ကျွန်တော့် ကျောင်းသားဘဝ တွေးတောတတ်စ အလယ်တန်းကျောင်းသား အရွယ်မှ စပြီး ဆေးတက္ကသိုလ်ကျောင်းသားဘဝ အထိ ဆရာဆရာမများထံမှ မကြာခဏ ကြားရတဲ့ စကား စု လေးတခုရှိပါတယ်။ “ငါတို့တုန်းကဆိုရင်…” ဆိုတဲ့ စကားစုလေးပါ။ ပြီးတော့ လိုက်လာတဲ့နောက်ဆက်တွဲစကားလုံးများကတော့ ကျွန်တော်တို့ဘယ်လောက်လိုတယ်ဆိုတာပါဘဲ။ ကျွန်တော် ကတော့အဲဒီစကားလုံး ကိုကြားရတဲ့အကြိမ်တိုင်းမှာ မိမိကိုယ်ကိုအားမရခြင်း၊ ဒီထက်ပိုပြီးကောင်းမွန်တဲ့ ပညာရေး အခြေခံအဆောင်အဦ များကိုတမ်းတမိခြင်း၊ အစချီပြီးတော့ ခေတ် စနစ်အစရှိတဲ့ ကျွန်တော်တို့ကျောင်းသားအရွယ်နဲ့ လက်လှမ်းမမှီ ပြင်ဆင်ရန်မတတ်နိုင်တဲ့ အရာများအကြောင်းကိုစဉ်းစားမိပါတယ်။ အရင်တုန်းလူတွေကအရမ်းတော်တာဘဲ၊ ဘာလို့များပါလိမ့်၊ ငါတို့ကျမှဘယ်လိုဖြစ်ရတာပါလိမ့်၊ငါတို့ဥာဏ်မမီပါလား၊ ဆိုပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်လုမတတ် အကြိမ်ကြိမ်ဖြစ်ခဲ့ရပါတယ်။ အကြိမ်ပေါင်းမြောက်များစွာ၊ နုနယ်တက်ကြွတဲ့ ဦးနှောက်များဟာ ယုံကြည်ချက်ပျောက်ဆုံး မတက် အဆိုပါစကားလုံးရဲ ဒါဏ်ကို ခံခဲ့ရပါတယ်။…..ဒါပေမဲ့ ကျွန်တော်ပြောရဲတာတခုကတော့ ဘုရားနဲ့တစ်ဂိုဏ်းထဲထား ကိုးကွယ်ရပါသော ဆရာဆရာမကြီးများ အပေါ် အဆိုပါစွပ်စွဲမှုအတွက် စိုးစဉ်းမျှ စိတ်မကွက်ခဲ့ပါဘူးခင်ဗျာ။ မိမိကိုယ်ကိုယ်သာအပြစ်မြင်ရင်း ကိုယ့်အရည်အချင်းအပေါ် အကြိမ်ကြိမ် သံသယ ဝင်ဝေးဝါးရင်း ကြိတ်အဖြေရှာနေခဲ့မိပါတယ်။ ဒီအထိ ကျောင်းသားအများစု ခံစားရတဲ့ ခံစားချက် အတွေ့အကြုံဟာအတူတူဘဲဖြစ်မယ်လို့ထင်ပါတယ်။ ဒီ အခြေအနေပေါ် တုံ့ပြန်တဲ့ ပုံစံကတော့ ကျောင်းသားတယောက်ချင်းရဲ့ individuality အတိုင်း ကွဲပြားသွားပါတယ်။ တုံပြန်တဲ့ပုံစံတွေများပြားစွာရှိပေမဲ့ သာမန်ကျောင်းသားအများစု တုံ့ပြန်တဲ့ ပုံစံကို
ကျွန်တော်သတိထားခဲ့မိသလောက်ပြောပြချင်ပါတယ်။ ဆေးကျောင်းသားဘဝတုန်းက ကျွန်တော်ဟာ ကျွန်တော့ကျောင်းမှာတော့ သာမာန်အောက်မရောက်အောင် ကြိုးစားရုန်းကန် နေရတဲ့ ကျောင်းသားမျိုးပါ။
