RSS
Facebook
Twitter

Friday, January 4, 2013

ကျွန်တော်သိသော ပိုးကိုက်ပန်းများ


ဘ၀ဆိုးကြီး

သေပြီးတဲ့လူဟာ လူဝင်စားပြန်ဖြစ်ရင်
တဖန်လူပြန်ဖြစ်လို့ရသေးတယ်။
အနူဟာ
တခါနူပြီးရင်
နောက်တခါ လူတောထဲတိုးလို့မရတော့ဘူး။
လူပြန်မဖြစ်တော့ဘူး။
ရောဂါတွေလုံးဝပျောက်ကင်းပြီး
အနာကြီးရောဂါပိုး လုံးဝကင်းစင်သွားသည့်တိုင်
အနူဘ၀က
လွတ်ငြိမ်းချမ်းသာခွင့်မရရှာပါဘူး။
သေဒဏ်ကြခံနေရတဲ့သူတွေ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့တွေ့ရင်
မသေတော့ဘူး ၊ လွတ်ခွင့်ရှိတယ်။
အနူက တခါနူပြီးရင်
တသက်လုံးအနူဖြစ်ရတဲ့ဘ၀ဆိုးကြီးပါ။


ဦးမောင်မောင်
နံသာမြိုင်အနာကြီးရောဂါစခန်း
(ဆရာချစ်စံဝင်း ၏ ပိုးကိုက်ပန်း-၂၀၀၅ မေ)
“မြန်မာနိုင်ငံမှာ အနာကြီးရောဂါပိုးကို လုံးဝကင်းစင်တဲ့နေရာ အဖြစ်ကြေငြာမယ်ဆိုရင် နံသာမြိုင်စခန်းကို စိတ်ချလက်ချ ယုံကြည်စွာ ကြေငြာလို့ရပါတယ်၊ ဘာပြုလို့လဲဆိုတော့ ကျွန်တော်တို့က MDT ဆေးပေါင်းစားထားပြီးတဲ့လူတွေလေ၊ ကျွန်တော်တို့က ကမ္ဘာပေါ်မှာ အနာကြီးရောဂါကင်းစင်တဲ့ဒေသ အဖြစ် နံသာမြိုင် ကိုကြေငြာဝံတဲ့အချိန်မှာ ဘယ်နေရာ ဘယ်မြို့၊ ဘယ်ရွာက ကျွန်တော်တို့လိုရဲရဲဝံ၀ံ ကြေငြာလို့ရသလဲ။ မကြေညာနိုင် ကြသေးပါဘူး”

      
        ရန်ကုန်တိုင်းလှည်းကူးမြို့နယ်ရှိ (အနာကြီးရောဂါဒဏ် ခံစားခဲ့ရသော) အဖိုးအဖွားများ ကို စောင့်ရှောက်ထားသည့် `မေတ္တာပရဟိတ´ ဂေဟာသို့ အပါတ်စဉ်လိုလို အနယ်နယ်အရပ်ရပ်မှ လာရောက်လှူဒါန်းကြသော စေတနာရှင် အဖွဲ့အစည်းများ၊ မိသားစုများမှာ ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်း လွန်ခဲ့သော ၁၀ နှစ်ခန့်ကထက် ပိုမိုများပြားလာခဲ့သည်။ မြန်မာလူမျိုးအချင်း ချင်းရိုင်းပင်းကူညီသော စိတ်ဓါတ်ကြောင့် ဂေဟာမှာလည်း ယခင်နှစ်များစွာနှင့်မတူ သိသာစွာတိုးတက် ပြောင်းလဲလာခဲ့သည်။ ထပ်မံ၍လည်း လာရောက်လှူဒါန်းလိုသူများ တိုးပွားနေဆဲ ပင်ဖြစ်သည်။ ယခင်က လူ့အသိုင်းအ၀ိုင်းမှ အပယ်ခံ ဒုက္ခိတများကို လူထုက မေတ္တာတရားရှေ့ထားပြီး ကိုယ်ချင်းစာစိတ်ဖြင့် ကူညီထောက်ပံပေးနေသော်လည်း လာရောက်လှူဒါန်းသူများ၏ စိတ်ထဲတွင် ဤရောဂါနှင့် ပါတ်သက်သော မေးခွန်းများက တပုံတပင်ရှိနေသည်။
