RSS
Facebook
Twitter

Thursday, November 8, 2012

ကျွန်တော်နှင့်ပန်းသီး

   

          အခုတလော စာမကျက်ဖြစ်သည့်ရက်တွေများနေသည်။ သေချာတွေးကြည့်လျှင် အခုတလော ဆိုသည့် အချိန်ပြပုဒ်က အတော်လေးကြာခဲ့သော အချိန်တခုကို ရည်ညွန်းသည်ဟု ဆိုရမည်ဖြစ်သည်။ အင်တာနက်တက်လိုက်၊ ဂိမ်းဆော့လိုက်၊ မူဗီကြည့်လိုက်နှင့် အချိန်တွေက ကုန်မှန်းမသိ ကုန်နေသည်။ စာဖတ်ရမည်ဆိုသော အတွေးလေးရှိသည့်အတွက် ကိုယ့်ကိုကိုယ် ကျေနပ်မိသည်။ စာဖတ်ဖို့ဆိုတာ ထင်သလောက်တော့မလွယ်။ ကျွန်တော်က သူများတွေလို စာအုပ်ကောက်ကိုင်ပြီး တမော့တမော ထိုင်တတ်သူမျိုးမဟုတ်။ တိတ်ဆိတ်သောပါတ်ဝန်းကျင်၊ ကြည်လင်သောစိတ်ထား၊ မျှတသောရာသီဥတု၊ သင့်တော်သော အဟာရ နှင့် ပြင်းပြသောဆန္ဒ ဤ ငါးမျိုး အကြောင်းတိုက်ဆိုင်မှ စာဖတ်ဖြစ်သည်။ လူတယောက်၏ အသားကို ဓါးဖြင့်လှီးမည့် ခွဲစိတ်ဆရာဝန်အလုပ်သည် စာများများဖတ်ရမည်ဟု ဆရာတွေက မကြာခဏ ဆုံးမသည်။ ဟုတ်တော့လည်းဟုတ်သည်။ လူတယောက်ကို မေ့ဆေးပေး အသက်ရှုရပ်အောင်လုပ် ပြီးမှစက်နှင့်ရှုခိုင်း၊ ဗိုက်ကိုခွဲ အူတွေထုတ် ဒီအလုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာလုပ်နိုင်ဖို့ စာတွေ အများကြီးဖတ် ဖို့လိုသည်။ ဒါတောင်မှ လူ့အသက်တချောင်းကယ်နိုင်ဖို့ မသေချာသေး။ လူဆိုသည့်အမျိုးက စက်တွေလို မကောင်းသည့်နေရာဖြုတ်လဲ၊ ဂျီးဆေးပြီး ပြန်သုံးလို့ရတာမျိုးမဟုတ်တော့လဲ ခက်သားလား။ မည်မျှပင် ကောင်းမွန်စွာခွဲစိတ်ကုသနိုင်လိုက်သည်ဖြစ်စေ တခြားသေစေနိုင်သည့်အကြောင်းအရာတွေက တပုံတပင် ရှိသေးသည်။ လူနာအသက်က များသောအားဖြင့် ကိုယ့်လက်ထဲတွင်တ၀က် ကံကြမ္မာလက်ထဲတွင်တ၀က် ပေးထားရသည်။ မည်သို့ပင်ဖြစ်စေ ကိုယ့်လက်ထဲက ရှိတာလေးသေချာစေဖို့ စာတော့နာနာဖတ်ရမည် မဟုတ်ပါလား။
