RSS
Facebook
Twitter

Saturday, August 14, 2010

ဆေးသောက်ခြင်း၏ နောက်ကွယ်….


      ကျွန်တော်တို့ ပါတ်ဝန်းကျင်တွင် ကွမ်းယာဆိုင်များ မှိုလိုပေါက်သလို ဆေးဆိုင်များပါ တမဟုတ်ချင်း ထွန်းကားလာချိန်မှ စ၍ဤပြဿနာ ပေါ်လာသည်ဟုဆိုနိုင်သည်။ `စပ်ဆေး´ တနည်းအားဖြင့်ဆိုသော် ဆရာဝန်ညွန်ကြားချက်မပါပဲ အလွယ်တကူ ရောင်းချသော ဆေးဝါးများ။ ထိုဆေးဝါးများထဲတွင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ဆေးဝါးများပါသလို အများစုမှာ အောက်လမ်းမှတရားမ၀င် ၀င်ရောက်လာသော မှတ်ပုံ တင်မထားသည့် ဆေးဝါးများ။ ဈေးပေါသည် ၀ယ်ရလွယ်သည်။ အရောင်အသွေးစုံသည်။ ထိုဆေးများကြောင့် ဒုက္ခရောက်သူ မည်မျှရှိမည်ကို ခန့်မှန်း၍မရနိုင်။ ထို့ကြောင့် ဆရာဝန်ညွန်ကြားချက်နှင့်သောက်သုံးသင့်သော ဆေးဝါးများအကြောင်းကို ဘာသာပြန်မိခြင်းဖြစ်သည်။
       ဆာရာ အတွက် ပန်းနာရင်ကျပ်ဆေးများကို မည်သည့်အရွယ်မှ စသုံးနေရသည်ကိုပင် ကောင်းစွာ မမှတ်မိတော့။ ဒီလောက်ဆေးသောက်နေသည့်ကြားမှပင် ရောဂါက အကင်းမသေနိုင်။ သူမဘ၀အတွက် ပျော်ရွှင်စရာအချိန်များမှာ ပန်းနာရင်ကျပ်ကြောင့် တဖြည်းဖြည်းလျှော့ပါးလာသည်။
       လွန်ခဲ့သော ၂ နှစ်က ညစာစားပွဲတခုတွင် ပင်လယ်စာနှင့်အုန်းသီး ကိုမထင်မှတ်ပဲတွဲစားမိသည်။ သူမ ပန်းနာရင်ကျပ်သည် အုန်းသီးနှင့်မတည့်မှန်း သိသော်လည်း ယခင်က ပြဿနာကြီးကြီးမားမား မရှိခဲ့သည့်အတွက် ဘာမျှမဖြစ်လောက်ဟု သူမထင်ခဲ့သည်။ ထိုညတွင်တော့ တညလုံး ရင်ကျပ်နေပြီး အသက်ရှုလျှင် တရွှီရွှီမြည်သံများကို အပြင်ကပင် ကြားနေရသည်နှင့် မနက်ခင်းတွင် ဆေးရုံသို့ပြေးရလေသည်။
       အကယ်၍ ဆေးရုံမှ သူမပုံမှန်သောက်ရန်ပေးထားသည့် Ventolin (ဗန်တိုလင်) အား ပုံမှန်သောက်ပါသလားဟု မေးလာခဲ့လျှင် မသောက်ပါဟု ၀န်ခံရန်အသင့်ပင်။ ဆာရာရောဂါမှာ ဗန်တိုလင် အငွေ့ရှုစက်အကူအညီဖြင့် အလုပ်ဖြစ်သွားသော်လည်း ဆရာဝန်များက နောက်တကြိမ်ဆိုးဆိုးရွားရွား ထပ်ဖြစ်မှာ စိုးရိမ်ကြသည်။ ထို့ကြောင့်သူမအား ရောဂါလက္ခဏာများ သက်သာစေရန် စတီးရွိုက်ဆေးပမာဏ ခပ်များများကို ပေးလိုက်သည်။
       ဆာရာကဲ့သို့ ပန်းနာရင်ကျပ်သမားများသည် ပေးထားသော ဆေးများကို ပုံမှန်မှီဝဲနေရန် လွန်စွာမှ အရေးကြီးသည်။ သက်သာသည်ဆိုပြီး ရပ်ထား၍မရ။ ကိုယ့်သဘောနှင့်ကိုယ် လျှော့ပစ်၍မရ။ တကြိမ်ကြိမ်တော့ ဆိုးရွားစွာ ဒုက္ခပေးလာမည်မှာ သေချာသည်။  ဆာရာကိုယ်တိုင်လည်း သူမ၏ ပန်းနာရင်ကျပ်ရောဂါ မည်မျှဆိုးရွားကြောင်း သေချာမသိ။ လျှော့တွက်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လည်း ဆာရာ့လို ပန်းနာရင်ကျပ်ဝေဒနာသည်တွေ ဒုနဲ့ဒေး။ `ဆရာရယ် ရင်ကျပ်နေလို့ အရင်တခါ ပေးတဲ့ အကျပ်ပျောက်ဆေးလေး ရောင်းပါဦး´ ဆိုတာမျိုးက လာသေးသည်။ သူတို့အတွက်လည်း လတ်တလော ချောင်လည်ဖို့က အဓိကဖြစ်နေသည်။ နောင်ခါလာ နောင်ခါဈေး။
       လူနာအများစုက ဆရာဝန်ပေးထားသော ဆေးများကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ဖြတ်ကြသည်။ သက်သာသွားသဖြင့်တမျိုး ၊ အရသာကို မကြိုက်၍တဖုံ ၊ ဈေးကြီးသဖြင့် တသွယ် ၊ မေ့သွား၍ တကြောင်း။ မျိုး စုံလှသည်။ သို့သော် ညွန်ကြားထားသည့်ဆေးများကို မိမိသဘောဖြင့် ရပ်တန့်ခြင်းသည် မိမိရောဂါကို ပိုမိုဆိုးရွား လာစေသည့်အပြင် ရုတ်တရက်ဆေးဖြတ်ခြင်းကြောင့် ဖြစ်သည့် ဘေးထွက်ဆိုးကျိုးများကို ခံစားရ နိုင်သည်ကို သိရှိထားရန် လွန်စွာမှ အရေးကြီးသည်။ တခါတခါ `ဆေးအများကြီး ရက်အကြာကြီး မသောက်ချင် ဘူးဆရာ နည်းနည်းနဲ့ကောင်းကောင်းလေးပေးပါ။ ဈေးကြီးရင်ကြီးပလေ့စေ´ ဆိုသော တောင်းဆိုမှုများကိုလည်း ကြုံရတတ်သည်။ အောက်ပါဖြစ်ရပ်များတွင် မိမိအကြောင်းပြချက်ဖြင့် ဆေးဖြတ်ခဲ့သူ အချို့ကြုံတွေ့ခဲ့ရသည်များကို ဖတ်ရှု သင်ခန်းစာ ယူနိုင်ပါသည်။
`ကျွန်တော် သက်သာလို့ ဆေးဖြတ်လိုက်တယ်´
       စီးပွားရေးသမားတဦးဖြစ်သူ ချွာ သည် ၂၀၀၉ ခုနှစ်က နှလုံးသွေးကြောကျဉ်းရောဂါကြောင့် နှလုံးခွဲစိတ်မှု ခံယူထားသူတဦးဖြစ်သည်။ ဆရာဝန်များက ၅၁နှစ်အရွယ် ချွာ ၏ ကိုလက်စထရော ပမာဏကို ထိန်းချုပ်လျော့ချသည့် ဆေးများကို ဆက်လက်သောက်ရန် ညွန်ကြားထားသည်။ သို့သော် ဆေးသောက်ပြီး ၆လခန့်အကြာ သွေးတွင်းကိုလက်စထရော စစ်ဆေးချိန်တွင် ချွာ ၏ ကိုလက်စထရောပမာဏမှာ ပုံမှန်ဖြစ်သွားသည်။ ထိုအခါ ချွာ တယောက် ဆေးသောက်စရာမလိုတော့ဟု တွက်ကာ တညတကြိမ်သောက်ရ သည့်ဆေးကို မေ့ပစ်လိုက်သည်။
       `ကျွန်တော်က ညပိုင်းမှာ အရက်လေးနဲနဲပါးပါးသောက်တော့ ဆေးသောက်နေလဲ အကျိုးမရှိလောက်ပါ ဘူးထင်ပြီး မသောက်တော့တာ´ ပါဟု ချွာကဆင်ခြေပေးသည်။ သို့သော် ဆေးဖြတ်ပြီး ၄ လအကြာ နောက်တကြိမ် ပြန်လည်စစ်ဆေးမှုတွင် ချွာ ၏ သွေးတွင်းကိုလက်စထရောဓါတ်မှာ ကြောက်စရာ ကောင်းလောက်အောင် မြင့်တက်နေသည်။ `ကျွန်တော် အသီးအရွက်များများ စားနေလို့ သွေးထဲမှာ ကိုလက်စ ထရော ကျသွားမယ်လို့ ထင်ပြီး ဆေးကို အာရုံမထားမိတာပါ´ ဟု သူက၀န်ခံသည်။