        လာရောက်လှူဒါန်းသူ အတော်များများသိလိုသော အဓိကကျသည့် မေးခွန်းမှာ ဤရောဂါသည် သူတို့ထံ (လာရောက်လှူဒါန်းသူများ) သို့ရော ကူးစက်နိုင်ပါသလား? ဆိုသည့် မေးခွန်းပင်ဖြစ်သည်။ အခြား သံတူကြောင်းကွဲ မေးခွန်းများရှိသော်လည်း အရင်းစစ်ကြည့်လျှင် ဤမေးခွန်းဆီသို့သာ ဦးတည်လာသည်ချည်းသာဖြစ်ပါသည်။ အင်မတန်မှ အဓိကကျသော ကျန်းမာရေး အသိရှိသူတိုင်း တွေးမိမည့် မေးခွန်း ဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ ယခုအချိန်တွင် SARS လို ကြက်ငှက် တုပ်ကွေးလို လေထဲမှတဆင့် ပျံနှံပြီး လျှင်မြန်သော နူန်းဖြင့်ကူးစက်သည့် ကြောက်စရာ ကောင်းသော ရောဂါ များကလည်း တခုပြီးတခု ဖြစ်ပေါ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် ထိုမေးခွန်းကို ဖြေဆိုရန် ပထမဆုံး အနာကြီးရောဂါ အကြောင်း အနည်းအကျဉ်းမျှ သိထားသင့်သည်မဟုတ်ပါလော။
        ကျွန်တော်ကိုယ်တိုင်ပင် ငယ်စဉ်ကတည်းက အနာကြီးရောဂါသည်များနှင့် ထိတွေ့ခဲ့ရသည်။ ကျွန်တော့်အဖိုးမှာ အနာကြီးရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်း စစ်မျက်နှာမှတိုက်ခဲ့သော ကျန်းမာရေးမှူးတဦးဖြစ်သောကြောင့် အနာကြီးရောဂါသည် များနှင့် ၂ တန်းအရွယ်မှစ၍ ရင်းနှီးခဲ့ရသည်။ အဖိုးဆီသို့လာပြသည့်လူနာများတွင် အရေတရွှဲရွှဲ တွန်းလှည်းပေါ်တင်လာရသော လူနာများ တကိုယ်လုံး မြင်မကောင်းအောင် အဖုအပိန့်ထနေသော ကြောက်စရာ လူနာများအပြင် လူသိမှာ ရှက်သဖြင့် တိုးတိုးတိတ်တိတ်လာပြသော ကျွန်တော်တို့ကျောင်းမှ ဆရာမကြီးလို အကွက် စတွေ့သော လူနာများကလည်းမနည်း ။အဖိုးက ရမည်းသင်းမြို့ဘေးနားရှိ ကျေးရွာများတွင် ကွင်းဆင်းကုသရာတွင် အကြောင်း တိုက်ဆိုင်ပါက ကျွန်တော့်ကိုပါ ခေါ်သွားလေ့ရှိသဖြင့် အနာကြီးရောဂါ သည်များသည့် ကျွန်တော့်၏ အထိန်းတော်များ လို ဖြစ်နေသည်။ ကျောင်းပိတ်ရက် များတွင် အဖိုးဆေးထိုးဆေးပေး သည်ကို ကူညီ လုပ်ကိုင်ပေးလေ့ရှိသော်လည်း (များသောအား ဖြင့် ဆေးထည့်သော ပလတ်စတစ် အိတ်အား ဖယောင်းတိုင်ဖြင့် ပိတ်ခြင်းမျှသာ) ထိုဝေဒနာသည်များကို တော့ ကျွန်တော်ရွံ့သည်။ ထိုစဉ်ကတည်းက `ငါ့ကိုများကူးရင်ရော´ဆိုသည့် အတွေး ၀င်သဖြင့် အဖိုးကိုမေးဖူးသည်။ `အဖိုး….သားတို့ကို ကူးရင်ဘယ်လိုလုပ်မလဲ´ ဟုမေး ကြည့်ရာ အဖိုးက `ငါ ကုပေးမှာပေါ့ကွာ´ ဟုပြန်ဖြေသဖြင့် ကျွန်တော် ကျေနပ်သွား သည်။ ထိုအရွယ်တွင် ထိုအဖြေသည် ကျွန်တော့်အတွက်လုံလောက်သည်။ အဖိုးလုပ် သူက အာမခံမှတော့ ဘာကြောက်စရာလိုသေးလည်းဟု တွေးမိဟန်တူပါသည်။