          အဓိကပြဿနာက စာဖတ်လို့မရသည့်ကိစ္စ။ ဆရာတွေပြောသလို တနေ့ကို စာဖတ်ချိန်ဘယ်လောက် ပုံသေသတ်မှတ်ထားဖို့က တကယ်တမ်းတော့မလွယ်။ ဆေးရုံနှင့်အိမ်က ခရီးလှမ်းနေတော့ တနေ့အသွားအပြန် ဘတ်စကားစီးချိန်က တနေ့ကို အနည်းဆုံး ၃နာရီတော့ပြေးမလွတ်။ နိုင်ငံတော်မှ ဆေးရုံနားတွင် နေအိမ်များစီစဉ်ပေးလျှင် ပိုမိုထူးချွန်ထက်မြက်သည့် ခွဲစိတ်ဆရာဝန်ကောင်းတွေ မွေးထုတ်ပေးနိုင်လိမ့်မည်ဟု လွှတ်တော်တွင် အဆိုတင်သွင်းလျှင်ကောင်းမလား မဆီမဆိုင်တွေးမိသေးသည်။ အိမ်ပြန်ရောက်လျှင် လူကနုံးချိချိ။ ဘတ်(စ)ထောင်း၊ ကိုယ်ကြေဟုဆိုရမလိုဖြစ်နေသည်။ ပြန်ရောက်လျှင် စာသင်ရမည့် ညီဝမ်းကွဲ မူလတန်းကျောင်းသားကြီးများရှိသေးသည်။ မူလတန်းစာမခက်သော်လည်း သည်ကောင်တွေကို နားဝင်အောင် စာသင်ရသည့်အလုပ်ကလည်း အတော်ခက်သည်။ သူတို့ကို စာသင်ပြီးချိန်တွင် လူကမလှုပ်ချင်တော့။ အိပ်ယာဆီလို့ မျက်စောင်းအကြိမ်တစ်သိန်းလောက် ထိုးနေပြီ။ သည်လိုနှင့်စာကြွေးတွေက များလာသည်။ နောက်ဆုံးနှစ်စာမေးပွဲကြီးအတွက် ဘာမှမပြင်ဆင်ရသေး။ မဟာသိပ္ပံနောက်ဆုံးနှစ်သည် စာရတိုင်းလည်း မအောင်၊ အောင်တိုင်းလည်းစာမရ ဟုအကြီးတန်းတွေပြောတာကြားဖူးသည်။ ကျယ်ပြန့်နက်နဲသော ဆေးပညာ နယ်ပယ်ကလဲ လေ့လာ၍မကုန်။ စာမေးပွဲကျလျှင် နောက်ထပ်ခြောက်လနေပြီးမှ နောက်ဆက်တွဲပြန်ဖြေရမည်။ တချို့သူငယ်ချင်းတွေကလည်း ဘယ်အချိန်ဆွမ်းခံခံ ဆွမ်းစားချိန်တော့အတူတူပါပဲဟူ၍ အတော်ကောင်းသော ဥပမာလေးတွေပေး၍ နှစ်သိမ့်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးဆိုးဝါးဝါးမကျအောင် တတ်နိုင်သလောက် စာဖတ်ရမည်။ အိမ်တွင် အတည်တကျထိုင်၍ မဖတ်နိုင်လျှင် ဘတ်စ်ကားစီးချိန်တွင်ရအောင်ဖတ်မည်။ ထိုင်ခုံရလျှင် စာကောင်းကောင်းဖတ်၍ ရနိုင်ကောင်းသည်။
          နိုင်ငံခြားသား အတော်များများ လမ်းသွားရင်းစာဖတ်ကြသည်။ ကျွန်တော်တို့နိုင်ငံသို့လာသူများကို လေ့လာကြည့်လျှင်တော့ သိပ်စာမဖတ်ကြ။ အီးပုံတက်နင်းမိ၍ ၊ မြောင်းဖုံးကျွံကျ၍ မဖတ်ရဲကြတာမျိုးလည်း ဖြစ်နိုင်သည်။ လေဆိပ်ကားဂိတ်မီးရထားဆိပ် နေရာအတော်များများ သူတို့စာဖတ်နိုင်ကြသည်။ ဒါကြောင့် လည်း တိုးတက်ကြတာဖြစ်မည်ဟု အတွေးပိုက်မိသည်။ နာရီပေါင်းများစွာ အလုပ်လုပ်နိုင်တာတွေ၊ ဘာသာစကားပေါင်းစုံတတ်ကျွမ်းတာတွေထားအုံး ဒီစာဖတ်တာလေးတခုတော့ သူတို့ဆီက အတုယူသင့်သည်။ ဟုတ်ပြီ ။ ကားစီးရင်း ကျွန်တော်စာဖတ်မည်။