       သွေးထဲရှိ ကိုလက်စထရော ပုံမှန်ရှိသည်ဆိုသည်နှင့် သောက်နေကြဆေးကို ရပ်၍မရပါ။ သွေးတွင်း အဆီကျဆေးများသည် သင့်ကိုလက်စထရော ပမာဏကို ပုံမှန်ထက် မတက်အောင်တားဆီးပေးနိုင်သည်။ အကယ်၍ သင်ဆေးဖြတ်လိုက်ပါက နှလုံးတိုက်ခိုက်ခံရခြင်းကြောင့် ရုတ်တရက်လဲကျသေဆုံးသည်အထိ ဆိုးရွားသွားနိုင်သည်ကို သတိပြုရန်လိုအပ်သည်။ ထို့ပြင် သွေးတိုး နှင့် ဆီးချို ရောဂါ ထိန်းဆေးများသည်လည်း ဤသဘောအတိုင်းသာဖြစ်သည်။ သင့်သဘောနှင့်သင် သက်သာသည်ဆို၍ ဖြတ်၍ လျော့၍ မရ။ သင့်ဆရာဝန် နှင့်တိုင်ပင်ပြီး မည်၍ မည်မျှသောက်ရမည်ကို သေချာစွာ မေးမြန်းထားရန်လိုသည်။ အလားတူ အလွယ်တကူ သောက်၍ အလွယ်တကူဖြတ်သော နောက်ထပ် အသုံးများသည့် ဆေးဝါးတစ်မျိုးမှာ `ပိုးသတ်ဆေး´ ဟု အလွယ်တကူ ခေါ်ကြသည့် ပဋိဇီဝဆေးဝါးများ (antibiotic) 
       ၇ နှစ်အရွယ် နီကိုလပ်စ လေးသည် လည်ချောင်းနာပြီး ဖျားသဖြင့် ဆရာဝန်က ပိုးသတ်ဆေးတမျိုးကို ၁၀ ရက်သောက်ရန် ညွန်ကြားလိုက်သည်။ သို့သော် ဆေးသောက်ပြီး ၈ ရက်မြောက်တွင် လည်ချောင်းနာခြင်း ဖျားခြင်းများ မရှိတော့သည့်အတွက် အမေလုပ်သူက ဆေးကိုရပ်လိုက်သည်။ နီကိုလပ်စ ကိုယ်တိုင်က ဆေးကို မကြိုက်။ ခေါင်းမူးသည် မအီမသာဖြစ်သည်ဟို ဆိုသည်။ သို့သော် နောက်တရက်တွင် အဖျားပြန်တက်ပြီး လည်ချောင်းနာသည်မှာ အစာမျိုမရလောက်အောင်ဖြစ်လာသဖြင့် မိခင်က ဆေးလက်ကျန်ကို သုံးရက်ဆက် တိုက်လိုက်သောအခါ ပြန်သက်သာသွားပြန်သည်။ သို့သော် နောက် ၂ရက်အကြာတွင် အရင်အတိုင်းပြန်ဖြစ်သည်။ သည်တချီတွင်တော့ လည်ပင်းအကျိတ်များပါ ယောင်ယမ်းနာကျင်လာသည်။ ယခု တကြိမ်တွင်တော့ မိခင်လုပ်သူက ` ဒီတခါတော့ ကျွန်မတို့ ဆေးပါတ်လည်အောင် သောက်တော့မှာပါ´ ဟု နောင်တရသည့်လေသံဖြင့်ဆိုလာသည်။ စင်္ကာပူကဲ့သို့ ဖွံဖြိုးပြီးနိုင်ငံအတော်များများတွင် ဆရာဝန်မှတ်ချက် မပါပဲ ပဋိဇီဝဆေးဝါးများ ရောင်းချခြင်းကို တားမြစ်ထားသည်။ မြန်မာနိုင်ငံတွင် ကွမ်းယာဆိုင်များတွင် အလွယ် တကူဝယ်၍ ရသည်။ ဒီတော့ ပြဿနာပို၍ ကြီးသည်။
       ရောဂါလက္ခဏာ သက်သာသွားခြင်းသည် ကိုယ်တွင်း၍ ဘက်တီးရီးယားများ အမြစ်ပြုတ်သွားခြင်း မဟုတ်ပါ။ တ၀က်တပျက် ငုပ်သွားခြင်းသာ ဖြစ်ပါသည်။ အချို့ပိုးများသည် လူ့ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာ ခိုအောင်းပြီး ကိုယ်ခံအားနည်းချိန်တွင် တစခန်းထ၍ ဒုက္ခပေးတတ်သည်။ ဆေးကို စောစီးစွာ ဖြတ်လိုက်သဖြင့် ရောဂါပိုးများက ဆေးယဉ်ပြီး နောက်တကြိမ်တွင် ယခင်သောက်နေကြဆေးမျိုးဖြင့် မတိုးတော့ပဲ ကုသရန် ခက်ခဲပြီး ဆေးမတိုးသော ပိုးမျိုးများပေါက်ဖွားကုန်သည်။ မြန်မာနိုင်ငံတွင် အဖြစ်များသော လေးဘက်နာရောဂါပိုးသည် နှလုံးနှင့်ကျောက်ကပ်ကို ကောင်းစွာဒုက္ခပေးတတ်သည်ကို သတိပြုရန်လိုပါသည်။ အဆစ်အမြစ်ကိုက်သည်ထက် နှလုံးအဆိုများပျက်စီးခြင်းက ပို၍ကြောက်စရာကောင်း သည်။
`ဘေးထွက်ဆိုးကျိုးတွေကို ကြောက်လို့ / မကြိုက်လို့ ဖြတ်လိုက်တယ်´
       အကြောပြင်ဆရာအဖြစ် အသက်မွေးဝမ်းကြောင်းသူ ဂရန့်သည် ၁၁နှစ်သားကတည်းက အတက် ရောဂါ ထိန်းဆေးများကို ပုံမှန်မှီဝဲလာခဲ့ရသည်။ သို့သော် အသက် ၂၇ နှစ်အရောက်တွင် ဆေးအချို့ကြောင့် မက်သည့်အိပ်မက်ဆိုးများကို သူမကြိုက်တော့။ လူနေမှုပုံစံပြောင်းလဲခြင်း ၊ စိတ်ဖိစီးမှုများကို လျော့ချခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း ၊ တရားထိုင်ခြင်းတို့ဖြင့် ဆေးမသောက်ပဲ အတက်ရောဂါကိုထိန်းရန် ကြိုးစားကြည့်သည်။ ၁၀ နှစ်ခန့်အထိ အတက်ရောဂါကို ထိန်းချုပ်နိုင်သည်အထိ အောင်မြင်သည်။
       သို့သော် ၂၀၀၇ ခုနှစ်တွင် စိတ်ဖိစီးမှုတခုကြောင့် ကားမောင်းရင်း ၀က်ရှုးပြန်သလိုပြန်ဖြစ်သည်။ ကံကောင်းထောက်မ၍ ဆိုးဆိုးရွားရွား မထိခိုက်။ ဂရန့် ဆေးပြန်သောက်ရန် လိုအပ်ကြောင်း သဘောပေါက်ပြီး ဆရာဝန်နှင့် ပြန်လည်ပြသသည်။
       ဆေးဝါးပေါင်းများစွာနှင့် စမ်းသပ်ပြီးနောက် ဂရန့်သည် သူနှင့်သင့်တော်သော ဘေးထွက်ဆိုးကျိုးနည်း သည့် ဆေးဝါးတမျိုးကို ရွေးချယ်နိုင်ခဲ့သည်။ သို့သော် လေ့ကျင့်ခန်းလုပ်ခြင်း ၊ စိတ်ဖိစီးမှုလျော့ကျစေရန် တရားထိုင်ခြင်းကဲ့သို့ အလုပ်များကိုလည်း ဆက်လုပ်ဖို့လိုသေးကြောင်း ဆရာဝန်များက ညွန်ကြားလိုက်သည်။
       ပုံမှန်သောက်သုံးရမည့် ဆေးဝါးများကို ဘေးထွက်ဆိုးကျိုးကိုကြည့်၍ ရပ်တန့်ခြင်းကြောင့် ရရှိလာမည့် လတ်တလောအကျိုးနှင့် ရောဂါရုတ်တရက် ထဖောက်ခြင်းကြောင့် ဖြစ်လာမည့် အသက်အန္တရာယ်ကို ချိန်ထိုးကြည့်ဖို့လိုသည်။ ခဏတာ စိတ်ချမ်းသာမှု နှင့် အသက် ဘယ်အရာကို သင်ရွေးချယ်မည်နည်း။ ဘေးထွက်ဆိုးကျိုးများကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေလျှင် ဆရာဝန်နှင့်တိုင်ပင်ပါ။ သင့်ဆရာဝန်က သောက်နေသော ဆေးပမာဏကို လျော့ချခြင်း သို့မဟုတ် အခြားဆေးဝါးတမျိုးပြောင်းလဲသုံးစွဲစေခြင်းများဖြင့် သင့်ဝေဒနာကို သက်သာပျောက်ကင်းအောင် ပြုလုပ်ပေးပါလိမ့်မည်။

