တက္ကသိုလ်များ၏ နောက်ဆက်တွဲ စာမေးပွဲ လာမည့် ပညာသင်နှစ်တွင် ရပ်ဆိုင်းမည်
By Popular News
တက္ကသိုလ်များ၏ နောက်ဆက်တွဲ စာမေးပွဲများ ရပ်ဆိုင်းခြင်းနှင့်
ဘွဲ့ကြိုသင်ကြားရေးကာလ နှစ်ပိုသင်ခြင်းများကို လာမည့် ပညာသင်နှစ်တွင်
ပြုလုပ်သွားရန် ရှိသည်ဟု ပညာရေး ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် တစ်ဦးက
ပြောသည်။ “ဒီနှစ်တော့ မဟုတ်သေးဘူး။ လာမယ့်နှစ်လောက်တော့ ဒီအစီအစဉ်ကို
လုပ်ဖြစ်လိမ့်မယ်” ဟု ၎င်းက ပြောသည်။ ယင်းကဲ့သို့ ပညာရေး ဝန်ကြီးဌာနမှ
ဆောင်ရွက်ရန် အစီအစဉ် ရှိခြင်းမှာ ဘွဲ့ရများထဲတွင် အရည်အသွေး
မပြည့်ဝသည့်သူများ အမြောက်အမြား ပါဝင်နေခြင်းကြောင့် ဖြစ်ပြီး ယင်းမှာ
အကြိမ်ကြိမ် ပြုလုပ်သည့် ပညာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများမှ
ထွက်ပေါ်လာသည့် ရလဒ်များအရ ဖြစ်ကြောင်း သိရသည်။ လက်ရှိ တက္ကသိုလ်၊ ကောလိပ်
အသီးသီးတို့မှ တစ်နှစ်လျှင် ဘွဲ့ရတစ်သိန်းကျော်ခန့် ထွက်ပေါ်နေရာ တချို့သော
ဘွဲ့ရများသာလျှင် ပုံမှန်အရည်အချင်း ပြည့်ဝမှုရှိပြီး အများစုမှာ အရည်အသွေး
မပြည့်ဝကြောင်း၊ ၎င်းမှာ လွန်ခဲ့သည့် ဆယ်စုနှစ် ဘွဲ့ရများနှင့် နှိုင်းယှဉ်သည့်
ပညာရေး စစ်တမ်းများအရ ဖြစ်ကြောင်း သိရသည်။ ၁၉၆၄ ခုနှစ်က ဝိဇ္ဇာ/သိပ္ပံ
တက္ကသိုလ်များ အပါအဝင် အခြားသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ပညာသင်နှစ်မှာ
အနည်းဆုံး ၄ နှစ်ရှိရာမှ အစိုးရအဆက်ဆက် ပြောင်းလဲမှုအပေါ် လိုက်ကာ အနည်းဆုံး
၃ နှစ် ဖြစ်သွားကြောင်း ပညာရေးဆိုင်ရာ မှတ်တမ်းများအရ သိရသည်။
ပညာရေး ဝန်ကြီးဌာန၌ လက်ရှိအကြံပေးအဖြစ် ဆောင်ရွက်နေသူ အငြိမ်းစား
ပါမောက္ခချုပ် ဒေါက်တာထွန်းခင်က “အခု ၃ နှစ်က အဓိက ဘာသာရပ်တွေ
သင်ကြားတဲ့အခါမှာ အချိန်လုံလောက်မှု မရှိတာတော့ အမှန်ပဲ။ ဒီတော့
အချိန်လုံလောက်အောင် ဖြတ်သင့်တာဖြတ်၊ ချန်သင့်တာချန်နဲ့ လုပ်ရတော့
ကျောင်းသားအနေနဲ့ အပြည့်အဝ မတတ်မြောက်တော့ဘူးပေါ့။ အခု ၄ နှစ်ဆိုရင်
လုံလောက်သွားပြီ။ ဒါမှလည်း ဘွဲ့ရတစ်ယောက် အနေနဲ့ ပညာကို ထိုက်ထိုက်တန်တန်
ရရှိသွားနိုင်ပါမယ်” ဟု ပြောသည်။ နောက်ဆက်တွဲ စာမေးပွဲများ
ရပ်ဆိုင်းလိုက်ခြင်းကြောင့်လည်း ကျောင်းသားများ အနေဖြင့် ပေါ့ပေါ့ဆဆ
မနေတော့ဘဲ အပတ်တကုတ် ကြိုးစားခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံတကာ
ပညာရေး အတိုင်ပင်ခံ ဒေါက်တာနေဝင်းနိုင်က သုံးသပ်သည်။ “နောက်ဆက်တွဲ စာမေးပွဲ
ရှိနေတာပဲကွာ။ ဘာဖြစ်သေးလဲ။ အချိန်တန်တော့ အောင်မှာပေါ့ ဆိုတဲ့သူတွေ
များလာလေလေ ဘွဲ့ရပြီး ဘာမှမတတ်တဲ့သူတွေ များလေလေပဲ။ အပြင်မှာလည်း
လက်တွေ့တွေ ရှိနေပါတယ်။ ဓာတုဗေဒနဲ့ ပြီးပြီး ရေကို H2O လောက်ပဲ
သိတယ်။ ကျန်တာဘာတစ်ခုမှ မသိမတတ်တဲ့ သူတွေ အများကြီးပဲ” ဟု ၎င်းက ထပ်မံပြောသည်။
