မလေးရှားနိုင်ငံ
ဆီလန်ဂေါ ပြည်နယ်မှ အသက် ၅၃ နှစ် အရွယ်ရှိ ကာမာလာဗဲနီ နာဗာရာဂျန်ထံတွင် သွေးဖြူဥ ကင်ဆာဖြစ်ပွားနေကြောင်း
၁၉၉၉ ဖေဖေါ်ဝါရီလတွင် ဆရာဝန်များက အတည်ပြုပေးနိုင်ခဲ့သည်။
ကင်ဆာရောဂါ၏
ကြောက်မက်ဖွယ်ကောင်းပုံကို သူမငယ်စဉ်ကပင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ သူမအသက် ၁၁
နှစ်အရွယ် ဖခင် သွေးဖြုဥကင်ဆာဖြင့် ကွယ်လွန်သွားခဲ့စဉ်က သူမထံတွင် အဆိုပါရောဂါဆိုးကို
အမွေ ဆက်ခံရလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ ယခု သူမအသက်မှာ ၄၀ ကျော် ။ သူမတွင်
မဆုံးနိုင်သော အိပ်မက်များစွာ ရှိနေသေးသည်။
သူမ၏ ဘေလုံး (Spleen) မှာ တနေ့တခြားကြီးထွားလာပြီး
ဆရာဝန်များက သူမအား နောက်ထပ် ၃ နှစ်သာ ဆက်လက် အသက်ရှင်နိုင်တော့မည်ဟု ခန့်မှန်းထားကြသည်။
ဆရာဝန်များက သူမအား ပြင်းထန်သော ကင်ဆာဆေးဝါးများဖြင့်ကုသရန် တိုက်တွန်းသော်လည်း သူမလက်မခံ။
အဆိုပါဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို ဖခင်ရောဂါဖြစ်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသဖြင့်
အကြောက်ကြီးကြောက်လျက်ရှိသည်။ သို့သော် သူမတွင်ရှိသော ကင်ဆာဆဲလ်များ ကြီးထွားမှုကို
နှောင့်နှေးစေရန်အတွက် ကူလာလမ်ပါရှိ ဆေးရုံတခုတွင် ဟိုက်ဒရောက်ဆီ ယူရီးယား ခေါ် ဆေးတမျိုးကို
ပုံမှန်သွင်းနေရသေးသည်။ သူမ၏ ဘေလုံးအရွယ်အစားသေးသွားသော်လည်း သွေးဖြူဥများ၏ အနေအထား
ပုံမှန်သို့ပြန်ရောက်ရန် ထိုဆေးက မစွမ်းဆောင်နိုင်ပေ။
၂၀၀၆ ခုနှစ်တွင် သူမ၏ ဆရာဝန်က မလေးရှားသို့
အသစ်ရောက်လာသော ကင်ဆာဆေးဝါးသစ် တမျိုးနှင့် စမ်းသပ်ကုသကြည့်ရန် တိုက်တွန်းလာသည်။ နောက်
၆ လအကြာတွင် အဆိုပါဆေးအသစ်ဖြင့် စမ်းသပ်ကုသရန် သူမသဘောတူလိုက်တော့သည်။ သူမအား ဂလီဗက်
(Glivec) ခေါ် ဆေး၏ ဒုတိယ မျိုးဆက်သစ်ဖြစ်သော တက်ဆစ်ဂနာ (Tesigna) ခေါ် ဆေးဖြင့် ၂ နှစ်တာ
ကုသကြည့်သော အခါ အခြေအနေမှာ တမျိုးတဖုံပြောင်းလဲသွားတော့သည်။
ဘေလုံး၏ အရွယ်အစား ပုံမှန်ပြန်ရောက်လာပြီး
သွေးဖြူဥ ပမာဏ နှင့် အရည်အသွေးမှာလည်း သာမန်လူတယောက်နီးပါး ပြန်ဖြစ်လာတော့သည်။ရောဂါစဖြစ်ပြီး