`ဆေးစွဲသွားမှာစိုးလို့ ဖြတ်လိုက်တယ်´
       လန်ဗန်ဒါ တယောက် တောင်အာဖရိကသို့ခရီးရှည် လေယာဉ်စီးရတိုင်း အိပ်ဆေးအမြဲဆောင်သွားလေ့ ရှိသည်။ နာရီပေါင်းများစွာ လေယာဉ်စီးချိန်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလျှင် လေယာဉ်မူးသည့်ဒဏ်မှ ကင်းလွတ်သည့်အပြင် နောက်တနေ့အတွက် အိပ်ရေးဝသည်ဟု လန်ဗန်ဒါ တွက်သည်။ သို့သော် ဆစ်ဒနီရှိ အိမ်ပြန်ရောက်ချိန်တွင် အိပ်ဆေးမကူပဲ သူအိပ်မပျော်တော့။ ဆေးမသောက်လျှင် မိုးစင်စင်လင်းသော ညတွေများလာသည်။ သူကိုယ်သူ အိပ်ဆေးစွဲနေသည်ဟု ထင်ကာ အိပ်ဆေးများကို လုံးဝရပ်ပစ်လိုက်သည်။ ဆေးဖြတ်ပြီး တပါတ်ခန့်အထိ စိတ်ဓါတ်အလွန်အမင်းကျခြင်း ၊ အိပ်ရေးပျက်ခြင်း ၊ နုံးခွေခြင်းများကို ခံစားရပြီး နောက် ပုံမှန်ပြန်ဖြစ်သွားသည်။
       သင့်ခန္ဓာကိုယ်သည် ကာလရှည်ကြာ သောက်လာခဲ့သော ဆေးတခုခုအား ရုတ်တရက်ဖြတ်လိုက်လျှင် တနည်းနည်းဖြင့် တုံပြန်တတ်သည်မှာ သဘာဝဖြစ်သည်။ ဆေးမရှိလျှင် မည်သို့လည်ပါတ်ရမည်ကို ခန္ဓာကိုယ် မှတဖြည်းဖြည်း ပြန်လည်တွက်ချက်ယူသည့်အချိန်တွင် သင် ဆေးပြတ်သည့်လက္ခဏာများကို ခေတ္တခံစားရနိုင် သည်။ အချို့လူများတွင် ပြင်းထန်သော်လည်း အချို့တွင် ခဏတာသာဖြစ်သည်။ ဤအချိန်ပိုင်းလေးကို စိတ်ရှည်ရှည်နှင့် ကျော်လွားဖို့လိုသည်။ သင်ဆေးစွဲနေသည်ဟု တထစ်ချမယူဆနိုင် ဟု သြစတေးလျ အမျိုးသား ဆေးညွန်း လုပ်ငန်းမှ ဒေါက်တာ လင်းဝိခ်က ပြောသည်။ သို့သော် ရေရှည်သောက်ရမည့်ဆေးများ အား ပုံမှန်ထက်တဖြည်းဖြည်းတိုး၍ သောက်လာပါက နောက်ပိုင်းတွင် သာမန်ဆေးများနှင့် မတိုးတော့ပဲ သင့်ခန္ဒာအတွက် ဆေးပမာဏများစွာလိုအပ်လာလိမ့်မည်ဖြစ်သည်။ ဤသို့ဖြစ်လာလျှင် သင့်အတွက် မကောင်းတော့။
       မြန်မာနိုင်ငံတွင် အဖြစ်များသည့်ကိစ္စမှာ အကိုက်အခဲပျောက်ဆေးများ နှင့် ပရန်တီစလုံး ခေါ် စတီးရွုက် ဟော်မုန်းဆေးများအား လက်လွတ်စပါယ်သောက်ခြင်းကြောင့် အစာအိမ်ပျက်စီးခြင်း ၊ သွေးယိုခြင်းများ ၊ ဆေး မတိုးခြင်းများ ဖြစ်သည်။
`ဈေးကြီးလို့ ဆက်မသောက်နိုင်တော့တာပါ´
       ဖိလစ်ပိုင်အိမ်ထောင်ရှင်မတစ်ဦးဖြစ်သူ မာရီယန်တယောက် ကိုယ်အလေးချိန် တဖြည်းဖြည်းကျလာပြီး ရင်တုန်ခြင်း ၊ အိပ်မပျော်ခြင်းများကြောင့် ဆေးရုံပြသရာ ဆရာဝန်များက သူမထံတွင် သိုင်းရွုက်ဟော်မုန်း လွန်ကဲသည့် ရောဂါ ( Grave’s Disease) ဖြစ်နေသည်ဟု စမ်းသပ်စစ်ဆေးတွေ့ရှိရသည်။ ဆရာဝန်က သူမအား ပရိုဖိုင်သိုင်အိုယူရီစေး ဆေးအား ၂ လသောက်ရန်ညွန်ကြားလိုက်သည်။ ၂ ပါတ်ခန့်ကြာပြီးချိန်တွင် ရောဂါသက်သာသည်က တကြောင်း စီးပွားရေးမပြေလည်သည်က တကြောင်းတို့ကြောင့် မာရီယန်တယောက် ဆေးဆက်မသောက်တော့ပဲ ရပ်လိုက်သည်။ နောက်တပါတ် ဆေးရုံမှ ရက်ချိန်းကိုလည်း မသွားတော့။
       နောက်ထပ်တလခန့်အကြာတွင် မာရီယန်တယောက် ရောဂါဆိုးဆိုးဝါးဝါးပြန်ဖောက်လာသည်။ သွေးထဲတွင် သိုင်းရွိုက်ဟော်မုန်းများ အဆမတန်မြင့်တက်နေသည့် (Thyroid Strom) ကိုခံစားရပြီး အထူးကြတ်မတ်ကုသခန်း သို့ပို့လိုက်ရသည်အထိဖြစ်သွားသည်။ ဆရာဝန်များက အကောင်းဆုံးကုသပေး သော်လည်း ၂ ပါတ်ခန့်အကြာတွင် မာရီရန် သေဆုံးသွားတော့သည်။
       ထိုအဖြစ်အပျက်ကို ကြည့်ခြင်းဖြင့် မိမိရောဂါအတွက် ပေးထားသော ပုံမှန်သောက်ရန်ဆေးများအား ညွန်ကြားထားသည့်အတိုင်း စနစ်တကျ သောက်သုံးရန် မည်မျှအရေးကြီးကြောင်း သိသာစေသည်။ ညွန်ကြားထားသော ဆေးဝါးများ ဈေးကြီးသဖြင့် မိမိငွေကြေးအခြေအနေအရ တတ်နိုင်ခြင်းမရှိလျှင် မိမိဆရာဝန်ထံ ပြန်လည်ပြသပြီး ပွင့်လင်းစွာ တိုင်ပင်ရန်လိုအပ်သည်။ သို့မှသာ ဆရာဝန်က အလားတူ ဈေးချိုသော အခြားဆေးတမျိုးဖြင့် ပြောင်းလဲညွန်ကြားနိုင်လိမ့်မည်ကို သတိပြုရန်လိုသည်။

`ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအကြောင်းကြားမိလို့ ဖြတ်လိုက်တယ်´
       ဤအကြောင်းပြချက်သည် ကျန်းမာရေးလိုက်စားသော လူလတ်တန်းစား များတွင် အတွေ့ရများသည်။ မိမိကျန်းမာရေးအတွက် ကျန်းမာရေးစာစောင်များ ၊ မဂ္ဂဇင်းများ ၊ ရေဒီယိုများမှတဆင့် ကျန်းမာရေးဆိုင်ရာ အသစ်တွေ့ရှိချက်များ ၊ သုတေသနများ ၊ စစ်တမ်းများ ၊ ကုထုံးများ အကြောင်းကို ဂရုတစိုက်နားထောင်လေ့ ရှိသူများတွင် ဖြစ်တတ်သည်။ မိမိရောဂါနှင့် သက်ဆိုင်သည့် ခေါင်းစဉ်ဆိုလျှင် ပို၍စိတ်ဝင်စားစွာ အာရုံစိုက်မိကြ သည်။ မိမိဆရာဝန်ညွန်ကြားထားသော ဆေးနှင့် ဂျာနယ်တွင် ဖော်ပြထားသော ဆေး ကိုက်ညီမှုရှိမရှိကအစ ၊ မိမိသောက်နေသောဆေးသည် ယနေ့ဆေးပညာနှင့် အံဝင်ဂွင်ကျဖြစ်မဖြစ် အထိအာရုံစိုက်လာသည်။ ဟိုဆေး ကမကောင်းတော့ဘူးတဲ့ ဒီထဲကဆေးမျိုးပြောင်းသုံးကြည့်အုံးမှ ဆိုသည့် လူနာတွေလည်း တဖြည်းဖြည်း များလာသည်။ အောက်ပါအဖြစ်အပျက်ကို ကြည့်ပါ။
       ၅၃ နှစ်အရွယ် မေရီတယောက် သွေးဆုံးပြီးချိန်တွင် ခံစားနေရသော ပူလိုက်အေးလိုက်ဖြစ်ခြင်း ၊ စိတ်ကယောက်ကယက်ဖြစ်ခြင်း ၊ အလိုမကျခြင်း ၊ မကြာခဏ မေ့တတ်ခြင်းတို့ကြောင့် ဟော်မုန်းဖြည့်စွက်ဆေး (Hormone Replacement Therapy) ပုံမှန်မှီဝဲနေရသည်။ သို့သော် အင်တာနက်တွင် HRT ကြောင့် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေများသည် ဟုသော သုတေသန တွေ့ရှိချက်ကြောင့် ဆေးကို ဆက်မသောက်ရဲ တော့။ ဒီအရွယ်မှကင်ဆာတော့ အဖြစ်မခံနိုင်ဟု တွက်ကာ ဆေးဖြတ်လိုက်သည်။
       သို့သော် ဆေးဖြတ်ပြီး ၆လခန့်အကြာတွင် သူမ မခံနိုင်တော့။ ခေါင်းမကြာခဏ ကိုက်သည့်အပြင် ပူလိုက်အေးလိုက်က မကြာခဏဖြစ်သည်။ အလုပ်တွင်လည်း မကြာခဏ မေ့တတ်သောကြောင့် ပြဿနာဖြစ်လာသည်။ တိုင်းရင်းဆေးမြီးတိုများကလည်း အလုပ်မဖြစ်။ မေရီတယောက် ကာလအတန်ကြာ ပစ်ထားခဲ့သော HRT ပြန်သောက်မှ သက်သာသွားသည်။ သို့သော် နောက်ထပ် ၂ နှစ်ခန့်အကြာတွင် မေရီအား HRT ကို ငါးနှစ်ပိုမသောက်သင့်ဟု ဆရာဝန်အသိုင်းအ၀ိုင်းနှင့် နီးစပ်သောလူတယောက်က ပြောလာသဖြင့် ဆေးကို နောက်တကြိမ်ထပ်ဖြတ်ပြန်သည်။ ဒီတကြိမ်တွင်လည်း ယခင်လက္ခဏာဟောင်းများက ပြန်ပေါ်လာပြန် သည်။
       သတင်းစာ ၊ ဂျာနယ်များတွင် ပါဝင်သော ကျန်းမာရေးတွေ့ရှိချက် အတိုလေးများသည် စာဖတ်သူများ ကို မကြာခဏ နားလည်မှုလွဲမှားစေသည်။ HRT ၏ ဘေးထွက်ဆိုးကျိုးများကို အမေရိကန် အမျိုးသမီး ကျန်းမာရေး ပဏာမခြေလှမ်း အဖြစ် အမျိုးသမီးမြောက်များစွာကို သုတေသနပြုလုပ်ခဲ့ကြသော်လည်း မီဒီယာများတွင် စာဖတ်သူစိတ်ဝင်စားအောင် စာလုံးမည်းများဖြင့် ကြောက်စရာကောင်းသော ဘေးထွက် ဆိုးကျိုးများကို ဖော်ပြပြီး ဆွဲဆောင်ကြသည်။
       `တကယ်တော့ HRT ဟာ အမျိုးသမီးငယ်တွေအတွက် အချို့ရောဂါတွေကို ကာကွယ်နိုင်ပါတယ်´ ဟု မဲလ်ဘုန်းရှိ မိုနက်ရှ ကျန်းမာရေးစောင့်ရှောက်မှု၏ သွေးဆုံးအမျိုးသမီးဆေးခန်းမှ ဒေါက်တာအဲလဇ်ဘက် ဖာရဲလ်မှ ပြေကြားသွားခဲ့သည်။ ကျန်းမာရေးဆိုင်ရာ သတင်းခေါင်းစီးမဲမဲကြီးများသည် လူအများကို တပ်လှန့်ရန် ရည်ရွယ်သော်လည်း အလွန်အမင်းစိုးရိမ်ထိတ်လန့်စရာ မလိုပေ။ ဆေးဝါးဆိုင်ရာသုတေသနများမှ အချက်အလက်များသည် ရှုပ်ထွေးတိကျပြီ ဂျာနယ်စာမျက်နှာငယ်လေးတခုအတွင်း ပြည့်စုံအောင် မဖော်ပြနိုင် ခြင်းကြောင့် ယေဘုယျဆန်သည့်တွေ့ရှိချက်များကိုသာ အလေးပေးပြီး ဖော်ပြရခြင်းကြောင့်လည်းဖြစ်သည်။
       ခေါင်းကြီးပိုင်းတွင် မည်မျှကြီးသော စာလုံးကြီးနှင့်ဖော်ပြထားသည့် ဘေးထွက်ဆိုးကျိုးဖြစ်ပါစေ မည်မျှကြာအောင် သောက်သင့်သည် မည်သည့်အချိန်တွင် ဖြတ်သင့်သည်ကိုတော့ သင့် ဆရာဝန်နှင့် အရင်ဆုံးတိုင်ပင်ရန်လိုအပ်ပါသည်။
       ယနေ့ခေတ် ဆေးပညာသည် အရှိန်အဟုတ်နှင့် ပြောင်းလဲတိုးတက်နေသည်။ ရောဂါတမျိုး အတွက် နောက်ဆုံးပေါ်ကုထုံးများ ဆေးဝါးများ စဉ်ဆက်မပြတ်ပေါ်ထွက်လျက်ရှိသည်။ အချို့ဆေးဝါး များသည် မိမိတို့နှင့်လက်လှမ်းမမှီ။ မိမိတို့နိုင်ငံတွင် မသုံးစွဲနိုင်သေး။ အချို့ဆေးဝါးများသည် မိမိရောဂါ အတွက် ထိရောက်သည်ဆိုသော်ငြားလည်းပဲ မိမိနှင့်မတည့်သည့်ဆေးဝါးများ ဖြစ်နေနိုင်သည်။ ထို့ကြောင့် ဆေးသောက်ခြင်း နောက်ကွယ်တွင်ရှိနေသော ပြဿနာများကို ရှောင်ကြဉ်နိုင်ရန် မိမိတို့ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ကြောင်းတင်ပြရင်း………
                                                                                                                                   တောကျီးဂန်း
                                                                                                   သြဂုတ် ၁၄ ၂၀၁၀
                                                                                                                