 လူနာများကို ခံတောင်းမြှောင်နေအောင်ကျိုက်ခိုင်း၍ နေရောင်ထဲတွင် အရေပြားပေါ်မှ အကွက်များလိုက်ရှာရသည့်အလုပ်ကို ကျွန်တော် သဘောအကျဆုံး ဖြစ်သည်။ မျက်စိ မကောင်းသော အဖိုးအား ` အဖိုးရေ…. ဟိုနားမှာတကွက်… ဒီဘက်ဘေးမှာတကွက်´ စသဖြင့် လျှာရှည်ရသည်ကို အာတွေ့ခဲ့သည်။ အဖိုးကလည်း တခါမျှ မောင်းမထုတ်။ ထိုအချိန်က MDT မပေါ်သေး။ ဒက်ပဆုန်း (၁၉၄၀ မှ စတင်ပေါ်ပေါက်ခဲ့ပြီး အနာကြီးရောဂါပိုးမှ ဆေးယဉ်သွားသဖြင့် နောက်ပိုင်းတွင် MDT နှင့် အစားထိုးခဲ့သည်) နှင့် ပရန်တီစလုန်း သာအပေးများသည်။အနာကြီးရောဂါအပြင် အခြားသော အရေပြားရောဂါများကလည်း သင်္ကာမကင်း၍ လာပြကြသည်များလည်း ရှိသည်။  ဆေးပေးပြီး လူနာများကို `ငပိငါးခြောက် ငံပြာရည်မစားရ၊ မြေပေါ်တတောင် မြေအောက် တတောင်မစားရ…´ အစချီသော ကျန်းမာရေးဟောပြောမှုကို အဖိုးက ကျွန်တော့်အား အလွတ်ကျက်ခိုင်းပြီး အချို့လူနာများကို ပြောစေသည်။ ထိုစဉ်အချိန်က ငပိငါးခြောက်နှင့် အနာကြီးရောဂါ ဘာဆိုင်လို့လဲဟုတွေးမိသော်လည်း မမေးမိ။ မြေပေါ်တတောင်မြေအောက်တတောင် ဆိုတာလည်း သေချာနားမလည်။ သို့သော် အနာကြီးရောဂါရှင်များကိုတော့ မကြောက်တော့။ ကူးစက်ခံရလျှင်ရော ဆိုသည့် အတွေးကတော့ ကျွန်တော့်ခေါင်းထဲတွင် အမြစ်မပြတ်ခြင်သေး။ ထို့ကြောင့် အသက်ကြီးလာချိန် ဆေးကျောင်းရောက်ချိန်မှ `ထိုစဉ်က ငါတို့ ဒီလောက်နီးစပ်ခဲ့ပြီး ဘာလို့မကူးတာပါလိမ့်´ ဆိုသော မေးခွန်းကို စာအုပ်စာပေ များနှင့် အဖြေထုတ် ကြည့်ရတော့သည်။
        ပထမဆုံး ထိုမေးခွန်းအား မဖြေဆိုမီ `အနာကြီးရောဂါသည်´ ဆိုသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ဦးစွာရှင်းပြလိုပါသည်။ အလှူရှင်များကြားတွင် `မရမ်းချောင်းမှ အနာကြီး ရောဂါသည်တွေ´ ဆိုသော စကားကို မကြာခဏကြားနေရသည်မှာ စိတ်မကောင်းစရာ ပင်ဖြစ်သည်။ အနာကြီးရောဂါဖြစ်နေသည်ဟု သတ်မှတ်ရန် လူတစ်ယောက်သည် အောက်ပါရောဂါလက္ခဏာ (၃) ချက်အနက်မှ အနည်းဆုံးတချက်ရှိရမည်ဖြစ်သည်။
1.  အရေပြားပေါ်တွင် ကွက်၍ အရောင်ဖျော့နေခြင်း၊ နီမြန်းနေခြင်း၊ ထိ နာ ပူ အေး မသိပဲထုံနေခြင်း။
2.  အာရုံကြောပျက်စီးသည့် လက္ခဏာဖြစ်သော ထိ၊ နာ၊ ပူ၊ အေး မသိခြင်း၊ ခြေလက်မျက်နှာရှိ ကြွက်သားများ အားနည်းခြင်း၊ လှုပ်ရှားမရခြင်းနှင့် အာရုံကြောကြီးခြင်း။
3.  အရေပြားအကွက်မှ အသားခြစ်စမ်းသပ်ရာတွင် ပိုးတွေ့ခြင်း။
