ ခြေငြိမ်ကုန်သည်။ သူအတွက်တော့ မိန်းမရပြီးကတည်းက နေဖို့စားဖို့ကြံစည်နေရသည်နှင့် လူပျိုဆောင်ဘက်ကိုပင် ခြေဦးမလှည့်ဖြစ်။ ယခုတော့ အဆောင်ကို သွားရမည့်အကြောင်းကပေါ်လာသည်။ လက်ရှိနေသည့် ကျောက်မြောင်းက တိုက်ခန်းက စာချုပ်ပြည့်တော့မည်။ စပေါ်မပေးရသော်လည်း လခသင့်တင့်သဖြင့် ငှားခဲ့ခြင်း ဖြစ်သော်လည်း အိမ်ရှင်က ဆက်မငှားလိုတော့ဟိုဆိုလာသည်။ ထို့ကြောင့် လကုန်လျှင် ပြောင်းပေး ပါမည်ဟုကတိပေးလိုက်ရသည်။ ကတိသာပေးလိုက်ရသည် တကယ်တမ်းကျတော့ ဘယ်ပြောင်းပေးရမှန်းမသိ။ ပိုက်ဆံလည်းလက်ထဲမှာ များများစားစားမရှိ။ သည်ကြားထဲ မိန်းမက ကိုယ်ဝန်နေပြီ ဖြစ်သဖြင့် စိတ်မဆင်းရဲစေချင်။ ထို့ကြောင့် အဆောင်နေဘော်ဒါများထံ ငွေရရ အကြံရရ သဘောဖြင့်ထွက်လာခဲ့ခြင်းဖြစ်သည်။ လက်ထဲတွင်တော့ ငါးရာတန်တရွက် နှင့် နှစ်ရာတန် နှစ်ရွက်သာထည့်လာခဲ့သည်။
          အဆောင်ရောက်တော့ ညနေမိုးချုပ်နေပြီ။ ရာသီဥတုကတော့ အတော်လေးအေးနေပြီဖြစ်သော်လည်း သူ့တွင် အနွေးထည်မပါခဲ့။ မြိုထဲတွင် သိပ်မအေးသော်လည်း မင်္ဂလာဒုံဘက်တွင်တော့ အအေးပိုသည်။ လာသာလာရသည် သိပ်တော့အားမရှိလှ။ လကုန်ခါနီးဖြစ်သောကြောင့် ဒီကောင်တွေထံတွင်လည်း သိပ်များများ စားစားမရှိနိုင်။ လူပျိုတွေက သူ့ထက်ပင် အသုံးကြမ်းသေးသည်။ ဘာပဲပြောပြော တကယ်တမ်း ဖြစ်လာလျှင်လည်း အကူအညီတောင်းရန် ဒီကောင်တွေသာရှိသည်။ ပိုက်ဆံမရတောင်မှာ မြို့ထဲရှိ ပေါချောင်ကောင်းတိုက်ခန်းလေးတခုလောက်တော့ လမ်းညွန်ပေးနိုင်သေးသည်။ ထိုင်နေကျ ကန်တင်းကို မျက်လုံးဝေ့၀ဲကြည့်လိုက်တော့ ဘော်ဒါအရင်း တယောက်မှမတွေ့။ ချယ်(လ)ဆီးဘောပွဲကြောင့်  ၀ိုင်းအတော်များများက ပြည့်နေကြသည်။ တီဗွီနှင့်ခပ်လှမ်းလှမ်း တ၀ိုင်းတော့လွတ်နေသေးသည်။ စားပွဲကို ၀င်ထိုင်ရင်း လူစောင့်ဦးမည့်ဟန်ဖြင့် စားပွဲထိုးမှလေးက နောက်မှဟုလှမ်းပြောလိုက်သည်။ တကယ်တမ်း မည်သူမျှမတွေ့လျှင် အပြန်လမ်းစရိတ်ချန်ရဦးမည်။ အိပ်ကပ်ထဲမှ ငါးသိန်းတန်ဖုန်းကိုထုတ်ပြီး အဆောင်တွင် ရှိနိုင်သည့်သူများထံ miss call ထိုင်ပေးနေလိုက်သည်။ ဖုန်းခကလည်း သိပ်မကျန်တော့။ မိန်းမရပြီး ဖုန်းသိပ်မပြောဖြစ်သောလည်း တလောက ယောက္ခမနေမကောင်းဖြစ်သည့်အတွက် ဆေးခန်းပြဖို့ကိစ္စ ဖုန်းတော်တော်လေးပြောလိုက်သဖြင့် လက်ကျန်ငွေက ၉၅ ကျပ်သာကျန်တော့သည်။ အရေးအကြောင်း ဖုန်းခေါ်ဖို့တော့ ချန်ထားရအုံးမည်။