လက်ရှိ တက္ကသိုလ် ပညာရေး၏ အခြေအနေကို အဖြေဆက်လက် ရှာဖွေရာတွင် ငြင်းပယ်ရန်
ခက်ခဲလှသည့် အဓိက အချက်အလက်များကို တွေ့ရှိခဲ့ရပြီး ထိုအထဲတွင် ဆရာ/မနှင့်
ကျောင်းသားအချိုး မညီမျှမှုများ၊ သုတေသနလုပ်ငန်း ဆောင်ရွက်ရာတွင်
ဆရာ/မများအား မှီခိုမှု အားကြီးခြင်း၊ ၃ နှစ်အတွင်း မဟာဘွဲ့နှစ်ခု
ပေးခြင်းနှင့် ကျူရှင်ပေးစနစ်များ ရှိနေခြင်းတို့ ပါဝင်နေကြောင်း သိရသည်။
အထက်ပါ အချက်အလက်များမှာ မရှိမဖြစ် လိုအပ်နေသော်လည်း ခေတ်မီသည့်
ပြဋ္ဌာန်းချက်ကို အဓိကထားကာ အရင်ပြဋ္ဌာန်းရန် လိုအပ်ပြီး၊ ပြီးမှ ဆရာ/မများ၏
အရည်အသွေးကို ထပ်မံကာ မြှင့်တင်မှသာ အခြေခိုင်မည် ဖြစ်ကြောင်း
သင်ကြားရေးဆိုင်ရာ ဒေါက်တာတစ်ဦးက ထောက်ပြသည်။ “အခြေခံကနေ စပြင်မှဖြစ်မှာ။
တက္ကသိုလ်တွေရဲ့ ပြဋ္ဌာန်းချက် အချို့တွေက ဆယ်စုနှစ် ၃ စုလောက်တောင်
ကြာနေတာမျိုးတွေ ရှိနေတယ်။ ဝေးဝေး မကြည့်နဲ့။ အခု တက္ကသိုလ် ဝင်တန်းမှာ
သင်နေတဲ့ နယူတန်ရဲ့ နိယာမဆိုရင် ဒီနေ့ နိုင်ငံတကာမှာ ၇ တန်း အဆင့်မှာပဲ
သင်တော့တယ်” ဟု ၎င်းက ထပ်မံဆိုသည်။ ထို့အပြင် သင်ထောက်ကူ ပစ္စည်းများ အပြည့်အဝ
အသုံးချမှုပါ အားနည်းနေပြီး ယင်းကြောင့် လက်တွေ့ပိုင်း မကျွမ်းကျင်မှုများကို
ကြုံတွေ့နေရသည်ဟု ပညာရေး လေ့လာနေသူ တစ်ဦးက ထပ်လောင်းဆိုသည်။
မြန်မာနိုင်ငံ ရေကြောင်း အင်ဂျင်နီယာ အသင်းဥက္ကဋ္ဌ ဦးရဲမြင့်ဖေက “ကျွန်တော်
စင်ကာပူမှာ ရှိတုန်းက မြန်မာရေကြောင်း အင်ဂျင်နီယာတွေကို အင်တာဗျူး
လုပ်ဖူးတယ်။ အသုံးပြုနေကျ ဖြစ်တဲ့ ကိရိယာကို ပြပြီးမေးတာတောင်
မဖြေနိုင်ဘူး။ လက်တွေ့ပိုင်းမှာ တကယ် အားနည်းနေတာက အမှန်ပဲ” ဟု ပြောသည်။
တက္ကသိုလ် ကျောင်းသားများ အနေဖြင့် လက်တွေ့ပိုင်းအား အပြည့်အဝ
ဆောင်ရွက်စေခြင်းမျိုးကို အားပေးရမည် ဖြစ်ပြီး ဆောင်ရွက် နိုင်အောင်လည်း
နိုင်ငံတော်က ဖြည်ဆည်းရန်ပါ လိုမည်ဟု ပညာရေး သုတေသီတစ်ဦးက
ထောက်ပြကြသေးသည်။ လက်ရှိအစိုးရသစ်၏ ပညာရေး ပေါ်လစီမှာ မြန်မြန်ဆန်ဆန်
ပြောင်းလဲ လိုခြင်းမျိုးသို့ ဦးတည်နေပြီး ကျောင်းသားများဘက်ကပါ
လိုက်နိုင်ဖို့ လိုကြောင်း၊ သာမန် ကြိုးစားအားထုတ်မှုမျိုးဖြင့်တော့
ဘွဲ့ရတစ်ယောက် ဖြစ်ရန် ခက်ခဲသွားစေနိုင်ကြောင်း ပညာရေး သုတေသီတို့က
ထင်မြင်ချက်ပေးသည်။ ယခုနှစ် စံချိန်တင် အကျများခဲ့သည့် နည်းပညာတက္ကသိုလ်
(သန်လျင်)မှ B.E ကျောင်းသား တစ်ဦးက “ဘွဲ့တစ်ခုရဖို့ မလွယ်တော့တဲ့
ပုံစံရောက်သွားဖို့ ရှိမယ်လို့ ထင်တယ်။ ဒါပေမဲ့ ကြိုပြောစေချင်တယ်။ ဒီပုံစံ
သွားမယ်ပေါ့။ ဒါဆို ကျွန်တော်တို့လည်း မပေါ့တော့ဘဲ ဖိဖိစီးစီး လုပ်မယ်။
မပြောမဆိုဘဲ လုပ်တော့ အကုန်ကျကုန်တာမျိုး ဖြစ်သွားတယ်” ဟု ပြောသည်။
မင်းသုအောင်
မင်းသုအောင်
0 comments:
Post a Comment