၁၀ နှစ်အကြာတွင် သူမအခြေအနေမှာ သာမန်လူကောင်းတယောက်ကဲ့သို့ သွားလာလှုပ်ရှားနိုင်လာပြီဖြစ်သည်။သူမကိုယ်တွင်
မလေးရှား ကင်ဆာကောင်စီ တွင် စေတနာ့ ၀န်ထမ်းအဖြစ် လုပ်ကိုင်လျက်ရှိပြီး ကင်ဆာဝေဒနာရှင်များအား
ဆေးရုံတွင်လည်းကောင်း ၊ နေအိမ်တွင်လည်းကောင်း လိုက်လံ နှစ်သိမ့်ဆွေးနွေး ပညာပေးလျက်ရှိသည်။
‘
tesgina က အရင်တုန်းက သက်တမ်းစေ့ မနေနိုင်တဲ့ CML ( Chronic Myeloid Leukemia ) ဝေဒနာရှင်တွေကို
အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်”
ဟု ကူလာလမ်ပါရှိ
Ampang ဆေးရုံမှ သွေးရောဂါဆိုင်ရာ အတိုင်ပင်ခံဆရာဝန်ကြီး ဒေါက်တာ Chang Kian Meng ကပြောသည်။
CML သည် မျိုးရိုးလိုက်တတ်သော သွေးဖြူဥများတွင် ဖြစ်ပွားသည့် ရောဂါတမျိုးဖြစ်သည်။
CML ဖြစ်နေသော လူနာအများစုမှာ ပင်မဆဲလ် အစားထိုးကုသမှု (Stem Cell Transplant ) တနည်းဆိုသော်
ရိုးတွင်းချဉ်ဆီ အစားထိုးကုသမှု မခံယူပါက ၃ နှစ်မှ ၅ နှစ်အတွင်းသာ ဆက်လက်အသက်ရှင်နူိုင်ကြသည်
ဟု ဒေါက်တာချန် က ရှင်းပြသည်။ Tesigna သည် မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော
ကင်ဆာဆဲလ်များကြီးထွားရာတွင် အထောက်အကူပြုသည့် ပုံမှန်မဟုတ်သော ပရိုတင်းများကို တားဆီးပေးခြင်းဖြင့်
ကင်ဆာဆဲလ်များ တဖြည်းဖြည်းသေဆုံးစေရန် အထောက်အကူုပြုသည်။
၂၀၀၆ ခုနှစ်တွင်
Glive ဆေးမတိုးတော့သော စင်ကာပူနှင့် မလေးရှားရှိ လူနာများအတွက် Tesgina ဆေးဖြင့် အစားထိုးပြောင်းလဲကုသခဲ့ရာ
လူနာ ၄၀-၅၀% မှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။ ဤရလာဒ်ကြောင့် Tesgina ဆေးဝါး
ဈေးကွက်အတွင်း အသုံးပြုနိုင်ရေးအတွက် အတည်ပြုနိုင်ခဲ့သည်ဟု ဒေါက်တာချန်းက မှတ်ချက်ပြုသည်။
“ အခုဆို
ကင်ဆာရောဂါဟာ သေမိန့်ချခံထားရသလို မလွဲမသေ သေရတော့မယ့်ရောဂါတခု မဟုတ်တော့ပါဘူး။ ဥပမာ
အနေနဲ့ပြောရရင် အူမကြီးကင်ဆာ အဆင့်-၁ လူနာတွေမှာဆိုရင် သက်တမ်းစေ့နေနိုင်ဖို့က ၉၀%