 `အနာကြီးရောဂါသည်ဆိုသည်မှာ အနာကြီးရောဂါလက္ခဏာများရှိပြီး ၊ ဆေးစံချိန်ပြည့် မစားရသေးသူကိုဆိုလိုပါသည်။ပြည့်စုံသောအထောက်အထားမရှိပဲနှင့် အနာကြီးရောဂါ သည်ဟု အမည်မတပ်ရ။´
ဟု ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် အနာကြီးရောဂါတိုက်ဖျက်ရေးလက်စွဲ စာအုပ်ထဲတွင် ဖော်ပြထားသည်။
                အနာကြီးရောဂါ နှင့် မှားတတ်သော အခြားရောဂါ ပေါင်း ၂၂ မျိုးခန့်ရှိနေသေးရာ မိမိကိုယ်တိုင်ရောဂါနာမည်တပ်ခြင်းထက် ကျွမ်းကျင် သောဆရာဝန်နှင့်ပြသတိုင်ပင်ကြည့်ပြီးမှသာ အနာကြီးရောဂါဟု အမည်တပ်ရပါမည်။ ၎င်းတို့ထဲတွင် ပွေး၊ နှင်းခူ၊ ညှင်း၊ သမင်ဖြူ၊ အင်ပြင်၊ မွေးရာပါအမှတ်များ၊ ဆစ်ဖလစ်၊ အရေပြားတီဘီ၊ အဆီဖုများ၊ ဆီးချိုရောဂါ၊ အာရုံကြောထိခိုက်မိခြင်း စသည့်ရောဂါများ ပါဝင်သည်။
         မရမ်းချောင်း မေတ္တာပရဟိတမှ လူအားလုံးသည် MDT ဆေးပေါင်းကို ဆေးပါတ်လည် အောင်သောက်ပြီးသည့် လူနာများဖြစ်သည့် အတွက် ၎င်းတို့ကို `အနာကြီးရောဂါသည်´ ဟု အမည် မတပ်ရပါ။ ၎င်းတို့သည် `အနာကြီးရောဂါဒဏ် ကြောင့် ကိုယ်လက်အင်္ဂါပျက်စီးရခဲ့ရသည့်လူများ´ သာ ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် အနာကြီးရောဂါ ပျောက်ကင်းပြီး ပိုးကင်းစင်သော လူများသာဖြစ်ပါသည်။ သို့သော် အချို့သောဝေဒနာရှင် များတွင် အနာကြီးရောဂါ ဝေဒနာကြောင့် ပျက်စီးသွားခဲ့ရသော အာရုံကြောများမှာ ပြန်လည်ကောင်းမွန်လာခြင်း မရှိတော့သဖြင့် နောက်ဆက်တွဲဝေဒနာ များ ဆက်လက်ခံစားနေရဆဲလူနာများသာ ဖြစ်ပါသည်။
        အနာကြီးရောဂါ၏ အဓိပ္ပါယ်ဖွင့်ဆိုပုံကို ရှင်းပြပြီးနောက်ပိုင်းတွင် အနာကြီးရောဂါ ကူးစက်ပျံပွားပုံအကြောင်းကို အကျဉ်းချုပ်ဖော်ပြလိုပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်က တည်းကပင် ဆရာကြီးဒေါက်တာတင်ရွှေရေးသည့် အနာကြီးရောဂါနှင့် ပါတ်သက်သည့် စာအုပ်များစွာ ထွက်ရှိပြီးဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဆရာရေးထားသော စာအုပ်များကို ပြန်လည်ဖတ်ရှုစေလိုပါသည်။

         
        အနာကြီးရောဂါဆိုသည်မှာ ကူးစက်တတ်သောနာတာရှည်ရောဂါတမျိုးဖြစ်ပြီး Mycobacterium Leprae (တီဘီဖြစ်ပွားစေသောပိုးနှင့် မျိုးစိတ်တူ) ကြောင့်ဖြစ်ရပါ သည်ကို နော်ဝေနိုင်ငံမှ သိပ္ပံပညာရှင် ဒေါက်တာဟန်ဆန်(Dr.G.A.Hansen) က ၁၈၇၃ ခုနှစ်တွင် အတိအကျ ဖော်ထုတ်နိုင်ခဲ့သည်။ အနာကြီးရောဂါသည် အဓိကအားဖြင့် အရေပြား၊ နာဗ်ကြောများ၊ အသက်ရှုလေပြွန် အထက်ပိုင်း နှင့် အသက်ရှုလမ်း ကြောင်းကိုလည်းကောင်း၊ မျက်စိ ကိုလည်းကောင်း ထိခိုက်ပျက်စီးစေတတ်ပါသည်။ ဦးနှောက်နှင့်အာရုံကြောမကြီးအား ထိခိုက်ပျက်စီးမှု မရှိပါ။