သာမန်ကျောင်းသားလို့ဘဲ ညှာညှာတာတာပြောပါရစေ။ ကျွန်တော်နှင့်တကွ သာမာန်ကျောင်းသားအများစု တုံ့ပြန်ခဲ့တဲ့ပုံကတော့ ကိုယ့်အသိဥာဏ်ကို ပိတ်လှောင်မိလိုက်ပါတယ်။ ကိုယ်သိတာကိုဆရာကို မပြောရဲတော့သလို။ မသိတာကိုလဲဆရာကို မမေးရဲတော့ပါဘူး။ မဖြစ်မနေမေးရတော့မယ်ဆိုရင်တောင် သူမေးငါမေး တယောက်နဲ့တယောက် တွန်းပို့နေလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မကြာခဏကြားရလေ့ရှိတဲ့ “မင်းဒါလေးတောင်မသိဘူးလား ဒီအတန်းရောက်နေပြီ” ဆိုတဲ့စကားလုံးကိုအင်မတန်ကြောက်လို့ပါ။ ဆရာတို့ကျွန်တော်တို့အရွယ်တုန်းက ဒီထက်အများကြီးသိနှင့်နေခဲ့ပြီလို့ ကျွန်တော် တို့အားလုံး အကြွင်းမဲ့ယုံကြည်ပြီးသားဖြစ်နေလို့ပါ။
ကျွန်တော်ယုံကြည်တာတခုက ဆရာတစ်ယောက်အနေနဲ့ ကိုယ့်တပည့်က ဘယ်လောက်ထိသိလဲ ဆိုတာကို သိဘို့က သင်ကြားရေးမှာ အလွန်အရေးကြီးတဲ့ factor တခုဖြစ်တယ်ဆိုတာပါ။ တပည့်က ၄ အလီရပြီးသား မှန်းသိမှ ၅ အလီကို တက်သင်ပေးရမှာဖြစ်ပါတယ်။ အဲလိုသိဘို့ကတော့ကျောင်းသားများကဆရာကို မရှက်မကြောက် ကျွန်တော်တော့ဖြင့် ၄ အလီိထိရပါတယ်ခင်ဗျာဆိုပြီးပြော ရဲရပါမယ်။ ကျောင်းသားတွေကအဲဒီ information ဆရာ ကိုပေးမသိတော့တဲ့အခြေအနေမျိုး။ အဲဒီအခြေအနေမျိုးမှာ သင်ရတဲ့ဆရာလဲ အင်မတန် ခက်ခဲမှာဖြစ်ပါတယ်။ ဆရာတယောက်အနေနဲ့ကိုယ့်တပည့်တစ်ယောက် ဘယ်လောက်သိလဲဆိုတာကို ခန့်မှန်းနိုင်တယ်ဆိုပေမဲ့၊ တပည့်ကပွင့်ပွင့်လင်းလင်း ပြောပြသလောက်တော့ မြန်ဆန်တိကျတဲ့ information မျိုးရဘို့မလွယ်ပါဘူး။ ဒီလိုနဲ့ ဆရာတွေက တပည့်တွေ ရဲ့ စည်းအပြင်ဘက်မှာ ထီးထီးကြီးရပ်နေမိတဲ့ အခြေအနေတရပ်ကို ဖန်တီးမိပါတော့တယ်။ တပည့်တွေ ထဲမှာ ဘာပြသနာတွေတက်နေလဲ ဘာတွေ လမ်းမှားရောက်နေလဲ၊ ဘယ်နေရာမှာထူးချွန်နေလဲ၊ ပြီးတော့ တပည့်တွေကြားမှာ ဘာ current ဖြစ်နေလဲဆိုတာဆရာကသိဘို့ အတော်ခဲယဉ်းတဲ့အခြေအနေတရပ်ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အထိုင်ကျနေတဲ့၊ ပြင်ဆင်ဘို့လိုအပ်တယ်လို့လဲ အကြိမ်ကြိမ် ပြောနေ၊ ကြိုးစားနေကြတဲ့ one way teaching နဲ့ teacher centered learning ဆိုတဲ့ စနစ် ကိုသက်ဆိုးရှည်စေပါတယ်။ ကျွန်တော်တို့မြန်မာကျောင်းသားများဟာ “ညီညာထကြွ ၊ဆုံးမနာယူ ၊လာမူကြိုဆီး ၊ ထံနှီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်မချွတ်ငါးခုသာ” ဆိုတဲ့ တပည့်ဝတ်တွေကို universal truth အဖြစ်ခံယူထားတဲ့ တပည့်သားများဖြစ်ပါတယ်။ ဆရာ့စကားကိုမြေဝယ်မကျနားထောင်နိုင်တဲ့သောတပည့်သည်သာလျှင် တပည့်ကောင်း တယောက်ဖြစ်တယ် ဆိုတဲ့ အတွေးအခေါ်များနဲ့ ကြီးပြင်းလာကြသူတွေဖြစ်ပါတယ်။ သိပ္ပံ ပညာမှာကမ္ဘာကိုဦးဆောင်နေတဲ့ ၊မိဘ ဆရာကို နင်နဲ့ငါနဲ့ ပြောတဲ့ဓလေ့မျိုးရှိတဲ့ နိုင်ငံများမှ ကျောင်းသားများနဲ့ယှဉ် လျင် ကျွန်တော်တို့ ကျောင်းသားများဟာ လျို့ ဝှက်တယ်၊ ပိုပြီးပြောင်းလဲရန်ခက်ခဲတယ်လို့ထင်မိပါတယ်။ ဒီလိုထင်မိတာဟာ ကျွန်တော်တို့ ဓလေ့၊ ကျွန်တော်တို့ယဉ်ကျေးမှု ကိုမကောင်းဘူး ဆိုပြီးတော့ အထင်သေးအပြစ်တင် ချင်တဲ့စိတ် လုံးဝမပါကြောင်း အပြည့်အဝ အာမခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ ကျွန်တော်တို့ကိုယ်ပိုင်ဟန်( uniqueness ) ရှိပါတယ်။ America မဟုတ်သလို၊ China မဟုတ်ပါဘူး။ literature မတူပါဘူး၊ ပထဝီ မတူပါဘူး၊ သမိုင်း မတူပါဘူး၊ ရင့်သန်တဲ့၊ လွှမ်းမိုးတဲ့အတွေးအခေါ်ချင်းမတူပါဘူး။ ဆိုလိုတာက ပုံတူကူးချဘို့ ဘယ်လိုနည်းနှင့်မှ မဖြစ်နိုင်ပါ။ “မင်းလဲမင်းဘဝနဲ့ မင်းလမ်း မင်းလျှောက်… ကိုယ့်ဘ၀နဲ့ကိုယ်” ဆိုတဲ့သီချင်းစာသားလေးလိုဖြစ်ပါတယ်။ သက်ဆိုးရှည်နေတဲ့စနစ်ဟောင်း ဖျောက်ဖျက်ဘို့ခက်ခဲနေတဲ့ ထဲမှာ ဒီလို မတူညီတဲ့ တပည့်တွေရဲ့ခံယူချက် ကလဲ တနေရာကပါပါတယ်။ ပြောင်းလဲဘို့အတွက် သူများနိုင်ငံတွေထက် ပိုပြီးအားစိုက်ထုတ် မှသာသူများတွေလောက် နီးနီး ပြောင်းလဲနိုင်လိမ့်မယ်လို့ တွေးမိတာပါ။
ကျွန်တော့်ကို မွေးထုတ်ပေးလိုက်တာဟာ ကျေးဇူးရှင်ဒီ မိဘ၊ ဒီဆရာနဲ့ ဒီပညာရေးစနစ်သာဖြစ်ပါတယ်။ ကျွန်တော်ကိုင်တိုင်ကလဲ ဒီစနစ်ထဲမှာဘဲ အထိုင်ကျပျော် ရွှင်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိအချိန်ထိဆရာဆရာမများကိုချစ်ကြောက်ရိုသေလျက်ပါ။ ဆရာ၊ ဆရာမတွေ အင်မတန် တော်တာ၊ တတ်တာကိုလဲ အစဉ်အားကျနေခဲ့မိပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ခေတ်က ဆရာ၊ဆရာမတွေခေတ်တုန်းကနဲ့စာရင် “ငါတို့တုန်းကဆိုရင်…” အစချီပြီး