လောက်ကို အာမခံချက်ရှိလာပါပြီ” ဟု စင်င်္ကာပူရှိ မောင့်အဲလီဇဘက် ဆေးရုံမှ ကင်ဆာဗေဒ ပညာရှင် ဒေါက်တာ Kong Hwai Loon က ပြောကြားသွားခဲ့သည်။
စင်္ကာပူ ကင်ဆာလူနာ မှတ်ပုံတင်ဌာန၏ စာရင်းများအရ
လူနာများ၏ ပျမ်းမျှ အသက်ရှင်နှုန်းမှာ ၁၉၇၃ မှ ၂၀၀၂ နှစ်အတွင်း များစွာ တိုးတက်လာခဲ့သည်။
၅နှစ် အသက်စံပြု ပျမ်းမျှ အသက်ရှင်နိုင်မှုအချိုး (5 years Age Standardized
Relative Survival Ratio – ASRS) မှာ အမျိုးသားများအတွက် ၁၉၇၃ မှ ၁၉၈၅ အတွင်း ၁၁.၆
% သာရှိခဲ့ရာမှ ၁၉၉၈-၂၀၀၁ ခုနှစ်အတွင်း ၃၆% အထိ တိုးတက်လာခဲ့သလို အမျိုးသမီးများတွင်
၂၀.၁%မှ ၄၄.၂% သို့ တိုးတက်လာခဲ့သည်ဟု သိရသည်။
လွန်ခဲ့သော ၆နှစ်ခန့်က လူနာအများစုအတွက်
အသက်ရှင်နိုင်ရန် မလွယ်ကူသည့် ဦးနှောက်ကင်ဆာကျိတ် (ဂလီယို ဘလတ်စတိုးမား) ရောဂါရှင်များသည်
ယနေ့ခေတ်တွင် ၁၄ လအထိ အသက်ရှင်နိုင်အောင် ဆွဲဆန့်နိုင်ပြီဖြစ်သည်။ ယခင်က ရောဂါ အမည်တပ်ပြီး
တနှစ်အတွင်းတွင် အသက်ဆုံးရှုံးရသော ရောဂါမှာ လက်ရှိ အခြေအနေတွင် ၅ နှစ်ခန့် အသက်ရှင်နိုင်သော
လူနာ ၁၀% ခန့်ပေါ်ထွက်လာပြီဟု ဖိလစ်ပိုင် စိန့်လုခ် ဆေးရုံ၏ ဦးနှောက်အဖုအကျိတ် လေ့လာရေးစင်တာ၏
အကြီးအကဲ ဒေါက်တာ ဂျုလက်တီ မာရီက ပြောကြားသွားခဲ့သည်။
အချို့ကင်ဆာများအား စောစီးစွာတွေ့ရှိပြီး
ဆေးဝါးကောင်းများနှင့် ကုသနိုင်သည့် အခွင့်အလမ်းများစွာ ပေါ်ထွက်လာပြီဖြစ်သည်။ နာဘာရာဂျန်ကဲ့သို့
CML ရောဂါရှင်များသည် Tesgina ဆေးကို တနေ့ ၂ကြိမ် သောက်ရုံမျှဖြင့် သာမန်လူကောင်းကဲ့သို့
နေနိုင်ပြီဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း ဆေးဘက်ဆိုင်ရာ
အဏုဇီဝဗေဒ သုတေသနလုပ်ငန်းများ အံသြဖွယ်ကောင်းလောက်တိုးတက်လာခဲ့ရာ ကင်ဆာရောဂါအတွက် ဆေးဝါးကောင်းများလည်း
တသီတတန်းထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သော ၁၀ နှစ်ခန့်က ကင်ဆာဆေးသစ်တခုအား မှတ်ပုံတင် အတည်ပြူနိုင်ရန်
၂ နှစ်ခန့် အချိန်ယူ စောင့်ဆိုင်းရသော်လည်း ယခုအချိန်တွင် ၁ နှစ်အတွင်း ကင်ဆာဆေးပေါင်း
မြောက်များစွာ ထွက်ပေါ်လာနိုင်သည်အထိ မြန်ဆန်လာသည်။
ပိုမိုကောင်းမွန်လာသော ဆေးဝါးများ