Thursday, April 15, 2010

အဆီချခြင်း


အဆီကျ လှပပြီး ပိန်ဖို့အတွက် နောက်ထပ်တကြိမ် ၊ နောက်ထပ်နည်းလမ်းတမျိုးဖြင့် ကြိုးစားဖို့ ကြံစည်နေပါသလား? ယခုဖော်ပြမည့် နည်းလမ်းသစ်များကို စမ်းကြည့်ပါ။

          အထက်ပါ စာကြောင်းကိုဖတ်ပြီး ဤဆောင်းပါးအား အဆီကျဆေး ကြော်ငြာဟု မထင်စေလိုပါ။ ယခင်တုန်းက ကျန်းမာရေးနှင့်လျော်ညီသည့် ကိုယ်အလေးချိန်မျိုး ရရှိနေထိုင်ရန် မခက်ပါ။ ကယ်လိုရီ အ၀င် နှင့် အထွက် မျှတလျှင် အဆင်ပြေသည်ဟု အများက ယူဆထားကြသည်။ ကိုယ်အလေးချိန်ကျရန် အိမ်ထောင်ရှင်မတယောက်၏ ၀င်ငွေသုံးစွဲပုံမျိုးနှင့် ဆန့်ကျင်ဘက် အနေအထားအတိုင်း ကျင့်ကြံရမည်ဟု တချို့ကဆိုသည်။ ၀င်သလောက်ထက် ပို၍ သုံးရမည်။ သို့သော် လူခန္ဓာကိုယ်ရှိ အဆီများ အ၀င်အထွက် စီမံခန့်ခွဲမှုသည် ဘဏ်တခုထက်ပင် ပို၍ ရှုပ်ထွေးသေးသည်။
          ဒေါ်လာ ဘီလျံနှင့်ချီပြီး တန်ဖိုးရှိလာမည့် အဆီကျဆေးကို တွေ့ရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် ကျွန်ုပ် တို့ ခန္ဓာကိုယ်တွင်းရှိ အဆီများ ထိန်းသိမ်းသိုလှောင်ခြင်း ၊ ထုတ်ယူသုံးစွဲခြင်းများနှင့် ပါတ်သက်သည့် ရှုပ်ထွေးမှုများကို သုတေသနပေါင်း မြောက်များစွာဖြင့် ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့ကြသည်။ ထို သုတေသနများစွာထဲမှ တွေ့ရှိချက်အချို့က အဆီကျ ပိန်စေရေးအတွက် ဆန်းသစ်သော စားသောက်ပုံများစွာ ပေါ်ထွက်လာခဲ့သည်။ ယခုတလော ခေတ်စားလာသော  Diet လုပ်သည်ဆိုသည့် စကားရှေ့တွင် Scientific ဆိုသော စကားကို ပေါင်းထည့်ခြင်းဖြင့် ]သိပ္ပံနည်းကျ အစားရှောင်ခြင်း ဆိုသော စကားဖြစ်လာသည်။
          ကျန်းမာသော ကိုယ်အလေးချိန် ရှိနေရန်အတွင် သင့်ကိုယ်တွင်းရှိ leptin ဆိုသော် ဟော်မုန်းတမျိုး ပုံမှန် အလုပ်လုပ်ရန်လိုအပ်သည်။ အဆိုပါ ဟော်မုန်းက “ဗိုက်ပြည့်ပြီ” ဆိုသည့် သတင်းအချက်အလက်ကို သင့်၏ ဦးနှောက်သို့ ပို့ပေးသည်။ ထိုအခါ သင့်စိတ်ထဲတွင် စိတ်ကျေနပ်မှုရသွားပြီး လက်ရှိစားလက်စကို ရပ်တန့်ပစ်လိုက်သည်။ အဆိုပါ စိတ်ကျေနပ်မှု ခံစားချက်အား အခြားစိတ်ကျေနပ်မှုကို လက်ခံသည့်နေရာများဖြစ်သည့် လိင်စိတ်ကျေနပ်မှု နှင့် ဘိန်းဖြူကဲ့သို့သော ဆေးများကို စွဲလမ်းသည့် နေရာများထံသို့ပါ ရောက်ရှိသွားသည်။ အ၀လွန် လူများတွင် Leptin ဟော်မုန်းဓါတ်များ များပြားစွာ တွေ့ရှိရသော်လည်း သူတို့၏ ဦးနှောက်က ထိုဟော်မုန်းများ၏ သတင်းပို့မှုများကို တုန့်ပြန်မှုမပေးချေ။ အဆိုပါ အချက်အား သက်သေပြနိုင်ရန် အော်ရီဂွန် သုတေသန အင်စတီကျူမှ သုတေသီများက အ၀လွန် ပုဂ္ဂိုလ်များ၏ ဦးနှောက်များအား စစ်ဆေးကြည့်ရာ အဆိုပါ ဟော်မုန်း၏ သတင်းပို့ မှုအား ကောင်းစွာ မတုန့်ပြန်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့်ပင် အ၀လွန်သူများသည့် ဗိုက်ပြည့်သည် ဟူသည့် စိတ်ကျေနပ်ဖွယ် ခံစားချက်ကို ရရှိရန် ပို၍စားဖြစ်နေခြင်းဖြစ်သည်။ တနည်းအားဖြင့် ဆိုသော် အ၀လွန်သူများသည် အစားကျုးသူများမဟုတ် ၊ သာမန်လူတယောက် အလွယ်တကူရရှိနိုင်သော တင်းတိမ်မှုမျိုးကို လွယ်ကူစွာ မရရှိကြသူများသာဖြစ်သည်။
          အဆိုပါ တွေ့ရှိချက်ကို ခိုင်မာစေမည့် အခြားသော အထောက်အထား များစွာရှိသည်။ တင်းတိမ်မှု ရရှိအောင် မည်သို့လုပ်ရမည်နည်း။ နောက်ပိုင်းကိစ္စများသည် အတော်လေးခက်ခဲသည်။ ပုံမှန် ပိန်ပါးသော လူတယောက် ကိုယ်အလေးချိန်တက်လာရန် ကြိုးစားခြင်းသည်လည်း ထိုနည်းတူ ခက်ခဲသည်။ တချို့ ခန္ဓာကိုယ်များက အပြောင်းအလဲ များကို လက်ခံရန် ငြင်းဆန်ကြသည်။ အဘယ့်ကြောင့်ဆိုသော် Leptin ဥပမာကဲ့သို့ပင် ကျွနုပ်တို့၏ ကိုယ်အလေးချိန်ထိန်းချုပ်ရေးစနစ် တခုလုံးသည် ဦးနှောက်အတွင်းရှိ အခြား စိတ်ကျေနပ်မှုပေးသော နေရာများနှင့်ပါ လွန်းထိုးစပ်ဆက်နေခြင်းကြောင့် ဖြစ်သည်။
          အကယ်၍ သင့်ခန္ဓာကိုယ်မှ ကိုယ်အလေးချိန်ကျရန် သင်ကြိုးစားနေသမျှကို တင်းခံငြင်းဆန်နေပါက နည်းလမ်းဟောင်းများကို စွန့်ပစ်ပြီး နောက်ဆုံးပေါ်သုတေသနများအပေါ် အခြေခံထားသည့် ရိုးရာ နည်းလမ်းသစ်များကို စမ်းကြည့်သင့်သည်။ ထိုနည်းလမ်းများထဲမှ သင်ခန္ဓာကိုယ်နှင့် လိုက်ဖက်မည့် နည်းလမ်းသစ်များကို သင်ကိုယ်တိုင် ရွေးချယ်ကြိုးစားကြည့်သင့်သည်။

တရက်ခြား အစားရှောင်ခြင်း

          တကယ်တမ်းလက်တွေ့တွင် အဆီချသည့် နည်းလမ်းဟောင်းဖြစ်သည့် တနေ့လျှင် ၁၅၀၀ ကယ်လိုရီ လောင်ကျွမ်းလျှင် နည်းဖြင့် ကိုယ်အလေးချိန်ကျသည့် နည်းလမ်းကို သင်အသုံးပြုနိုင်သေးသည်။ ဤနည်းကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်တခုကို ပိုင်ဆိုင်လာမည့်အပြင် သွေးတိုး၊ ဆီးချို နှင့် နှလုံးရောဂါများ ဖြစ်ပွားနိုင်ချေ နည်းနိုင်သမျှ နည်းသွားနိုင်သည်။ ထို့ထက်ပိုပြောမည်ဆိုလျှင် ဓါတ်မတည့်မှုများ ၊ ကင်ဆာ ၊ ပန်းနာရင်ကျပ် နှင့် အခြားကူးစက်ရောဂါများကိုလည်း တားဆီးရာရောက်သေးသည်။ သို့သော် အခြားတဖက်တွင် တနေ့လျှင် ၁၅၀၀ ကယ်လိုရီ လောင်ကျွမ်းခြင်းဖြင့် သင်တချိန်လုံး ဗိုက်ဆာပြီး စိတ်မချမ်းမသာ ဖြစ်နေမည်မှာ သေချာသည်။ အဆိုပါကောင်းကျိုးများရရှိရန် အမြဲတမ်း ဗိုက်ဆာမနေပဲ ကြိုးစားကြည့်လျှင်ရော ဖြစ်နိုင်ပါသလား?
          အဖြေက ဖြစ်နိုင်ပါသည်။ ထိုမေးခွန်း၏ အဖြေမှာ ]တရက်ခြား အစားရှောင်ခြင်း} ဖြစ်ပါသည်။ ဘယ်လတီမိုးရှိ အမျိုးသား အသက်ကြီးရင့်ခြင်းဆိုင်ရာ အင်စတီကျု မှ သုတေသီများက ကြွက်များဖြင့် စမ်းသပ်ပြီး လွန်ခဲ့သော နှစ်များစွာကတည်းကပင် ထိုအချက်ကို ဖော်ထုတ်ခဲ့ကြသည်။ သုတေသီများသည်  ပထမရက်တွင် ကြွက်များကို အစာအနည်းငယ်သာ ကျွေးပြီး ဒုတိယနေ့တွင် အစာများစွာ ကျွေးပြီး လေ့လာခဲ့ကြရာ အဆိုပါ ကြွက်များတွင် ကောင်းမွန်သည့် ကယ်လိုရီ ထိန်းချုပ်နိုင်စွမ်း ရရှိလာခဲ့ကြောင်း ပြသနိုင်ခဲ့သည်။ အဆိုပါ စားသောက်ပုံသည် လူများတွင်လည်း အလုပ်ဖြစ်ကြောင်း နှင့် မည်ကဲ့သို့ စားသောက်နေထိုင်ရမည်ကို Dr James Johnson တည်ထောင်ထားသည့် www.johnsonupdaydowndaydiet.com တွင် အသေးစိတ် ဖော်ပြထားသည်။

          မည်သို့မည်ပုံ အလုပ်ဖြစ်ပါသနည်း? အဆိုပါ စားသောက်ပုံကြောင့် အဆီများကို လောင်ကျွမ်းစေသည့်အပြင် အသက်အရွယ်ကြီးရင့်ခြင်းကို တားဆီးပေးသည့် SIRT3 နှင့် SIRT4 ကဲ့သို့သော် မျိုးရိုးဗီဇ နှစ်မျိုးကို အားပေးသည့် နည်းဖြင့် ဟော်မုန်းဆိုင်ရာ ပြောင်းလဲမှုများကို ကိုလည်း ဖြစ်ပေါ်စေသည်။ သို့သော် အဆိုပါ စားသောက်ပုံနှင့် အံဝင်ခွင်ကျ အလေ့အထဖြစ်ရန် အနည်းငယ် ခက်ခဲကြောင်း အချို့ကဆိုသည်။ သို့သော် ထိုနည်းစနစ်သည် တချို့လူများ အသုံးပြုသည့် နေ့တိုင်း အငတ်ခံသည့် နည်းလောက်တော့ မဆိုးပါ။       
          မကြာသေးမီကပင် ချီကာဂို ရှိ အီလီနွိုက် တက္ကသိုလ်မှ သုတေသီများက အဆိုပါ စားသောက်ပုံနှင့် ပါတ်သက်ပြီး သုတေသနတွေ့ရှိချက်များကို ပုံနှိပ်ဖော်ပြခဲ့သည်။ အဆိုပါ သုတေသနတွင် အ၀လွန်လူများကို တရက်ခြား အစားရှောင်သည့် နည်းဖြင့် နှစ်ပါတ်တိုင်တိုင် စမ်းသက်ကြည့်ရာ ကိုယ်အလေးချိန် ၄ ကီလိုမှ ၁၃ ကီလိုအထိ ကျဆင်းသွားကြောင်း အံအားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။ အဆိုပါ စမ်းသပ်မှု မပြုလုပ်မီက သုတေသီများက ပျှမ်းမျှ ၂ကီလိုခန့်သာ ကျသွားနိုင်သည်ဟု ခန့်မှန်းထားခဲ့ကြ ရာ လက်တွေ့တွင် မျှော်မှန်းထားသည်ထက်  များစွာကျဆင်းသည့်အပြင် သွေးဖိအား ၊ နှလုံးခုန်နှုန်း နှင့် သွေးတွင် ကိုလက်စထရော များပါ ကျဆင်းခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။