ဆွဲစိ နှိုင်းယှဉ်လို့မရလောက်အောင်၊ မမှတ်မိလောက်အောင်လုံးဝခြားနားသွားခဲ့ပါပြီ။ ကျွန်တော်ဒီ အဖြစ်ကိုသတိမထား ထည့်မတွက်ဘဲ မဖြစ်နိုင်တဲ့ခေတ်ဟောင်းကိုပြန်တမ်းတပြီး စိတ်အားငယ်နေလို့မရတော့ပါလားလို့ စဉ်းစားမိချိန်မှာ ကျွန်တော်စိတ်သက်သာရာရခဲ့ပါတယ်။ မိဘ၊ဆရာများဂုဏ်ကျေးဇူးကြောင့် နိုင်ငံခြားအတွေ့ အကြုံတခု ကိုရခဲ့ဘို့အကြောင်းဖြစ်လာခဲ့ပါတယ်။ တို့တွေနဲ့ ဘာတွေများဘယ်လိုကွာတာတုန်းဆိုပြီးတော့ လက်လှန်းမှီသလောက် စူးစမ်းခဲ့ပါတယ်။ ကျွန်တော်ဆေးရုံမှာအလုပ်လုပ်ရင်း တခု သတိထားမိလာတာ ကတော့ အထက်အောက်ပွင့်လင်းမှုဖြစ်ပါတယ်။ အထက်အောက်ဆက်ဆံရေးမှာအကြောက်တရားအင်မတန်နည်းပါးပါတယ်။ ဥပမာ- Residency တစ်ယောက်က သူ့ I-phone က နွားနို့ညှစ်တဲ့ ရယ်စရာ application လေးတခုကို ကျွန်တော်တို့အချင်းချင်းပြပါတယ်။ ပြနေတုန်း ဝပ်ပိုင် prof. ကဝင်လာပြီး သူ့အလုပ်သူလုပ်နေပါတယ်။ အဲဒီအချိန်မှာသူက “နေဦး ငါ ဝပ်ပိုင်ကိုသွားပြလိုက်ဦးမယ်” ဆိုပြီးတော့ ပြေးပြပါတယ်။ ပြီးတော့အတူရယ်မောနေကြပါတယ်။ ကျွန်တော် တော်တော်စဉ်းစားမိပါတယ်။ ငါတို့ဆီမှာဆိုရင်တော့ ဒီလိုကိစ္စမျိုးကိုအကြီးကိုသွားပြဘို့ စဉ်းတောင်စဉ်းစားမိမှာမဟုတ်ဘူးဆိုပြီးတော့ပါ။
ဒါကသင်ခန်းစာနဲ့မပက်သက်တဲ့ လုပ်ငန်းခွင်ပြင်ပခင်မင်မှုမျိုး ပါ။ သင်ခန်းစာ၊ knowledge နဲ့ပတ်သက် ပြီးတော့ဆွေးနွေးကြပြီဆိုရင်တော့(ဆရာကဦးဆောင် ဆွေးနွေးသောlecture ခန်းတွင်မဆိုလိုပါ) အငယ်ကအကြီးကို တစ်လုံးသိရင်တစ်လုံး ပြန်ရှင်းပြပါတယ်။ ပုံစံက ဆရာတယောက်ကိုစာပြန်နေတဲ့ ကျောင်းသားပုံစံ နဲ့လုံးဝ ကိုမတူပါဘူး။ သူရှင်းပြနေတာ သူ့ထက်အဆပေါင်းများစွာတတ်သိထားပြီးသား prof. ကြီးဖြစ်တယ်ဆိုတာ သတိတောင်ရပုံမပေါက်ပါဘူး။ဆရာ ကတော့ လမ်းရှောက်တတ်စ ကလေးတယောက် လမ်းလျှောက်နေတာကို ထိုင်ကြည့်နေတဲ့ အမေတယောက်ရဲ့ မျက်နှာပေးမျိုးနဲ့ နားထောင်နေလေ့ရှိပါတယ် အကုန်ပြီးမှအမှားအမှန်၊ အပိုအလို ဆရာနဲ့အပြန်အလှန်ဆွေးနွေးကြပါတယ်။ ကျွန်တော်စဉ်းစားမိတာက ကျွန်တော်တို့ဆီမှာက ဒေါင်လိုက်အုပ်ချုပ်ရေးပိုဆန်ပြီး သူတို့ဆီမှာက အလျားလိုက်ပိုဆန်ပါတယ်။ အဲဒီတော့ ဆရာက ကိုယ့် တပည့်ရဲ့ အရည်အချင်း၊ အဆင့်အတန်း အပြင် စာရိတ္တ ကိုပါ အလွယ်တကူသိခွင့်ရပါတော့တယ်။ တပည့်တစ်ယောက်ရဲ့စွမ်းဆောင်နိုင်မဲ့တာဝန်နဲ့ ထိန်းကျောင်းပြုပြင် ရမဲ့ နည်းလမ်းကိုလဲ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပါတယ်။ လူငယ်တယောက်ရဲ့ ကာယ အား၊ ဥာဏအား နဲ့ ဖန်တီးနိုင်မှု (creativity) ကို အပြည့်အဝ ထိထိရောက် အသုံးချနိုင် တဲ့အတွက် လုပ်ငန်းခွင်တွင်ကျယ်သလို။ လူငယ်တွေကိုလဲ ငါဒါကိုလုပ်နိုင်ပါလား ဆိုတဲ့ မိမိကိုယ်ကိုယုံကြည်မှု ကိုလဲပြုစုပျိုးထောင်ပေးရာရောက်ပါတယ်။ ကျွန်တော်တို့ဆီမှာဆိုရင် နယ်ပယ်အသီးသီးက လုပ်ငန်းခွင်တွေမှာ လူငယ်တွေရဲ့လုပ်အား၊ အင်အား နဲ့ creativity ကို ဒီနိုင်ငံတွေလောက် အသုံးမချနိုင်ပါဘူး။ ဒီနေ့ခေတ်ကြီးမှာ creativity ကဘယ်လောက်အရေးကြီးတယ်ဆိုတာတော့ အားလုံးသိတော်မူကြတဲ့အတိုင်းပါ။ creativity ဆိုတာ သင်ပေးလို့ရတဲ့အရာတခုမဟုတ်ပါဘူး။ အတွေ့အကြုံပေါ်လဲမူမတည်ပါဘူး။ လူတိုင်းမှာ ကံကြမ္မာက ပေးသလောက် သာပါလာရတယ်လို့ဘဲ လွယ်လွယ်ပြောပါရစေ။ လူငယ်တိုင်းက လူကြီးတိုင်းထက် creativity ပိုကောင်းတယ်လို့တော့ပြောလို့မရပါဘူး။ လူငယ်တွေကပိုပြီး လွတ်လွတ်လပ်လပ်၊ ဖောက်ထွက်တွေးတောချင်တဲ့ဆန္ဒရှိတယ်ဆိုတာတော့ လက်ခံရပါမယ်။ ထင်ရှားတဲ့သာဓက အဖြစ်မကြာသေးမီကမှ ကွယ်လွန်သွားတဲ့ apple company ရဲ့ CEO၊ Steve Jobs ဟာ အသက်၂၁ နှစ်မှာ၊ သူ့ရဲ့အသက် ၂၆ နှစ် ရွယ်သူငယ်ချင်း Worzniak နဲ့ပေါင်းပြီး ပထမဆုံး apple computer ကိုထွင်ပြီးပါပြီ။ ကျန်တဲ့ သာဓကတွေလဲအများကြီး အများကြီးရှိပါသေးတယ်။ ဒါဟာလူငယ်တွေရဲ့ အင်အား၊ လုပ်အားနဲ့ ဖန်တီးမှုကို ကောင်းကောင်းအသုံးချခဲ့လို့ဖြစ်ပါတယ်။ ဒါပေမဲ့ စဉ်းစားစရာပြောစရာတစ်ခုရှိလာပါတယ်။ လူငယ်ဆိုတာကလူကြီးတွေလောက် အတွေ့ အကြုံ နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိပါဘူး။ အဲဒီအတွက် ပြုပြန်ထိန်းကျောင်းဘို့လိုပါတယ်။ အခုလို အလျားလိုက်ဆန်ဆန်အထက်အောက်ဆက်ဆံရေးမျိုး၊ အုပ်ချုပ် မှုမျိုးမှာ အကြောက်တရားက နည်းသွားပါတယ်။ သာမန်အားဖြင့်စဉ်းစားကြည့်မယ်ဆိုရင်တော့ အကြောက်တရားနည်းသွားရင် ထိန်းကြောင်းရတာပိုခက်ခဲမယ်လို့ ထင်ရပါတယ်။ အဲဒီအတွက် ဒီနိုင်ငံတွေမှာ သုံးတာက responsibility ပါ။ သူတို့နဲ့သင့်လျော်မဲ့ အလုပ်ကိစ္စအတွက်တာဝန်ကို အပြည့်အဝယူခိုင်းပါတယ်။ ဆရာ၊ဆရာမပင်ပန်းသလောက် ကျောင်းသားအတွက်လဲ အကျိုးမရှိသော spoon feeding ပညာရေးရဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ Responsibility is adult life ဆိုတဲ့စကားပုံလေးအတိုင်း လူငယ်တွေကို responsibility နဲ့ထိန်းကျောင်းခြင်းဟာ ကျောင်းသားတွေလူငယ်တွေကို mature ဖြစ်စေပြီး ထိန်းကျောင်းရလွယ်ကူစေပါတယ်။ အဲလိုလူငယ်တွေနဲ့ ဆရာနဲ့မျက်လုံးချင်းမစုံရဲတဲ့ ကျွန်တော်တို့ လူငယ်တွေနဲ့ဆိုရင် စွမ်းဆောင်နိုင်ရည်ချင်းမကွာရင်တောင် ယုံကြည်မှုချင်းကကွာသွားပါတယ်။
ကမ္ဘာလောကကြီးမှ မည်သည့်အရာမဆို pros & cons ဆိုတာတော့ရှိပါတယ်။ အထက်အောက်ပွင့်လင်းမှု ၊ အလျားလိုက်ဆန်ဆန် အုပ်ချုပ်ရေး စတဲ့အရာများရဲ တဘက်စွန်းမှာလဲ ကျွန်တော်တို့လူမျိုးရဲ့ချစ်စရာကောင်းတဲ့ အထက်အောက်ရိုသေလေးစားခြင်း၊ အချင်းချင်းရိုင်းပင်းကူညီခြင်း၊ မိမိကိုယ်ကိုနှိမ့်ချတက်ခြင်း စတဲ့ ဓလေ့စရိုက်တွေကိုထိခိုက်စေမဲ့ အဆိုးတရားတွေက တွဲပါပြီးသားဖြစ် နေပါတယ်။ “တံခါးဖွင့်ရင်တော့ အနံ့ဆိုးတွေရော၊ လေကောင်းလေသန့်ပါဝင်လာမှာဘဲ” ဆိုတဲ့စကားလိုပါ။ ငယ်ငယ်ကကြားဘူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပြောပြပါရစေ။ ပုံပြင်လေးက………..သူငယ်ချင်းတစ်စုလေ့လာရေးထွက် ကြရင်း တောထဲမှာ လမ်းပျောက်ရာကစပါတယ်။ ဝါရင့်ထမင်းချက်ကြီးတစ်ဦး တော့သူတို့နဲ့အတူပါသတဲ့၊ လမ်းပျောက်ပြီး သုံးလေးရက်ကြာလာတော့ သူတို့မှာပါလဲတဲ့ ရိက္ခာများချွေတာစား ရင်းကဘဲ၊ ဆန်ကလွဲလို့ ဘာမှမကျန်အောင် ကုန်ရှာကြသတဲ့။ ကံကောင်းတာတခုက တောထဲမှာစားရန်သင့်တော် တဲ့အသီးအရွက်တချို့ ရှိတဲ့အတွက် အနည်းငယ်ကျန်တဲ့ဆန်လေးတွေ နဲ့ ရှာဖွေစားသောက်လို့ရတဲ့ အသီးအရွက်လေးတွေကို ဟင်းအဖြစ် စားသောက်ကြရင်း ခရီးကိုဆက်ခဲ့ကြပါသတဲ့။ ဒီလိုနဲ့ရက်အနည်းငယ်ထပ်ကြာလာတဲ့အခါ။ ကျောင်းသားတစ်ဦးက ညတညမှာ စ ညည်းပါတယ်။ “အခုအချိန်သာ အသားဟင်းတခွက်လောက်စားလိုက်ရရင်ကွာ။ ဘာမဆိုပေးနိုင်ပါရဲ့” ဆိုပြီးတော့ပါ။ ထမင်းချက်ကြီးက အဲဒီစကားကြားတော့ ပြုံးသတဲ့။ အဲလိုနဲ့ နောက်နေ့မနက်လင်းပြီး သူငယ်ချင်းတွေ မနက်စာစား ကြတော့ အသားဟင်းတစ်ခွက် က ငွေ့ တစ်ထောင်းထောင်း။ ဘာသားမှန်းမသိပေမဲ့ သူငယ်ချင်းတွေ လဲ အသားဟင်းငတ်တဲ့ဒဏ်ကြောင့် အတိုးချပြီး လွေးလိုက်ကြတာ အိုးကို လက်ညိုးနဲ့သပ်ပြီး ယက်တဲ့လူက ယက်တဲ့အထိဆိုဘဲ။ ထမင်းချက်ကြီးကတော့ ပြုံးယုံသာပြုံးမြဲ။ အဲလိုနဲ့ စားပြီးသောက်ပြီးခရီးဆက် ကြမယ်ဆိုပြီး။ ပစ္စည်းတွေသိမ်းကြ၊ ပြင်ဆင်ကြတဲ့အချိန်မှာ။ မနေ့ညက အသားဟင်းကိုတမ်းတမိတဲ့ သူငယ်ချင်းတယောက်ရဲ့ သားရေဖိနပ်က ပျောက်ချင်းမလှပျောက်နေ ပါရော။ သူငယ်ချင်းတွေ အကုန်ကူပြီး မြေလှန်ရှာ မယ်လုပ်နေတဲ့အချိန်၊ ထမင်းချက်ကြီး ကဝင်ပြောလိုက်တဲ့စကား ကြောင့် ဖိနပ်ရှာနေတဲ့သူငယ်ချင်းတစ်စု ဆွံအသွားရပါသတဲ့။ “လူလေးတို့ ဟင်းကောင်းလဲစားချင်၊ ဖိနပ်လဲစီးချင်လို့တော့ဘယ်ရမလဲကွယ်” တဲ့။ ပုံပြင်လေးကတော့ ဒါပါဘဲ။ တခုခုကိုလိုချင်ရင် တခုခုကိုတော့ပေးဆပ်ရပါတယ်။ အကောင်းတွေချည်းရွေးယူမယ် အဆိုးတွေကုန်ထားခဲ့ ဆိုပြီးလုပ်လို့တော့မရနိုင်ပါ။ အကောင်းအဆိုးတွေဒွန်တွဲနေတဲ့ထဲကမှ ကျွန်တော်တို့ ရဲ့ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ဓလေ့ နဲ့ သဟဇာတာဖြစ်မဲ့၊ ပိုကောင်းတဲ့ equilibrium တခုကို ကျွန်တော်တို့ ဆရာတပည့်တွေ ကြိုးစားပြီး စဉ်ဆက်မပျက် ဖန်တီးနေနိုင်မှသာလျင် မြန်ဆန်စွာစီးဆင်းနေတဲ့ နိုင်ငံတကာ ခေတ် ရေစီးကြောင်းထဲမှာ ကျကျနန ပါဝင်စီးမျောနိုင်မယ်ထင်ပါတယ်ခင်ဗျာ။
ကျွန်တော်ဟာ ဆေးပညာလောကကြီးထဲမှာ သိက္ခာတော်ရဝါတော်ရင့်ဆရာတော်ကြီးများ ကြားက ဖိုးသူတော်သာသာကိုရင်လေးတစ်ပါး သာဖြစ်ပါတယ်။ ကျွန်တော်ရေးတဲ့ ဒီ note လေးကိုဖတ်ရင်း ကျွန်တော့် အပေါ် ဆရာတော်ကြီးများကို စာပြန်ချရန် ကြိုးစားနေသော ကိုရင်အဖြစ် မမှတ်ထင်ကြဘဲ။ လမ်းရှောက်တတ်စ ကလေးတစ်ယောက် လေကားထစ်ပေါ်တက်ဘို့ကြိုးစား နေခြင်းအား စောင့်ကြည့်နေမိသော မိခင် များသို့………………လက်အုပ်ချီမိုးလျက်။
0 comments:
Post a Comment