၂၀၀၆ ခုနှစ် သြဂုတ်လ ပထမအပါတ်တွင်
ကွီဇွန်စီးတီး နေ မိုနာလီဇာ ရီးရက်စ တွင် ပျို့အန်ပြီး ဆိုးဝါးသည့် ခေါင်းကိုက်ဝေဒနာ
စတင်ခံစားလာရသည်။ သူမက မျက်စိပိုင်းရောဂါတမျိုးဟု ယူဆကာ ဆေးရုံရှိ မျက်စိအထူးကုနှင့်
သွားပြချိန်တွင် သူမ၏ အသက်မှာ ၂၇ နှစ်ပင်ရှိသေးသည်။
မျက်စိဆရာဝန်က
ဦးနှောက်နှင့် အာရုံကြော အထူးကုထံသို့သွားရောက်ပြသစေသောအခါ သူမဦးနှောက် ညာဘက်အခြမ်းတွင်
သစ်တော်သီးခန့် အရွယ်အစားရှိသော အကျိတ်တလုံးကို သွားတွေ့သည်။
“ ကျွန်မ တော်တော်လေးတုန်လှုပ်သွားတယ်…..ကျွန်မမှာ
ကင်ဆာမျိုးရိုးလဲမရှိဘူးလေ။ ကင်ဆာဆိုတာကို ကျွန်မလက်ခံဖို့ အတော်လေးကို ခက်ခဲခဲ့ပါတယ်”
ဟု သူမခံစားချက်ကို ပြောပြသည်။
ရီးရက်စ၏ အကျိတ်အား ဆရာဝန်များက ချက်ခြင်းခွဲစိတ်ဖယ်ထုတ်ပေးရန်
ကြိုးစားခဲ့ကြသည်။ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း ၊ ကင်ဆာဆေးဝါးများသွင်း၍ ကုသခြင်းများဖြင့်
တနှစ်ကျော်ကျော် ကုသပြီးချိန်တွင် ဆရာဝန်များက အကျိတ်အရွယ်စား ပိုကြီးလာသည်ကို သတိပြုမိလာကြသည်။
သူမ မှတ်ဥာဏ်များ
တဖြည်းဖြည်းပျောက်ဆုံးလာပြီး နောက်ဆုံး လမ်းမလျှောက်နိုင်သည့် အခြေအနေသို့ရောက်သွားသည်။
သူမ နောက်ထပ် ၂ကြိမ်ထပ်မံခွဲစိတ်ခံ ခဲ့ရသည်။ မေ ၂၀၀၈ တွင် သူမ၏ ဦးနှောက် နှင့် အာရုံကြောဆရာဝန်ကြီးက
ကင်ဆာဆဲလ်များကိုသာ ပစ်မှတ်ထား ၍ တိုက်ခိုက်ဖျက်ဆီးသော နီမိုတူဇူမက်ဘ ခေါ်ဆေးသစ်တမျိုးဖြင့်
သူမအား စမ်းသပ်ကုသကြည့်သည်။
နီမိုတူဇူမက်ဘ (Nimotuzumab) သည် အာရှတွင်
နောက်ဆုံးရနိုင်သော ပစ်မှတ်တိကျကုထုံး ( Target Threapy) ဆေးသစ်များအနက်မှ တမျိုးဖြစ်သည်။
အဆိုပါဆေးသစ်သည် ကင်ဆာဆဲလ်များကို ကြီးထွားစေသောစနစ်ကို တိကျစွာ သွားရောက်ဖျက်ဆီးနိုင်သည်။
ယခင်က ကင်ဆာကုသမှုများတွင် သုံးစွဲခဲ့ပြီး
ယခုအခါ ဆေးယဉ်သွားသဖြင့် မထိရောက်တော့သော Temozolamide ခေါ်ဆေးတမျိုးအား ပိုမို အစွမ်းထက်လာအောင်
သုတေသနပြုလုပ်၍ ပြောင်းလဲတီထွင်ကာ ဈေးကွက်တင်ရန်ကြိုးစားနေကြပြီဖြစ်သည်။ အဆိုပါဆေးကို