          အစားရှောင်သူ တော်တော်များများ Brown fat ခေါ် အဆီညိုများအကြောင်းကို ကြားဖူးနားဝ ရှိလိမ့်မည်ထင်သည်။ အဆီဖြူများထက် အဆီညိုကိုသာ ပို၍ လိုလားသူများမည်ထင်သည်။ အဆီညိုများသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို သိုလှောင်ရမည့်အစား သင့်ခန္ဓာကိုယ် နွေးနေစေရန်အတွက် လောင်ကျွမ်းပြီး အပူကို ထုတ်ပေးသည်။ သို့သော် အဆီညိုများကို လူများတွင် များစွာ မတွေ့ရသည့် အတွက် လူကြိုက်နည်းသွားသော ခေါင်းစဉ်တခု ဖြစ်ခဲ့ရာ ယနေ့အချိန်တွင် နယူးအင်္ဂလန်ဆေးပညာမဂ္ဂဇင်း ၏ ကျေးဇူးကြောင့် အဆီညိုများ စာမျက်နှာပေါ်တွင် ထပ်မံနေရာရလာပြန်သည်။ ထိုဂျာနယ်၏ အဆိုအရ လူများကို အေးသောအပူချိန်တွင် ရှိနေစေလျှင် ခန္ဓာကိုယ်မှ အဆီညိုများ ပိုမိုထုတ်လုပ်ပေးသည် ထို့ကြောင့် ကိုယ်အလေးချိန်ကျသွားသည် ဟုဆိုသည်။ အပူချိန် ၂၂ံဆဲလ်စီးယပ်တွင် အမျိုးသမီးများသည် တရက်လျှင် အဆီ ၂၇ ဂရမ် နှင့် အထက် သုံးစွဲသည်ဟု ဆိုသည်။ သို့ဆိုလျှင် သင်တို့၏ အဲယားကွန်းများကို မိုင်ကုန်သာ ဖွင့်ထားရုံရှိသည်။ ကျွနုပ်တို့လို စွမ်းအင်ချွေတာသော နိုင်ငံနှင့်တော့ မကိုက်ချေ။

သင်၏ ကျားဟော်မုန်း (တက်စရိုစရုန်း) ပမာဏကို စစ်ဆေးပါ

          စာဖတ်သူသည် ဗိုက်ပူနေသော သက်လတ်အမျိုးသားတယောက်ဖြစ်သည် ဆိုပါစို့။ အစားများများ စားပြီး ကိုယ်လက်လုပ်ရှားမှုကလည်း တဖြည်းဖြည်းနည်းလာလျှင် သင့်ခန္ဓာကိုယ်မှ အီစထရိုဂျင် ခေါ် အမျိုးသမီး ဟော်မုန်း များများထုတ်နေပြီဟုမှတ်ပါ။ ကျွနုပ်တို့ ခန္ဓာကိုယ်မှ ဟော်မုန်း ၂ မျိုးစလုံးကို ထုတ်ပေးနိုင်သည်ကိုလည်း သတိချပ်ပါလေ။ အီစထရိုဂျင်ကို ထုတ်လုပ်ရန် ကျားဟော်မုန်းကို အသုံးပြုရသည်။ ထိုနှစ်ခုက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောရှိသည်။ ဤအချက်ကို သက်ကြီးပိုင်း အမျိုးသားများတွင် ပိုမို သိသာထင်ရှားစွာ တွေ့နိုင်သည်။ အသက်ကြီးလာသည်နှင့်အမျှ အမျိုးသားများသည် တက်စရိုစရုန်း လျှော့ထုတ်ပြီး အီစထရိုဂျင်ကို ပို၍ထုတ်လာကြသည်။
          ပိုနေသော အီစထရိုဂျင်များ ကြောင့် ခါးတ၀ိုက်တွင် အဆီများစုလာသည်။ ဤမှတဆင့် ဆီးချို နှင့် နှလုံးရောဂါ အန္တရာယ်က တဖြည်းဖြည်းတက်လာသည်။ မဆုံးနိုင်သော အဆိုးသံသရာ အစပြုပြီဟု ဆိုနိုင်သည်။ ပိုနေသော အဆီများက တက်စရိုစရုန်း ကို အီစထရိုဂျင် အဖြစ် ပြောင်းပေးသော အင်ဇိုင်းများကို မြောက်များစွာ ထုတ်လုပ်ပေးခြင်းအားဖြင့် သင့်ခန္ဓာတွင် ကျားဟော်မုန်းက တဖြည်းဖြည်းကျဆင်းလာတော့သည်။
   ထိုသံသရာထဲမှ ထွက်ရန် လေ့ကျင့်ခန်းများများလုပ်ပြီး အဆီများကို လောင်ကျွမ်းစေကာ ကြွက်သားများဖြင့် အစားထိုးရန် လိုအပ်သည်။ သို့သော် သင့်ထံတွင် ကျားဟော်မုန်း နည်းပါးနေသဖြင့် ထိုအလုပ်များလုပ်ရန် စိတ်မပါ့တပါ ဖြစ်ကောင်းဖြစ်နေမည်။ ထိုအခါတွင် လက်ရှိအသက်အရွယ်တွင် ရှိသင့်သော ကျားဟော်မုန်း ပမာဏကို စစ်ဆေးကြည့်ပြီး ပုံမှန်ထက်နည်းနေပါက သင့်တော်သော ကျားဟော်မုန်းအားဖြည့်ဆေးကို သင့်ဆရာဝန်က ညွန်ကြားပေးလိမ့်မည်။ ထိုအချိန်တွင် အရက် အလွန်အကျွံ မသောက်မိစေရန်လည်း အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် အရက်သောက်များသူ၏ အသည်းသည် ခန္ဓာကိုယ်ထဲရှိ ပိုလျှံနေသော အီစထရိုဂျင်များကို ရှင်းမထုတ်နိုင်သောကြောင့် ဖြစ်သည်။


နေပူစာ များများလှုံပေးပါ (သို့မဟုတ်) ဗိုက်တာမင်ဒီ ဖြည့်စွက်ဆေးဝါးများ မှီဝဲပါ

          ဗိုက်တာမင် ဒီ သည် နောက်ပိုင်းတွေ့ရှိချက်များအရ နှလုံးရောဂါ ၊ ဆီးချို ၊ မာတီပယ် စကယ်လရိုးစစ် ၊ နှင့် ဂေါက်ရောဂါများ ဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်သည့် စူပါစတား အဟာရတခုဖြစ်လာသည်။ ကိုယ်အလေးချိန်လျော့ချ ရာတွင်ရော ဗိုက်တာမီဒီ ပါပြန်ပြီလား ။ ပါနေပြန်ပါသည်။
          ၂၀၀၈ ခုနှစ်တွင် မင်နီဆိုးတား တက္ကသိုလ်မှ ပြုလုပ်သည့် သုတေသန အငယ်စားတခုမှ တွေ့ရှိချက်တွင် သွေးထဲရှိ ဗိုက်တာမင်ဒီ ပမာဏ မြင့်မားသော လူများတွင် ကိုယ်အလေးအချိန်ကျရန် လွယ်ကူကြောင်း ဖော်ပြခဲ့သည်။
          အခြား မြောက်များစွာသော သုတေသနများမှလည်း သွေးတွင် ဗိုက်တာမင် ဒီ မြင့်မားနေလျှင် အ၀လွန်ရန် ဖြစ်နိုင်ချေနည်းပါးကြောင်း တညီတညွတ်ထဲ ထောက်ခံခဲ့ကြသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း ကိုမူ သေချာမသိရသေးချေ ? ထို့ကြောင့် ဗိုက်တာမင် ဒီ ကျွမ်းကျင်ပညာရှင်များက ပိုမိုသေချာစေရန် သုတေသန မြောက်များစွာ လုပ်ရန် ကျန်နေကြောင်း ဆိုနေကြချိန်တွင် လန်ဒန်တော်ဝင်ကောလိပ်မှ စိတ်ဝင်စားဖွယ် သီအိုရီ တခုကို ဖော်ထုတ်လာသည်။ ဗိုက်တာမင် ဒီ ကို နေရောင်ခြည်မှသာ အဓိက ရနိုင်သည်။ သို့ဖြစ်၍ သွေးတွင်း ဗိုက်တာမင်ဒီ နည်းပါးလာပါက ခန္ဓာကိုယ်မှ အေးသော ရာသီဥတု မကြာမီလာတော့မည်ဟု ယူဆ၍ ခန္ဓာကိုယ်ထဲတွင် အစားအစာများ ပိုမို သိုလှောင်ခြင်းဖြင့် အ၀လွန်ခြင်းကို ဖြစ်စေသည်ဟု ဖော်ထုတ်လာသည်။
          သို့သော် နေရောင်ခြည်နှင့် ဘယ်လောက်များများ ထိတွေ့သင့်သည် ဆိုသော အချက်ကိုမှု ငြင်းခုန်၍ ကောင်းတုန်းပင် ဖြစ်သည်။ နိုင်ငံတကာမှ အသိအမှတ်ပြုထားသော လူတယောက် တနေ့လျှင် နေရောင်ခြည်နှင့် ထိတွေ့သင့်သည့် ပမာဏမှာ ၂၀၀ IU (International Unit) ဖြစ်သည်။ သို့သော်လည်း ကျွမ်းကျင်သူ အများစု၏ အဆိုအရ တနေ့လျှင် ၁၀၀၀ မှ ၂၀၀၀ အထိ ထိတွေ့သင့်သည်ဟုဆိုသည်။ တနေ့လျှင် ၁၀၀၀ IU နုန်းဖြင့် လပေါင်းများစွာ ကြာမြင့်စွာ ထိတွေ့လာလျှင် သင့်သွေးထဲရှိ ဗိုက်တာမင်ဒီ ပမာဏမှာ ၁ မီလီလီတာ တွင် ၁၀ နာနိုဂရမ် ရှိလာမည်ဖြစ်ပြီး ဤ ပမာဏသည် သင် နေ့စဉ်စားသုံးသည့် အပေါ်မူတည်၍ ၂ ကီလိုခန့် လျော့ကျစေသည်။