          ကံကောင်းထောက်မစွာပင် Miss call ပေးထားသူ ဘော်ဒါငါးယောက်ထဲမှတယောက်က ဖုန်းပြန်ခေါ်သည်။ တဖက်မှအသံကို ကောင်းကောင်းမကြားရ။
`ဟယ်လို .... အေး ...ဟေ့ကောင်ကြားရလား...မင်းဘယ်ရောက်နေလဲ´
`အေး.... ပြောင်ကြီးလား.... ငါ..အိုင်စီရှိုးပွဲရောက်နေတယ် ...ပြော..ဘာရှိလို့လဲ´ သူအတော်လေး စိတ်ပျက်သွားသည်။ စကားကိုမြန်မြန်ဖြတ်လိုက်ပြီး ဖုန်းချလိုက်သည်။ သည်ကောင်က အိုင်စီရှိုးပွဲသွားကြည့်ရအောင် ပိုက်ဆံအတော်ပေါနေပါလားဟု မှတ်ချက်ချမိသည်။ သူပိုက်ဆံနှင့်သူ သွားတာတော့ မဖြစ်နိုင်။ ကြောင်တကောင်လောက်တော့ ပါရမည်ဟုလည်းတွေးဖြစ်သည်။ သိပ်မကြာခင် နောက်တယောက်ဖုန်းပြန်ခေါ်သည်။ ဒီကောင်ကတော့ အဆောင်မြဲသည်။ အသောက်အစားကင်းသည့် အပြင် ဆေးခန်းလေးကလည်း ၀င်ငွေကောင်းသောကြောင့် ကျွန်တော့်အကြံအစည် အထမြောက်နိုင်သည်။
`အေး .... မျိုးဇော်... မင်းအဆောင်မှာလား´ ကျွန်တော်က စိတ်မရှည်စွာ တည့်မေးချလိုက်သည်။
`မဟုတ်ဘူးကွ..... ဆေးခန်းက အခုမှပြန်လာတာ ... အဆောင်တော့ရောက်တော့မယ်´ ဒီကောင့်ဆေးခန်းက ရွှေပြည်သာမှာရှိသည်။ တနေ့လျှင် အနည်းဆုံး လူနာငါးယောက်မှ ဆယ်ယောက်ခန့် ပုံမှန်ရှိသည်။ အပြောအဟောကောင်းသည့်အပြင် တရုတ်ဆေးမသုံးသောကြောင့် လူနာများကြိုက်ကြသည်။
`အေးကွာ ... ငါ..အဆောင်ရောက်နေလို့ ... မင်းပြန်လာရင်... ငါဒေါ်ဝတုတ်ဆိုင်က စောင့်နေမယ်´ ဟိုဘက်က `အေး..အေး´ နှစ်ခွန်းသာပြောပြီးဖုန်းချသွားသည်။
 ဒေါ်ဝတုတ်ဆိုင်က သူလူပျိုကတည်းက စားနေကြဆိုင်။ ဟင်းအမျိုးစုံပြီး တရုတ်ဟင်းပါရသောကြောင့် လူဝင်များသည်။ ဆိုင်၏ ထူးခြားချက်တခုမှာ စားပွဲထိုးကို အမျိုးသမီးငယ်လေးများသာခန့်ခြင်းဖြစ်သည်။ အမျိုးသမီးငယ်များဆိုလို့ ရန်ကုန်သူတွေမဟုတ်။ ရိုးရိုးယဉ်ယဉ်ဝတ်စားထားသည့် နယ်ဘက်မှအမျိုးသမီးများဖြစ်ဟန်တူသည်။ စိတ်ရှည်ပြီး မှာသမျှကို မညဉ်းမညူလုပ်ပေးတတ်သည်။ ယောကျာင်္းလေးအဆောင်ဖြစ်သော်လည်း ကိုယ်နူတ်အမူအယာ ယဉ်ကျေးသောကြောင့် ဘာပြဿနာမျှမရှိ။
သိပ်ကြာကြာမစောင့်လိုက်ရ သကောင့်သားက အထုပ်တထုပ်ဆွဲပြီးပေါက်ချလာသည်။
`ဘာမှမှာမထားဘူးလား´ ရေနွေးအိုးတလုံးသာရှိသည့် သူ့စားပွဲကိုကြည့်၍မေးခြင်းဖြစ်သည်။
`မမှာသေးပါဘူးကွာ ... ဗိုက်လဲသိပ်မဆာသေးတာနဲ့´