        အနာကြီးရောဂါသည် အသက်အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်ပွားစေပါသည်။ ရောဂါစ၀င်ချိန်မှစတင်၍ရောဂါလက္ခဏာများပြချိန်အထိ ရောဂါပျိုးချိန်မှာ ပျှမ်းမျှ (၃) နှစ်မှ (၅) နှစ်အထိ အလွန်ကြာတတ်ပါသည်။ ရောဂါပိုးရှိသူတဦးမှ အခြားလူများကို တိုက်ရိုက်ကူးစက်ပြီး ငှက်ဖျားကဲ့သို့ ကြားခံလက်ခံကောင် (ခြင်) မရှိပါ။ သို့သော် ကူးစက်ခံရမှုမှ အနာကြီးရောဂါလက္ခဏာဖြစ်ပေါ်သူ အနည်းငယ်သာရှိပါသည်။ အနာကြီးရောဂါသည် ဆေးကုသခံယူနေရခြင်းမရှိသော လူနာများထံမှ အခြားလူများသို့ အသက်ရှုလမ်းကြောင်းနှင့်အရေပြားတို့မှတဆင့်ကူးစက်ပါသည်။ ဆင်းရဲချမ်းသာမရွေး ကူးစက်သောရောဂါမဟုတ်သည့်အပြင် မျိုးရိုးလိုက်၍ဖြစ်ပွားတတ်သော ရောဂါမဟုတ် ပါ။သို့သော် အနာကြီးရောဂါသည်များနှင့် ကြာရှည်နေထိုင်သူများတွင် ပိုမိုကူးစက်ပျံပွား  ကြောင်းတွေ့ရှိရပါသည်။
         အနာကြီးရောဂါဝင်ရောက်ခံရသူတိုင်း ရောဂါမဖြစ်ပါ။ အနာကြီးရောဂါဖြစ်ပွားသူ အများစုတွင် ရောဂါပိုးတိုက်ဖျက်သောကိုယ်ခံအား (Cell Mediated Immunity_CMI) လျော့နည်းနေကြောင်းတွေ့ရှိရသည်။ CMI အနည်းအများပေါ်လိုက်၍ ရောဂါအမျိုး အစားပါ ကွဲပြားသွားသည်။ အနာကြီးရောဂါ သည် နေရာဒေသမရွေး မည်သည့် ပါတ်ဝန်းကျင်တွင်မဆို ကူးစက်ပျံနှံနိုင်ပါသည်။ သို့သော် ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် ပိုမိုအဖြစ်များ ခဲ့ကြောင်းတွေ့ရှိရသည်။
        အနာကြီးရောဂါတွင် ရောဂါပင်ရင်း နှင့် ရောဂါသိုလှောင်ရာဌာနမှာ လူပင် ဖြစ်သည်။ MDT ဆေးဖြင့်ကုသခြင်းမခံရသေးသောလူနာ (Undetected patients / Hidden cases) များသည် ရောဂါပင်ရင်းနှင့် ရောဂါသိုလှောင်ရာ ဌာနများဖြစ်နေတတ် သည်။ ၎င်းလူနာများသည် MDT ဆေး တစ်ကြိမ် သောက်ပြီးရုံမျှဖြင့် အခြားသူများကို ကူးစက်မှုလုံးဝမရှိတော့ပါ။ အနာကြီးရောဂါပိုးသည် ရောဂါသိုလှောင်ရာလူ၏ အရေပြားအနာ (Lepromatous ulcer) များမှသော်လည်းကောင်း ၊ နှာရည် မှ သော် လည်းကောင်း ကိုယ်ခန္ဒာပြင်ပသို့ထွက်နိုင်ပါသည်။ ထိုသို့ထွက်ပြီးနောက် ရောဂါပိုး ကူးစက်ခံရမည့် ရောဂါလက်ခံသူထံသို့ ပွန်းပဲ့ဒဏ်ရာမှလည်းကောင်း ၊ လေထဲမှသော် လည်းကောင်း တိုက်ရိုက်ကူးစက်ပါသည်။ ကြားခံကောင်မရှိပါ။