          တကယ်တမ်းကျတော့ ဆေးပညာစာအုပ်တွေက ထူထူထဲထဲလေးလေးပင်ပင်တွေများသည်။ သယ်ရတာကိုက မချောင်။ ကံဆိုးပြီးထိုင်ခုံနေရာမရလျှင် သယ်လာသောစာအုပ်ကို အတော်စိတ်ခုမိသည်။ မိန်းမပျိုလေးများ ခြင်းတောင်းအလွတ်လေးသယ်လာသည်ဆိုရင်ပဲ ကိုင်ထားပေးချင်သူတွေများသော်လည်း ကျွန်တော်လိုရုပ်ကိုတော့ ယောင်၍ပင်လည့်မကြည့်ကြ။ ကျားမခွဲခြားသည့်စနစ်ကို တိုက်ဖျက်နေသူတို့ ဂရုပြုစေလိုသည်။ နေရာရပြန်တော့ ဤစာအုပ်အလေးကြီးကို ကိုင်၍ကြာကြာမဖတ်နိုင်။ လက်ရောဇက်ပါ ညောင်းလာသည်။  နောက်ပြဿနာတခုက လမ်း။ နိုင်ငံခြားကလမ်းတွေ ကောင်းလွန်း၍ ကားဒက်ရှ်ဘုတ်ပေါ် ရေဖန်ခွက်တင်မောင်းတာတောင် ဖိတ်မကျဟု ကြားဖူးသည်။ ဒါကြောင့် နိုင်ငံခြားသားတွေ ကားစီးရင်း သက်တောင့်သက်သာ စာဖတ်နိုင်ခြင်းဖြစ်ရမည်။ ကျွန်တော်တို့နိုင်ငံမှာတော့ ဒီလိုမဟုတ်။ ချိုင့်တရာ ချောက်တကျွင်း လမ်းတွေများသော ရန်ကုန်မြို့တွင် ဘတ်စကားစီးရင်း စာဖတ်ဖူးသူတိုင်း ဤဒုက္ခ သိလိမ့်မည်။ ထိုင်နေရင်း ဘရိတ်ဒန့်ဆွဲလျှင်ဆွဲ၊ မဟုတ်လျှင် ရှေ့ခုံကို နှဖူးနှင့်သွားဆောင့်မိဖို့များသည်။ ပြိုင်ကားဒရိုင်ဘာနှင့် တွေ့လျှင် လက်နှစ်ဘက်ခြေနှစ်ဘက်လုံး လွှတ်မထားရဲသည့်အပြင် ဖင်ပါကြုံ့ထားရသေးသည်။ ခပ်အေးအေး မောင်းသည့် ကားဆရာနှင့်တွေ့လို့ စာဖတ်ရပြီထားတော့ ခုန်ပေါက်နေသောကားပေါ်တွင် အာရုံစူးစိုက်ဖို့ ခက်သည်။ နောက်တခုက အလွန်ပူလောင်အိုက်စပ်သော အဲကွန်းကားကြီးများ မီးပွိုင့်မိလျှင် ကိုရီးယား ချွေးထုတ်ခန်းလောက်ကတော့ သနားသည်။  ထို့ကြောင့် ပါလာသောစာအုပ်ကို နေပူကာရန်နှင့် ယပ်ခပ်ရန်သာ အသုံးပြုပြီး စာဖတ်ရန်မဟာအကြံအစည်ကို လုံးဝစွန့်လွတ်လိုက်ရသည်။ ရန်ကုန်မြို့ကြီးလမ်းတွေကောင်းသွား လျှင် ဘတ်စကားပါတ်စီးပြီး စာတွေတ၀ကြီးဖတ်ပစ်လိုက်မဟဲ့ဟု စိတ်ထဲမှာတေးထားလိုက်သည်။ ကျွန်တော့် ဘကြီးလိုဆန္ဒမပြည့်မှာလဲကြောက်သေးသည်။ လှည်းတန်းကုန်းကျော်တံတားကို