`မင်းက ... ထူးထူးဆန်းဆန်း .. အဆောင်ကိုဘာလာလုပ်တာတုန်း´ ဟုတ်လဲဟုတ်သည်။ သူအဆောင်ဘက်ကို ခြေဦးမလှည့်ဖြစ်သည်မှာ သုံးလခန့်ပင်ရှိတော့မည်။
`ဒီလိုပါပဲကွာ .. ဘာရယ်တော့မဟုတ်ပါဘူး။ မင်းတို့နဲ့လည်းမတွေ့တာကြာလို့... နောက်ပြီး ကိစ္စလေးတခုလည်းရှိလို့´
သူ့အခက်အခဲကို တည့်တိုးပြောချလိုက်လို့မဖြစ်။ စကားရှိန်ရလာပြီးသာကြောင်းနာကြောင်းမေးမှ ပြောချလိုက်မည်ဟု စိတ်ကူးထားသည်။
`မင်း ... ဆေးခန်းရောအဆင်ပြေလား´
`အေး ... ဒီလိုပါပဲကွာ .. မှန်တန်းပဲ´
ပြောပြောဆိုဆို မျိုးဇော်က စားပွဲထိုးမလေးကိုခေါ်ပြီး ကြက်ခြောက်စပ်တပွဲ၊ ကန်စွန်းပလိန်းတပွဲ မှာလိုက်သည်။ ဆေးခန်းကအပြန် ဗိုက်ဆာလာသည်ထင်သည်။
`မင်းအရက်သောက်မလား´ မျိုးဇော်က စမေးလိုက်တော့ သူအံသြသွားသည်။ ကျောင်းတုန်းကတည်းက အသောက်အစားလုံးဝမရှိသော မျိုးဇော်မျက်နှာပေးကတည်ငြိမ်လှသည်။
`ဘာတုန်း .. မင်းတိုက်မလို့လား´
`အေး .. ငါ`၀ီ´ တတောင့်ဝယ်လာတယ်... အခန်းထဲမှာ ချမလို့´
`နေပါအုန်း ... မင်းဘယ်တုန်းက အရက်တွေဘာတွေသောက်နေတာတုန်း´
`အရင်တုန်းက မသောက်ပါဘူး.... ဒီနေ့မှသောက်မလို့ကွ´
မျိုးဇော်မျက်နှာက အနည်းငယ်သုန်မှုန်နေသည်။ သူသိသလောက် ဒီကောင့်ထံတွင် စိတ်ညစ်စရာ သိပ်များများမရှိ။ အဖေက ၀င်ငွေကောင်းသော သဘောင်္သားတယောက်... အမေနှင့်သူ့ညီက နယ်တွင် စတိုးဆိုင်လေးဖွင့်ထားသည်။ မျိုးဇော်ရည်းစား မီမီနိုင်ကလည်း လေကြောင်းလိုင်းတခုတွင် စီမံခန့်ခွဲမှု ရာထူးတခုရထားသည့် ရည်မွန်သော အမျိုးသမီးတယောက်။ သင်္ကြန်အပြီး လက်ထပ်ကြတော့မည်ဟု တခါကပြောဘူးသည်။
`မင်းက ဘာတွေစိတ်ညစ်နေတာလဲ´ သူက တည့်ပဲမေးချလိုက်သည်။
`အင်း .... ပြောရရင်တော့အရှည်ကြီးပဲကွာ... ငါလည်း မင်းတို့ပဲရင်ဖွင့်စရာရှိတာပါ။ ဒီလိုလုပ်ကွာ .. အခန်းထဲမှာလည်း ခွက်ရှာရမှာနဲ့ ရေခပ်ရမှာနဲ့ အလုပ်ရှုပ်တယ်။ ဒီဆိုင်မှာပဲ လျှိုတိတ်လေး ချရအောင်ကွာ´
`ဟေ့ကောင်ဖြစ်ပါ့မလားကွ ... ဒီဆိုင်ကထမင်းဆိုင်ကြီးပဲ .. ပြီးတော့ အရက်မရောင်းပါဆိုတဲ့ ဆိုင်းဘုတ်ကြီးလဲချိတ်ထားသေးတယ်´
`ဘာဖြစ်လဲကွာ..... ဒီဆိုင်ကအရက်မရောင်းပါလို့ပဲရေးထားတာ... `အရက်မသောက်ရ´ လို့ရေးထားတာမှ မဟုတ်တာ... ပုလင်းလေးအောက်ချပြီးဆွဲရင် မသိသာပါဘူးဟ´
မျိုးဇော်က ကျောင်းမှာကတည်းက ထိုကဲ့သို တဇွတ်ထိုးအကျင့်လေးတော့ရှိသည်။ သူ့လာရင်းကိစ္စအောင်မြင်ရန် မျိုးဇော်ရင်ဖွင့်သံကိုတော့ နားထောင်ပေးရပေမည်ဟု  စိတ်ဒုံးဒုံးချကာ ရေနွေးခွက်ငယ်လေးထဲသို့ငှဲ့ထားသည့် အရက်ကို ကောက်မော့လိုက်သည်။