ဆူဖြိုးခြင်းဖြင့် ဂုဏ်ယူပါ

          ပေါင်ချိန်များခြင်းသည် လူတိုင်းအတိုင်း ကျန်းမာရေးနှင့်မညီညွတ်သော ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပါသလား? The Lancet ဆေးပညာဂျာနယ်မှ ၂၀၀၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသန မှ တွေ့ရှိချက်အရ အ၀လွန်သူ ( ခန္ဓာကိုယ်အလေးချိန် ညွန်းကိန်း BMI ၃၀ အထက်ရှိသူ) များ၏ သုံးဆယ် ရာခိုင်နူန်း မှာ လက်တွေ့တွင် အလွန်ကျန်းမာကြသူများ ဖြစ်သည်ဟု တွေ့ရှိခဲ့သည်။ အဆိုပါ ၃၀ % တွင် သွေးဖိအား ၊ သွေးတွင်းသကြားဓါတ်  နှင့် ကိုလက်စထရော များလျော့နည်းပြီး ကျန်းမာသူများဟု ဖော်ထုတ်နိုင်ခဲ့သည်။
          အ၀လွန် လူများတွင် အင်ဆူလင်အား တုံပြန်မှုမရှိသော်လည်း အဆိုပါ ၃၀% မှာ အင်ဆူလင်ကို ကောင်းစွာ တုံပြန်ကြောင်း တွေ့ရှိသည်။အတိုချုပ် ဆိုရလျှင် အသည်းအသန် ကိုယ်အလေးချိန် ကျခြင်နေသော လူ သုံးယောက်တွင် တယောက်မှာ လက်ရှိအနေအထားနှင့်ပင် ကျန်းမာသူတယောက် ဖြစ်နေသည်ဆိုသော အချက်ကို ကောက်ချက်ဆွဲ၍ရသည်။ ကိုယ်အလေးချိန်လျော့ချ ခြင်းကပင် ထိုလူများကို အန္တရာယ်ဖြစ်စေနိုင်သည် ဆိုသော အချက်မှာ သတိပြုစရာ ဖြစ်လာသည်။ မွန်ထရီရယ် တက္ကသိုလ်မှ သုတေသီများက ဇီဝစံနူန်းများအရ ကျန်းမာသော အ၀လွန် လူများနှင့် အ၀လွန်ခြင်းကြောင့် ပြဿနာရှိနေသော လူများကို ကယ်လိုရီ အနိမ့် အစားအစာများ ကျွေးစေ၍ သွေးတွင်းရှိ အန္တရာယ်ရှိနိုင်သော ဓါတ်များကို တိုင်းတာကြည့်ရာ အ၀လွန်ခြင်းကြောင့် ပြဿနာရှိနေသော သူများတွင် အင်ဆူလင် မတုံပြန်မှု ( ဆီးချို၏ ရှေ့ပြေး လက္ခဏာ ) ၂၆ ရာခိုင်နူန်း တိုးတက်ကောင်းမွန်လာခဲ့သော်လည်း ၀ပြီးကျန်းမာသည့် သူများတွင် ၁၃ ရာခိုင်နူန်း ပိုဆိုးလာကြောင်း တွေ့ရှိခဲ့သည်။
          သင်အစားကျူးသည့် အတွက် သင့် ခန္ဒာကိုယ် ဆူဖြိုးလာပြီး ပေါင်ချိန်တက်လာ ပြီဆိုလျှင် ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး သွေးတွင်းရှိ အန္တရာယ် အချက်ပြများကို စစ်ဆေးကြည့်ပါ ။ အကယ်၍ သင့် ကိုလက်စထရောပမာဏ ၊ သွေးတွင်းသကြားဓါတ် ၊ သွေးဖိအား ပုံမှန်အတိုင်းရှိနေသည်ဆိုပါက သင့် ကိုယ်အလေးချိန်တက်နေခြင်းအပေါ် အပြစ်မမြင်ပါနှင့်တော့။ ၀လို့ လှသည်ဟုသာ သဘောထားပါလေ။ သို့သော် ၆ လတခါ ၁ နှစ်တခါ ပြန်စစ်ဖို့တော့ မမေ့ပါနှင့်။