လေးလအပြီးဆောက်မည်ဟု စာစောင်များတွင်ပါစဉ်က ဘကြီးပြောဖူးတာရှိသည်။ ငါမသေခင်တော့ လှည်းတန်းကုန်းကျော်တံတားကြီးကို မြင်ရပြီပေါ့ကွာဟုကြိမ်းဝါးဖူးသည်။ ယခုဘကြီးဆုံးတာ ၆လပြည့်တော့မည်။ ဂုံးကျော်တံတားက ငုတ်တို အဆင့်သာရှိသေးသည်။ ထားပါ ဘတ်စကားပေါ်ဖတ်၍မဖြစ်လျှင်လည်း နောက်တနည်းစဉ်းစားရတော့မည်။ အဓိကက စာဖတ်ဖြစ်ဖို့။
          တက္ကနိုလိုဂျီခေတ်တွင် ခါးချိအောင် သယ်ရသောစာအုပ်များကို ကျောက်သင်ပုန်းသာသာ ပစ္စည်းလေး များထဲတွင် တနင့်တပိုးထဲ့ထားပြီးဖတ်နိုင်သည့် အံဘနန်းနည်းပညာတွေပေါ်လာသည်။ ပန်းသီးကော်ပိုရေးရှင်း မှထုတ်လုတ်သည့် အိုင်ပက်များသည် ဈေးကွက်ထဲတွင် ကျော်ကြားလာသည်။ စာဖတ်ရ လွယ်ကူလိုက်ပါဘိ။ ပေါ့ပေါ့ပါးပါးကိုင်ရလွယ်သည်မို့ ထမင်းစားရင်း အီးပါရင်း ဖတ်နိုင်သည်။ ပက်လက်ဖတ်မလား ထိုင်ဖတ်မလား အို…လေးဘက်မှောက်ရက်အကုန်ဖတ်လို့ရသည်။ မီးပျက်လျှင်လဲအေးဆေး။ သူငယ်ချင်း ဆရာဝန်များ ချိုင်းကြားထဲတွင် အိုင်ပက်က ဖက်ရှင်တခုလိုဖြစ်လာသည်။ mobilehealth မှထုတ်ပြန်သော စစ်တမ်းတခု အရဆိုလျှင် ဆရာဝန် ၄၅%နုန်းသည် အိုင်ပက်ကို အိမ်မွေးတရိစ္ဆာန်တကောင်လို နှစ်ခြိုက်စွာ အသုံးပြုကြသည် ဟုဆိုသည်။ ခေတ်မှီသည့်ဆရာဝန်တိုင်း အိုင်ပက်ကိုင်ကြသလိုဖြစ်သည်။ စစ်တမ်းတခုတွင် အိုင်ပက်ကို စွဲလမ်းနှစ်ခြိုက်စွာ သုံးစွဲသူအများစုမှာ တကိုယ်ကောင်းဆန်ပြီး ကြွယ်ဝချမ်းသာလိုစိတ်ပြင်းပြသည့် ပညာတတ် များဖြစ်သည်တဲ့။ ဘယ်လိုပဲဆိုဆို အိုင်ပက်က ဆရာဝန်တွေအတွက်တော့ အတော်လေးအသုံးဝင်သည်ဟု ဆိုကြသည်။ စာအုပ်တွေဖတ်မလား၊ ဆေးဝါးအညွန်းတွေပဲကြည့်မလား၊ အင်တာနက်သုံးပြီး ဆေးပညာစာတမ်း တွေရှာမလား အတော်အလုပ်ဖြစ်သည်ဆိုကြသည်။ ဖင်ကြားသို့ မှတ်စုစာအုပ်ညှပ်သွားစရာမလိုတော့။ အိုင်ပက်ထဲတွင်မှတ်နိုင်သည်။ ထို့ကြောင့်အိုင်ပက်ကို ပို၍စိတ်ဝင်စားလာသည်။ ခက်တာတခုက ဈေးနှုန်း။