`ပြောစမ်းပါအုန်း .... မင်းဘာတွေဖြစ်နေလဲဆိုတာ´
မျိုးဇော်က အရက်ကို ရှုံ့မဲသောမျက်နှာဖြင့် မော့ချလိုက်ပြီး သူ့အကြောင်းတွေကို ပြောပြတော့သည်။ ပြဿနာအရင်းခံက သူ့အမေ။ နယ်မှာစတိုးဆိုင်လေးဖွင့်ထားသောသူ့အမေက စီးပွားရေးတိုးချဲ့လိုသည်။ လူရင်းတယောက်ကို ငွေပေးပြီး ထိုင်းပစ္စည်းတွေဆွဲခိုင်းသည်။ လူရင်းက တခေါက်လောက် ယုံကြည်အောင် လုပ်ပြပြီး နောက်တခေါက်ကြတော့ ငွေအချီကြီးဘတ်ပြီးပေါ်မလာတော့။ သူ့အဖေသိမှာစိုးသောကြောင့် ကြံမိကြံရာကြံရင်း နောက်ဆုံးတော့ နှစ်လုံးထီဘက်ရောက်သွားသည်။ တသက်လုံးရှာထားသမျှတွေကုန်ရုံသာ မက အိမ်နှင့်ခြံပါရောင်းလိုက်ရသဖြင့် လူက အိပ်ယာထဲဘုန်းဘုန်းလဲတော့သည်။ သည်ကြားထဲ သူ့ညီကောင်မလေးက ကိုယ်ဝန်ရှိနေသဖြင့် ကောင်မလေးမိဘတွေက အတင်းလက်ထပ်ခိုင်းနေသည်။ ဒီကိစ္စတွေ သဘောင်္တက်နေသောသူ့အဖေကို အသိမပေးရသေး။ သူ့ရည်းစား မိဘတွေကလည်း ထုံးတမ်းအစဉ်အလာအရ တင့်တောင့်တင့်တယ် တင်တောင်း၍ ခမ်းခမ်းနားနား မင်္ဂလာဆောင်ပေးစေလိုသည်။ မျိုးဇော်အမေဘက်ကလည်း ငွေဂုဏ်ရှိသဖြင့် ကောင်မလေး မိဘတွေကို မစားရ၀ခမန်းဂတိတွေပေးထားသည်။ သည်အချိန်မှာမျိုးဇော်တယောက် ခြေမကိုင်မိလက်မကိုင်မိဖြစ်တော့ သည်။ သူ့အဖေကိုလည်း ဒီအကြောင်းတွေ မပြောရဲသလို မီမီနိုင့်မိဘတွေဘက်ကိုလည်း အသိမပေးလိုသေး။
`လောလောဆယ်....ပြဿနာက ငါ့ညီကို မင်္ဂလာဆောင်ပေးဖို့ကွ။ သူ့ကောင်မလေး မိဘတွေက အဲဒီကိစ္စကို အမြန်ဆုံးဖြစ်စေခြင်နေတယ်ကွာ... အဲဒါကြောင့် ဆေးခန်းကအပြန် ဆွဲကြိုးဝင်ရောင်းလာတာ .. လေးသိန်းပဲပေးတယ်ကွာ´
မျိုးဇော်လေသံက အတော်လေး လုံးထွေးနေသည်။ အရက်ပုလင်းက လက်တလုံးခန့်သာကျန်တော့် သော်လည်း သူ မမူးနိုင်သေး။ မျိုးဇော်အစားရင်လေးမိသည် သော်လည်းနှစ်သိမ့်ရန်စကားသူ့ထံတွင်မရှိပါ။ မျိုးဇော်ကို အခန်းထဲလိုက်ပို့ပြီး အပြန်တွင် သူ့စိတ်ထဲအတော်လေး ပေါ့ပါးနေသည်။ သူ မျိုးဇော်လောက် အခြေအနေမဆိုးသေး။ လကုန်ရန် တပါတ်ခန့်လိုသေးသည်။ သည်ကြားထဲတွင် အပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်သေးသည်။ အရက်ရှိန်ကြောင့် မင်္ဂလာဒုံအအေးဒဏ်ကို သတိမထားမိ။ အပြန်လမ်းတွင်တော့ ၅၀ တန် ဘတ်(စ်)ကားကိုသာ ရွေးချယ်လိုက်တော့သည်။



0 comments:

Post a Comment