        မရမ်းချောင်းပရဟိတ ဂေဟာမှ လူနာများသည် MDT ဆေး ကို ဆရာဝန် ဆရာမများ၏ စနစ်တကျ စောင့်ကြပ်ကြည့်ရှုမှု အောက်တွင် မှတ်ပုံတင်ပြီး ဆေးပါတ်လည်အောင် သောက်ပြီး သောလူနာများ (Treated cases) ဖြစ်သော ကြောင့်အခြားသူများကို ကူးစက်မှု လုံးဝမရှိနိုင်တော့ပါ ဟု ဖြေနိုင်ပါသည်။ ၎င်းတို့တွင် ဖြစ်ပွားနေသော အနာများမှလည်း အာရုံကြောပျက်စီးခြင်း၊ သွေးလှည့်ပါတ်မှု ပျက်စီးခြင်း၊ ထုံနာပူထိ မသိခြင်းမှ ဒဏ်ရာရပြီး ပိုးဝင်ခြင်း၊ အဟာရချို့တဲ့ခြင်း တို့ကြောင့်ဖြစ်ပွားနေသော အနာ များသာဖြစ်ပါသည်။ အနာကြီးရောဂါပိုးကြောင့် ဖြစ်ပွားနေသော ရောဂါများ လုံးဝ မဟုတ်ပါ။ မရမ်းချောင်းဂေဟာရှိ အဖိုးအဖွားများကို အနီးကပ် စောင့်ရှောက်ပေးနေသည့် ကလေးသူငယ်များတွင်လည်း ရောဂါကူးစက်ခံ ရမှု လုံးဝမရှိသည့်အပြင် MDT ဆေးပေါင်းစနစ်တကျသောက်ထားသည့် လူများဖြစ် သောကြောင့် ၅ နှစ်အတွင်း နောက်ထပ်လူနာသစ်တွေ့ရှိမှု မရှိသောရွာအဖြစ် ရပ်တည် နိုင်ပြီဖြစ်ပါသည်။ သို့သော် ဆေးပညာသဘော နှင့် ရောဂါပိုးများ၏ မျိုးရိုးဗီဇ အစဉ်တစိုက်ပြုပြင် ပြောင်းလဲတတ်သောသဘောများကြောင့် လုံးဝကူးစက်နိုင်စွမ်း မရှိတော့ပါ ဆိုသည့် စကားအစား ကူးစက်နိုင်စွမ်း(လုံးဝနီးပါး)မရှိတော့ပါ ဟု ပြောင်းလဲ သုံးစွဲလျှင် ပိုမိုသင့် လျှော်ပါမည်။

        ကမ္ဘာပေါ်တွင် နှစ်စဉ်လူ ၇၅၀ ၀၀၀ ခန့် အနာကြီးရောဂါကူးစက်ခံနေရပြီး အများစုမှာ ကလေးများဖြစ်သည်။ ကမ္ဘာအနာကြီးရောဂါရှင်ဦးရေ၏ ၇၀%သည် အိန္ဒိယ၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ မိုဇမ်ဘီ၊ မဒါဂတ်စကား၊ တန်ဇန်နီးယား နှင့် နီပေါနိုင်ငံ တို့တွင်ဖြစ်သည်။ သို့သော် ကမ္ဘာကျန်းမာရေးအဖွဲကြီးက သတ်မှတ်ထားသည့် ရောဂါဖြစ်ပွားမှုများသည့်နိုင်ငံ ၁၆ နိုင်ငံကျန်ရှိနေသည့်အထဲတွင် မြန်မာနိုင်ငံပါဝင်သည့် အတွက် ၁၉၉၁ ခုနှစ်မှစ၍ MDT ဆေးပေါင်းတိုက်ကျွေးရေးလုပ်ငန်းများကို အစိုးအရအဖွဲ့အစည်းများ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းများ၊ မီဒီယာများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၀၃ ခုနှစ်တွင် မြန်မာ နိုင်ငံအား လူဦးရေ သန်း ၅၀ တွင် မှတ်ပုံတင်ထားသော အနာကြီးရောဂါသည် ၅၀၀၀ အောက်သာရှိတော့သဖြင့် အနာကြီးရောဂါကင်းစင်သော နိုင်ငံအဖြစ် ကြေငြာခဲ့သည်။ ၁၉၉၅ မှ ၂၀၀၀ပြည့်နှစ်အထိ လိုအပ်သော MDT ဆေးဝါးများကို Nippon Foundation မှ လှူဒါန်းခဲ့ပြီး ၂၀၀၁ မှ ၂၀၁၀ ခုနှစ်အထိ လိုအပ်သောဆေးဝါးများကို Novartis Foundation မှ လှူဒါန်းရန် ကမ္ဘာကျန်းမာရေးအဖွဲ့အား ကတိပြုပြီးဖြစ်ပါသည်။
        သို့သော် အနာကြီးရောဂါသည် ကျောက်ရောဂါကဲ့သို့ ကာကွယ်ဆေးရှိသည့် ရောဂါမဟုတ်ခြင်းကြောင့် နှစ်စဉ်လူနာအသစ်အနည်းငယ်ကို ဆက်လက်ဖော်ထုတ် ဆေးဝါးကုသပေးလျှက်ရှိပါသည်။ အနာကြီးရောဂါ ဝေဒနာကိုခံစားခဲ့ရသော ဝေဒနာ ရှင်များကို ယခင်က လူအသိုင်းအ၀ိုင်းမှ ပယ်ကျဉ်၍ လိင်အပျော်ပါးလိုက်စားမှု ကြောင့် ဖြစ်သောရောဂါ၊ မျိုးရိုးလိုက်သည် နူနာရောဂါ စသည့်ဖြင့် မသိနားမလည်သူများက ရှောင်ဖယ်ထားကြသော်လည်း အသိပညာကြွယ်ဝလာသည့် မြန်မာလူမျိုးများ၏ ဖေးမ စောင့်ရှောက်မှုဖြင့် အနာကြီးရောဂါအား မြန်မာ့မြေပေါ်မှ လုံးဝတိုက်ထုတ်နိုင်မည်ဆိုပါ မရမ်းချောင်း၊ ရေနံသာ၊ မြရတနာ (စစ်ကိုင်း)၊ တောင်ဝိုင်း (မော်လမြိုင်) စသည့် နေရာများမှ အနာကြီးရောဂါခံစားခဲ့ရသူများသည် မြန်မာ့သမိုင်းတွင် အနာကြီး ရောဂါ ဖြစ်ပွားခဲ့ဖူးသည့် နောက်ဆုံးမျိုးဆက်များသာ ဖြစ်သွားနိုင်ပါသည်။
        ထို့ကြောင့် မရမ်းချောင်းပရဟိတဂေဟာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် လှူဒါန်းလိုသူများအနေဖြင့် အနာကြီးရောဂါ၏ ဗီဇရုပ်ကို တီးခေါက်မိစေရန်နှင့် သံသယ ရှင်းစွာလှူဒါန်းနိုင်ရေးအတွက် တတ်စွမ်းသည့်ဘက်မှ တင်ပြထားခြင်းသာဖြစ်ပါသည်။ မြန်မာလူမျိုးအချင်းချင်းရိုင်းပင်းကူညီဖေးမခြင်းဖြင့် မြန်မာ့မြေကို ပိုမိုစိမ်းလန်းအောင် ဖန်တီးနိုင်ကြသူများ ဖြစ်ကြပါစေ…………….။

တောကျီးဂန်း (ခေတ္တ-မင်းကုန်း)
၉ နိုဝင်ဘာ ၂၀၁၀
ကိုးကား
1.   Davidson’s PRINCIPLES AND PRACTICE OF MEDICINE 20TH EDTION
2.   အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းလက်စွဲ/ကျန်းမာရေးဝန်ကြီးဌာန/၂၀၀၈ဖေ။
3.   AN ATLAS OF LEPROSY; SASAKAWA MEMORIAL HEALTH FOUNDATION.1983 EDTION
4.   A GUIDE TO ELIMINATING LEPROSY AS A PUBLIC HEALTH PROBLEM/MINISTRY OF HEALTH; MYANMAR.
5.   ပိုးကိုက်ပန်း-ချစ်စံဝင်း (၂၀၀၅)

0 comments:

Post a Comment