လဘ္ဘက်စိမ်းမှရသော အက်ပီကယ်လိုကိတ်ချင် ဂဲလိတ် (Epigallocatechin Gallate) ခေါ် ဓါတ်တမျိုးဖြင့်
ပေါင်းကာ ကင်ဆာဆဲလ်များ၏ ခုခံနိုင်ရည်ကိုဖျက်ဆီးပြစ်ပြီး ဆေးအာနိသင် အပြည့်အ၀ ရရှိစေရန်အတွက်
စမ်းသပ်အောင်မြင်ပြီးဖြစ်သည်။
“
ကင်ဆာသုတေသနတွေက အခုဆို ပိုပြီးအနူစိတ်လာပါပြီ။ နောက်ဆို လူနာတဦးချင်းစီအတွက် လိုအပ်တဲ့
ဆေးပမာဏကို စနစ်တကျတွက်ချက်ပြီး လိုသလောက်ပဲ တိတိကျကျ ပေးနိုင်တော့မှာပါ” ဟု မနီလာ
မယ်ဒီကယ်စီးတီးရှိ အသစ်ပြန်လည်ဖြစ်ထွန်းခြင်း ဆေးပညာ ပရိုဂရမ်၏ အတိုင်ပင်ခံ ဒါရိုက်တာဖြစ်သူ
ဒေါက်တာ ဆင်မြူရယ် ဘာနဲလ်က ပြောကြားသွားခဲ့သည်။
မျိုးရိုးဗီဇကုထုံး
မျိုးရိုးဗီဇ
ကုထုံးအတွက် နောက်ဆုံးတွေ့ရှိချက်များအနက် အမေရိကန်ပညာရှင်များ မကြာသေးမီက တွေ့ရှိသော
ကုထုံးအသစ်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ကင်ဆာ အကျိတ်များသည် လူ့ခန္ဒာကိုယ် သွေးကြောများမှထောက်ပံသော
အဟာရများကို အသုံးပြုကာ လူကို ပြန်လည်ဒုက္ခပေးသည်။ အမေရိကန်ပြည်ထောင်စု ဖလော်ရီဓါ ဆေးပညာကောလိပ်မှ
ဒေါက်တာ ဘရက်ဒလေ ဖလက်ချာ ဦးစီးသော အဖွဲ့သည် ကင်ဆာကျိတ်ဆီသို့သွားသော သွေးကြောများကို
ထိန်းချုပ်ပိတ်ဆို့နိုင်ရေးအတွက် လေ့လာသုတေသနပြုခဲ့ကြသည်။
၂၀၀၉ ဇွန်လတွင် ပုံနှိပ်ထုတ်ဝေသော အဆိုပါအဖွဲ့၏
စာတမ်းတွင် ဇီဝနည်းပညာကို အသုံးပြု၍ ပြုပြင်ထားသော ပရိုတင်းများကို အသုံးပြုကာ ကင်ဆာကျိတ်ဆီသို့သွားသော
သွေးကြောများကို ပိတ်ဆို့စေမည့်နည်းကို တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။
မျိုးရိုးဗီဇ ပြုပြင်ထားသော DNA အပိုင်းအစလေးများကို
ကျန်းမာသော ကြွက်တကောင်၏ အဆုတ်ဆဲလ်များအတွင်းထိုးသွင်းပေးလိုက်သောအခါ ကြွက်၏ အဆုတ်ဆဲလ်များက
အထူးပရိုတင်းတမျိုးကို သွေးကြောထဲသို့ ထုတ်လွတ်ပေးလိုက်ကြသည်။ အဆိုပါ ပရိုတင်းအသစ်များထဲတွင်
ကင်ဆာဆဲလ်များဆီသို့ သွားသည့် သွေးကြောများကို ပိတ်ဆို့ပျက်ဆီးစေသည့် အာနိသင် ပါရှိသည့်
အပြင် ကင်ဆာဆဲလ်များ၏ အပြင် မျက်နှာပြင်တွင်ရှိသော အစောပိုင်း သွေးကြောသစ်များဖြစ်ထွန်းစေနိုင်သည်ဟု