             ဈေးကတော့ ကျွန်တော့်အတွက် အတော်လေးကြီးသည်။ သူငယ်ချင်းတယောက်က အိုင်ပက်ကို မွေးဖွားပေးသူ စတိဗ်ဂျော့ဘ် ဖင်ခေါင်းကျယ်၍ ဈေးကြီးကြောင်းပြောပြဖူးသည်။  မြန်မာငွေနှင့်တွက်ပါက လေးငါးသိန်းကျမည်။ လစာတစ်သိန်းကျော် နှင့် မိန်းမရပြီးနေစရာမရှိသေးသော ကျွန်တော့အတွက် လက်လှမ်းမမှီ။ ဒါလေးရှိလျှင် ငါတော့ဖြင့် စာတွေတအားဖတ်ဖြစ်တော့မှာပဲဟု တွေးမိသည်။ အိုင်ပက်ကိုင်သော သူငယ်ချင်းဆရာဝန်များ တွေ့လျှင် သူတော့ဖြင့်အိုင်ပက်ကလေးနဲ့စာတွေတအားဖတ်ဖြစ်နေတော့မှာပဲ ထင်ပြီး အားငယ်စိတ်တွေ ၀င်လာသည်။ သည်လိုနှင့် ကျွန်တော့်တွင် အိုင်ပက်ရောဂါစွဲကပ်တော့သည်။ သူများတွေဖတ်သော အင်တာနက်နည်းပညာဂျာနယ်တွင်ပါလေ့ရှိသော အိုင်ပက်ဈေးနူန်းများကို နည်းတယ်၊ များတယ် ၊မတန်ဘူး စသည်ဖြင့် အသားလွတ်ခွဲခြမ်းစိတ်ဖြာကြည့်မိသည်။ အိုင်ပက်ကိုင်သော သူငယ်ချင်းများထံမှ လက်ချာတွေ နားထောင်ရင်းမှ အိုင်ပက်တွင် စာဖတ်ခြင်းထက်ပို၍ကောင်းမွန်သော စွမ်းဆောင်ရည်ရှိသည့် ကိစ္စများကို သိလာသည်။ အိုင်ပက်လိုစွမ်းဆောင်ရည်မျိုးနှင့် ဈေးပေါသော သင်ပုန်းကွန်ပျုတာများကို လိုက်ရှာကြည့်သည်။ မတွေ့။ ဒီကောင်က တခြားပစ္စည်းတွေနှင့်စာလျှင် အမြဲတမ်းနှာတဖျားသာနေသည်။ ကျွန်တော် တက္ကနိုလိုဂျီ အပြုပြင်ခံဖြစ်မှန်းမသိဖြစ်နေသည်ကို သတိမထားမိ။ ငွေလေးငါးသိန်းကို တလုံးတခဲထဲမသုံးနိုင်သည့်အတွက် အရစ်ကျရောင်းနိုင်မည့် ဆိုင်တွေကို စုံစမ်းကြည့်မိသည်။ ဘဏ်အကောင့်၊ ဟိုထောက်ခံစာ ၊ ဒီထောက်ခံစာတွေ များသည့်အပြင် အတိုးနူန်းကလည်းကြီးမြင့်သေးသည်။ မိန်းမကိုတိုင်ပင်ကြည့်သည်။ ရှင့်စာအုပ်တွေကိုပဲ ကုန်အောင်ဖတ်ပါအုန်း၊ တလတလအလျှင်မီအောင်မနဲလုပ်နေရတဲ့အထဲ ရှင်ဒီဟာတွေနောက်ပဲတကောက် ကောက်လိုက်နေတာပဲ ဟူသည့် တုံပြန်မှုကိုရသည်။ သူပြောတာလည်း ဟုတ်သလိုတော့ ရှိသည်။ ကျွန်တော်ထံတွင် ပြီးအောင်မဖတ်ရသေးသည့် ဆေးစာအုပ်တွေလဲ ရှိသေးသည်။ ဒီလိုနှင့်စဉ်းစားရင်း စဉ်းစားရင်း စတိဗ်ဂျော့်ဘ ကြီးသေပြီး အိုင်ပက်မျိုးဆက်သစ်တွေထပ်ထွက်လာသည်။ နယူးအိုင်ပက်၊ အိုက်ပက် မီနီ။ ဘေးနားက အိုင်ပက်ပိုင်ရှင် သူငယ်ချင်းများကိုလေ့လာကြည့်လျှင် စာဖတ်သူက နည်းလာသည်။ ဂိမ်းဆော့သည်။ အိုင်ပက်နှင့်အင်တာနက်တက်သည်။ ဖေ့ဘွတ်တွင် အချိန်ဖြုန်းသည်။ ဘယ်ဂိမ်းက ဘယ်လိုကောင်းပြီး ဘယ်အပ်ပ(app) ကဘယ်လိုကောင်းကြောင်းဖလှယ်နေကြသည်။ စာအုပ်စင်တွင်တော့ ရနိုင်သမျှဆေးစာအုပ်တွေ ထည့်ထားလိုက်ခြင်းဖြင့် စိတ်ကျေနပ်မှုရသွားသည်။ ဘယ်အချိန်ဖတ်ဖတ်ပေါ့။ ကျွန်တော်ကြုံဖူးသည့် ဆရာကြီးတယောက်ဆိုလျှင် နုတ်ဖြေမေးခွန်းမေးရင်း အိုင်ပက်နှင့်ဂေါက်ရိုက်နေသည်။ ကျောင်းသားကတော့ ဆရာကြီးအိုင်ပက်ကိုင်ပြီးမေးနေတာကြောင့် ဇောချွေးတွေပြန်နေသည်။ ဆရာကြီး၏ ဦးနှောက်ထဲတွင် အိုင်ပက်ထက်အဆတစ်ရာသာသော ပညာတွေရှိသည်။ အသိပညာအတတ်ပညာကို အိုင်ပက်ထဲထည့်ထားလို့မရ။ ပိုက်ဆံရှိသော သူငယ်ချင်းတယောက်ဆိုလျှင် အိုင်ပက်မျိုးဆက် သုံးခုလုံး ၀ယ်၍ စုထားသည် ဟူသတတ်။ စာဖတ်ဖြစ်မဖြစ်တော့မသိ။
          ကျွန်တော့်စာအုပ်စင်ပေါ်တွင် ကျွန်တော်ပြီးအောင်မဖတ်ရသေးသော ဆေးပညာရပ်ဆိုင်ရာ စာအုပ် တွေတပုံတပင်ရှိနေသေးသည်။ တကယ်တမ်းတော့ စာအုပ်တအုပ်ကို လှန်လောပြီး စိတ်ကြိုက်ဖတ်ရသည့် အရသာက အိုင်ပက်ပေါ်တွင် လက်ညှိုးဖြင့်ဟိုပွတ်သည်ပွတ်ဖတ်ရသည်ထက် အများကြီးသာသည်။ စာအုပ်တွေ၏ ခန့်ထည်မှု ရနံ့နှင့်ထိတွေ့မှုကို အိုင်ပက်က မပေးစွမ်းနိုင်ပေ။ စာအုပ်တွေထဲတွင် အိုင်ပက်လို မှော်ဆန်သည့်စွဲဆောင်မှုမျိုးတွေ ပုန်းအောင်းမနေ။ စာအုပ်များသည်သမိုင်းဖြစ်သည်။ စာအုပ်များကို ကျွန်တော် လေးစားသည့်အနေဖြင့် အိုင်ပက်ကို ကျွန်တော်လက်လျှော့လိုက်သည်။ စတိဗ်ဂျော့ဘ်၏ ပဉ္စလက်ဆန်သည့် တီထွင်ဖန်တီးမှုကို ကျွန်တော့မိန်းမစုဘူး နှင့် ကျွန်တော်စာအုပ်စင်က စာအုပ်များနှင့်မလဲနိုင်။ ဟိုမှတ်သည်မှတ် မှတ်စုအတိုအစများနှင့်မလဲနိုင်။ ရှင်းရှင်းပြောရလျှင် သမိုင်းကို ပြောင်းလဲသည့် ပန်းသီးပိုင်ရှင်များကို ကျွန်တော်လေးစားသော်လည်း စတိဂျော့်ဘ်၏ပန်းသီးတလုံးသည်ကျွန်တော့်အတွက် တန်ဖိုးကြီးလွန်းနေသည်။ တကယ်တမ်းတော့ ကျွန်တော်သည် တက္ကနိုလိုဂျီ ဘေးထိုင်ဘုပြောတယောက် လည်းဖြစ်နိုင်သည်။



0 comments:

Post a Comment