ယူဆနိုင်သော TEM8 ဟူသော ပရိုတင်းတမျိုးအား ဖျက်ဆီးနိုင်သည့် အာနိသင်ပါ ပါရှိသည်။
အဆိုပါကုထုံးမှ ရရှိလာသော ပရိုတင်းကြောင့်
ကြွက်များတွင် စမ်းသပ်ထားသည့် အူမကြီး ကင်ဆာဆဲလ် ပမာဏ ကို ၅၃% သို့လည်းကောင်း ၊ နောက်ထပ်
ကင်ဆာဆဲလ်အသစ် ပွားများမှုကို ၄၉% သို့လည်းကောင်း လျှော့ချပေးနိုင်ခဲ့သည်။
TEM8 ကို အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊
ရင်သားကင်ဆာ၊ အရေပြားကင်ဆာ၊ ဦးနှောက်ကင်ဆာ တမျိုးဖြစ်သည့် Glioblastoma နှင့် အဆုတ်ကင်ဆာအပြင်
အခြားကင်ဆာများတွင် တွေ့ရှိရသည်ဟု ဒေါက်တာဖလက်ချာက ထပ်လောင်းပြောကြားခဲ့သည်။
ယခုအခါ အဆိုပါ ကုထုံးအား ကြွက်ထက်ပို၍ ခန္ဒာကိုယ်အရွယ်အစားကြီးမားသည့်
နို့တိုက်သတ္တ၀ါများတွင် ဆက်လက်စမ်းသပ်လျက်ရှိသည်။
“နောင်တချိန်မှာ ကျွန်တော်တို့လိုချင်တဲ့
ပရိုတင်းကို ဓါတ်ခွဲခန်းထဲမှာတင် ထုတ်လုပ်ပြီး လူတွေကို ထိုးသွင်းကုသနိုင်ဖို့ အထိ
ရည်ရွယ်ပြီး ကြိုးစားနေပါတယ်။ အဲဒါက DNA ထိုးသွင်းပြီး ကုသတဲ့ နည်းထက် အများကြီး ပိုပြီး
အန္တရာယ်ကင်းပါတယ်” ဟု ဒေါက်တာ ဖလက်ချာက ဆက်ပြောသည်။
ရောဂါရှာဖွေသည့်
နည်းပညာအသစ်များ
ကင်ဆာရောဂါ ရှာဖွေရာတွင် အသုံးပြုသည့် နည်းလမ်းတခုမှာ
Flow Cytometry ခေါ်နည်းပညာဖြစ်သည်။ ဆိုးဆေးကပ်ထားသော အရောင်တောက်ပသည့် ပဋ္ဋိပစ္စည်းများကို
အသုံးပြု၍ ဆဲလ်တခုအတွင်းရှိ ကင်ဆာဖြစ်စေနိုင်သည့် ပရိုတင်းများကို ရှာဖွေခြင်းဖြစ်သည်။
လေဘယ်လ် တပ်ထားသည့် ဆဲလ်များကို လေဆာ အလင်းတန်းအောက်တွင် ဖြတ်သွားစေသောအခါ ဆိုးဆေးဆိုးထားသည့်
ကွဲပြားသော ပရိုတင်းများထံမှ ကွဲပြားသော လှိုင်းအလျားများထုတ်လွင့်သည်ကို ဖမ်းယူမှတ်သားတိုင်းတာသည်။
သို့သော် အားနည်းချက်မှာ လှိုင်းအလျား တခုနှင့်တခု ထပ်ပြီး ဖမ်းယူရာတွင် မှားယွင်းနိုင်ခြင်းပင်ဖြစ်သည်။
သို့သော် ယခုအခါတွင် ငွေအမှုန်ငယ်လေးများပါဝင်သည့်
ဆိုးဆေးကို အသုံးပြုထားသော ရာမန် နည်းပညာကြောင့် အဆိုပါ အခက်အခဲကို ကျော်လွားနိုင်ပြီဖြစ်သည်။
အဆိုပါ အမှုန်လေးများအား အော်ဂဲနစ် နှင့် အင်အော်ဂဲနစ် နာနိုအမှုန်ငယ်များ စုပေါင်းထားသည့်
နည်းပညာ (Composite of Organic and Inorganic Nanoparticle-COIN) ဖြင့်ပြုလုပ်ထားသည်။
အဆိုပါ အမှုန်လေးများမှ ထုတ်လွင့်သည့် ရောင်စဉ်တန်း (Raman Signal) သည် ပရိုတင်းတခုခြင်းစီအတွက်
သီးခြားလှိုင်းအလျားဖြင့်ထုတ်လွင့်ပေးသည့်အပြင် ငွေ (Sliver) ပါဝင်သည့်အတွက်ကြောင့်
ထုတ်လွင့်ပေးသည်လှိုင်းအလျားများကို ဖမ်းယူရာတွင် တိကျသေချာစေသည်။
စတန်းဖို့တ် မှ အဖွဲ့တဖွဲ့ကလည်း နာနိုအမှုန်ငယ်များကပ်ထားသော
ပဋ္ဋိပစ္စည်းကို အသုံးပြု၍ ဆဲလ်ပါတ်ဝန်းကျင်ရှိ ပရိုတင်းများကို ပုံဖော်နိုင်မည့် နည်းပညာကို
စမ်းသပ်လျက်ရှိသည်။ ယေဘုယျအားဖြင့် ရေမန် အချက်ပြစနစ်မှာ အနည်းငယ်အားပျော့သဖြင့် သတ္တုနာနိုအမှုန်အစုအဝေးများအား
အင်တင်နာသဖွယ်အသုံးပြုပြီး အချက်ပြစနစ်ကို ပိုမိုအားကောင်းစေရန်ပြုလုပ်ထားသည်။ ပရိုတင်းတခုချင်းစီမှထွက်သော
ရေမန်ရောင်စဉ်ကို ဓါတ်ရောင်ခြည်ဖြင့် စောင့်ကြည့်လေ့လာ၍ ကင်ဆာအဖြစ်ပြောင်းလဲမှုရှိမရှိကို
သိရှိနိုင်မည်ဖြစ်သည်။
“ ရေမန်နာနိုအမှုန် တွေကို အသုံးပြုပြီး ပရိုတင်းတခုချင်းစီရဲ့
ပြောင်းလဲမှုတွေကို အသေးစိတ်လေ့လာနိုင်တော့မှာပါ။ အဲဒီလိုသာ ဖြစ်လာခဲ့ရင်တော့ ကင်ဆာ
စတင်ဖြစ်ပွားမှု အတွက် အရေးကြီးတဲ့ ပရိုတင်းထဲက အလွန်သေးငယ်တဲ့ ပြောင်းလဲမှုတွေကိုပါ
လေ့ လာနိုင်တော့မှာပါ” ဟု စတန်းဖိုဒ် တက္ကသိုလ် Baxter ဓါတ်ခွဲခန်း မျိုးရိုးဗီဇ ဆေးဝါးပညာဌာန၏
အဏုဇီဝဗေဒ နှင့် ကိုယ်ခံအားဆိုင်ရာ အတိုင်ပင်ခံ ပညာရှင် Catherine M Shachaf ကပြောကြားသွားခဲ့သည်။
ကင်ဆာဖွံဖြိုးကြီးထွားမှုဖြစ်စဉ်တွင် ကင်ဆာဆဲလ်များအတွင်းရှိ
ပရိုတင်းများ ပြောင်းလဲမှုကို စောင့်ကြည့်လေ့လာခြင်းဖြင့် ရောဂါပိုဆိုးမဆိုး ၊ ရောဂါနှင့်
ဆေးတိုးမတိုး အပြင် အခြားသော ပြောင်းလဲမှုများကိုပါ သိရှိနိုင်မည်ဖြစ်သည်။ အနာဂတ်တွင်
ဆဲလ်တခုအတွင်းရှိ မတူညီသော ပရိုတင်း အမျိုးပေါင်း ၃၀ ခန့်၏ ပြောင်းလဲမှုကို စောင့်ကြည့်လေ့လာနိုင်မည်ဟု
ပညာရှင်များက မျှော်လင့်ထားကြသည်။
တောကျီးဂန်း
( ဖေ ၅ ၂၀၁၀)
Reference
: RDasia (Jan/2010)