Wednesday, March 31, 2010

ပရဟိတ သက်တော်ရာကျော်ရှည်ပါစေ

                       
    မြန်မာနိုင်ငံတွင် အင်တာနက်မီဒီယာ အားကောင်းဖွံဖြိုးလာသည်မှာ ၁၀ စုနှစ် တခုပင်မရှိတတ်သေး။ သို့သော် အင်တာနက်၏ ထိုးဖောက်အားက လူငယ်များအပေါ်တွင် ရိုက်ချက်ပြင်းလှသည်။ Chatting ကို အကြောင်းပြုကာ အခြားသော နယ်ပယ်များဆီသို့ မြန်မာ့လူငယ်များ တဖြည်းဖြည်း ချဉ်းနင်း ၀င်ရောက်လာကြသည်။ အင်တာနက်မှတဆင့် ဆက်သွယ်ခြင်းသည် ထိရောက်မြန်ဆန်စွာပျံနှံပြီး ကောင်းကျိုး /ဆိုးကျိုးနှစ်သွယ်ကို ဆောင်ကျဉ်းပေးသည်။ ပြောစရာရှိသည်မှာ အင်တာနက်သည် တနိုင်ငံလုံးအတိုင်း အတာ ထိမပျံနှံနိုင်သေး။ အင်တာနက်မီဒီယာသည် မြို့ကြီးများ၏ ပြယုဂ်တခုသာရှိနေသေးသည်။ အနာဂတ်တွင်တော့ တနိုင်ငံလုံးဖြန့်ကျက် သုံးစွဲနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။
    ၂၀၀၈ ခုနှစ်ခန့်မှ စ၍ မြန်မာ့အင်တာနက်အသုံးပြုသူ လူငယ်များကြားတွင် Social Web Site များ အထူးရေပန်းစားလာသည်။ Friendster, Tagged, Facebook, Twitter အစရှိသည့် ဆိုရှယ်ဝက်ဘ များအပြင် မိမိကိုယ်တိုင် ပြုပြင်ဖန်တီးတည်ဆောက်ရန် အခွင့်အရေးပေးထားသည့် Ning ကဲ့သို့သော ၀က်ဘဆိုက်များကြောင့် အဖွဲ့အစည်းငယ်လေးများ ၊ ၀ါသနာတူအစုအဝေးလေးများ ၊ နယ်ပယ်အသီးသီးမှ ပရောဖက်ရှင်နယ်များပါ အချင်းချင်းကူးလူးဆက်ဆံမှု များလာသည်။ နယ်ပယ်တူမှ သူငယ်ချင်းများကို စုစည်း၍ ကောင်းကျိုးကိုရည်မှန်းသော လူငယ်ပရဟိတအဖွဲ့များ တဖြည်းဖြည်းပေါ်ပေါက်လာသည်။ အင်မတန် အကျိုးရှိသော စုစည်းမှုဟု အမည်တပ်လျှင် လွန်မည်မထင်ပါ။ တဦးနှင့်တဦး ရိုင်းပင်းကူညီတတ်သော မြန်မာတို့အတွက် အလွယ်တကူ စုပေါင်းလုပ်ဆောင်နိုင်ရန် ၊ အများအကျိုးသယ်ပိုးနိုင်ရန် အင်တာနက်မှ ကြားခံဆောင်ရွက်ပေးခြင်းဖြစ်သည်။
    ကျွန်တော်ကိုယ်တိုင်လည်း Ning ပလက်ဖောင်းပေါ်တွင် Social Site တခုဖန်တီးခဲ့ပါသည်။ ကွန်ပျုတာကျွမ်းကျင်သူ မဟုတ်သည့်တိုင် Ning ၏ ရိုးစင်းသော နည်းပညာကြောင့် တနှစ်အတွင်း အဖွဲ့ဝင် ၂၀၀၀ ခန့်ဝင်ရောက်လာကြသည (အချို့သောဆိုရှယ်ဝက်ဘဆိုက်များဆိုလျှင် အဖွဲ့ဝင် သောင်းနှင့်သိန်းနှင့်ချီ၍ စုစည်းမိကြသည်အပြင် ထပ်မံ၍လည်း ၀င်ရောက်ဆဲဖြစ်ပါသည်)။ တနှစ်တာ ကာလအတွင်း တစ်ဦးနှင့်တဦး ရင်းနှီးလာသည့်အလျှောက် ကျွန်တော်တို့ Site လေး၏ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အဖွဲ့ဝင်များ စုပေါင်းထည့်ဝင်၍ ပရဟိတလှူဒါန်းမှုပြုလုပ်နိုင်ရန် တိုင်ပင်ကြည့်တော့ အားလုံးက အားတက်သရော ထောက်ခံသည်။ဘယ်နေရာကိုလှူဒါန်းကြမလဲ။ ကျွန်တော်တို့၏ အားနည်းချက်မှာ ရန်ကုန်အနီးတ၀ိုက် တွင်သာ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ အဖွဲ့ဝင် ၈၅% မှာ ရန်ကုန်မှ ဖြစ်ခြင်း ၊ အချို့အဖွဲ့ဝင်များအနေဖြင့် နေ့ချင်းပြန် ခရီးကိုသာ လိုက်ပါကူညီဆောင်ရွက်နိုင်ခြင်းတို့ကြောင့် လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာရှိ အနာကြီးရောဂါကြောင့် ကိုယ်လက်အင်္ဂါပျက်စီးခဲ့ရသူများ (ဤနေရာတွင် အနာကြီးရောဂါသည် များဟု မသုံးစေလိုပါ ။ ဂေဟာနေ အဖိုးအဖွားများ အားလုံးသည် အနာကြီးရောဂါ တိုက်ဖျက်သည့် MDT ဆေးပေါင်းကို ဆေးပါတ်လည်အောင် သောက်ပြီး အခြားသူများကို ကူးစက်နိုင်စွမ်း မရှိတော့သော်လည်း ရောဂါကျွမ်းခဲ့သည်ဒဏ်ကြောင့် ကိုယ်လက်အင်္ဂါပျက်စီးမှုကို ဆက်လက် ခံစားနေရဆဲ လူနာများသာ  ဖြစ်ပါသည်)    အား လက်ခံစောင့်ရှောက်ထားသည့် မေတ္တာပရဟိတ ဂေဟာလေးကို ရွေးချယ်လိုက်သည်။ ထိုအချိန်က မရမ်းချောင်းပရဟိတ ဂေဟာသို့ လူငယ်အဖွဲ့များ စိတ်ဝင်စား စွာ လာရောက်လှူဒါန်းမှု နည်းပါးသေးသည်။ ဆရာချစ်စံဝင်း နှင့် အရှင်ဇ၀န (မေတ္တာရှင်) တို့သာ အဓိက လှုံဆော်သူများဖြစ်ကြသည်။ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦး၏ ကလောင်စွမ်းအားကြောင့် အလှူရှင်များ၏ စေတနာကို နိုးကြားစေပြီး မရမ်းချောင်း ပရဟိတဂေဟာ အတွက် လှူဒါန်းမှုများ တိုးပွားလာရခြင်းဖြစ်သည်။
              မရမ်းချောင်းပရဟိတ ဂေဟာအတွက် အလှူငွေကောက်ခံရာတွင်လည်း အင်တာနက်ကိုအများဆုံး အသုံးပြု၍ ကောက်ခံခဲ့ပါသည်။ ပြည်တွင်းမှ အလှူရှင်များအပြင် နိုင်ငံရပ်ခြားမှ မြန်မာများကလည်း အားတက်သရော လှူဒါန်းသည့်အတွက် ကျွန်တော်တို့ ဆိုရှယ်ဆိုက်လေး၏ တနှစ်ပြည့် ပရဟိတ လှူဒါန်းမှုခရီးစဉ်ကို ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကာလတန်ဖိုး သိန်း ၂၀ခန့်ရှိသော ဆေးဝါး ၊ အ၀တ်အထည် ၊ စားသောက်ကုန် ၊ ဒီဇယ်ဆီများဖြင့် အောင်မြင်အောင်ဆောက်ရွက်နိုင်ခဲ့သည်မှ Ning ၏ ကျေးဇူးဖြစ်ပါသည်။ ပထမအကြိမ် လှူဒါန်းမှုတွင် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါကူညီလှူဒါန်းသူ ၄၅ ဦး ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအား အဖွဲသားထဲမှ ဆရာဝန်များက တနေ့တာ ကုသိုလ်ပြုခဲ့ကြသည့်အပြင် လစဉ် ဆေးဝါး နှင့် ဒီဇယ်ဆီ လှူဒါန်းမှု ပြုလုပ်ရန် ကောက်ခံရရှိသော အလှူငွေများအား စနစ်တကျ ဘဏ်စာရင်းဖွင့်၍ ဆောင်ရွက်နိုင်ခဲ့သည်။
              ကျွန်တော်တို့ ပထမအကြိမ် သွားရောက်လှူဒါန်းသည့် ခရီးစဉ် ဓါတ်ပုံမှတ်တမ်း အင်တာနက်ပေါ်တွင် တင်ထားသည့်အပြင် အီးမေးလ်မှ တဆင့် ဖြန့်ဝေခြင်း DVD မှတ်တမ်းဖြန့်ဝေခြင်းတို့ကြောင့် သဒ္ဓါတရားပေါက်သည့် အလှူရှင်များ၏ ထပ်မံတောင်းဆိုချက်အရ ၂၀၁၀ ဖေဖေါ်ဝါရီ လတွင်တကြိမ် ၊ မတ်လတွင် တကြိမ် ထပ်မံသွားရောက်လှူဒါန်းခဲ့ပါသည်။ ၂၀၁၀ မတ်လ ၂၅ ရက်နေ့တွင် Mutdfan ၊ Online Donation တို့နှင့်ပူးပေါင်းပြီး မရမ်းချောင်း ကျေးရွာရှိ အနာကြီးရောဂါ ခံစားခဲ့ရသော ဘိုးဘွား မိဘများကို နတ်မောက်လမ်း မျက်စိဆေးရုံတွင် အခမဲ့ မျက်စိကုသပေးခြင်း ၊ ရွှေတိဂုံ ဘုရားအပါအ၀င် ရန်ကုန်မြို့ရှိ နာမည်ကြီးဘုရားများသို့ ဘုရာဖူး ပို့ဆောင်ပေးခြင်းကို ပထမဆုံးအကြိမ့် အဖွဲ့သုံးဖွဲ့ စုပေါင်း၍ အောင်မြင်စွာ စီစဉ်ဆောင်ရွက် လှူဒါန်းနိုင်ခဲ့ပါသည်။
              တဖက်တွင် ကျွန်တော်တို့ ဆိုရှယ်ဆိုက်အတွက် အက်ဒမင် အခက်အခဲ ဖြစ်လာသည်။ အက်ဒမင်အဖြစ် ဆောင်ရွက်သူများ အင်တာနက် အချိန်ပြည့်မသုံးနိုင်တော့ စာမေးပွဲကိစ္စ ၊ လူမှုရေးကိစ္စများကြောင့် အင်တာနက်နှင့်ဝေးလာသည်။ ဆိုရှယ်ဝက်ဘဆိုဒ်တခုသည် အနည်းဆုံး တနေ့တကြိမ် Update လုပ်နေမှသာ ၀င်ရောက်ကြည့်ရှုသူများအတွက် စိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်မည် မဟုတ်ပါလား။ ကျွန်တော်တို့ဆိုက်အား တပါတ်တခါပင် Update မလုပ်နိုင်တော့သောအခါ အဖွဲ့ဝင်များ စိတ်ဝင်စားမှုကတဖြည်းဖြည်းလျှော့ကျသွားသည်။ ထို့အပြင်Ningမှအလကားပေးထားသော နေရာလွတ်များ ကို ပိုက်ဆံဖြင့်ဝယ်မှသာ ဆက်လက်အသုံးပြုနိုင်မည်ဟု တရားဝင်ကြေငြာလာသည်။ ကျွန်တော်တို့အတွက် ပို၍ ခက်သွားသည်။ ပိုက်ဆံနှင့်ဝယ်ပြီးမှ အကျိုးရှိရှိ မသုံးနိုင်လျှင် ငွေကုန်တာပဲ အဖတ်တင်မည်။ အင်တာနက်သည် အစဉ်ပြောင်းလဲနေသော မီဒီယာဖြစ်သည်။ ရေစီးကြောင်းအသေမဟုတ်။ အက်ဒမင်လုံလောက်စွာ မရှိလျှင် မည်မျှ ကောင်းမွန်ပြည့်စုံသည့် ၀က်ဘဆိုဒ် ဖြစ်ပါစေ ရေရှည်ရှင်သန်နိုင်မည် မဟုတ်ပေ။ ထိုကြောင့် စိတ်မကောင်းစွာပင် ကျွန်တော်တို့ဆိုက်အား စွန့်လွတ်လိုက်ရတော့သည်။ သို့သော် အဖွဲ့ဝင်များကြားတွင် ပရဟိတ စိတ်ဓါတ်တော့ ကျန်နေခဲ့သေးသည်။ အချို့က တတ်စွမ်းသမျှ ဆက်လုပ်သေးသည်။ မိမိပါတ်ဝန်းကျင် အင်တာနက် အဆက်အသွယ်များအချင်းချင်း စည်းရုံး၍ မရမ်းချောင်းပရဟိတဂေဟာသို့ တဖွဲဖွဲလာရောက်လှူဒါန်းလျှက်ရှိသေးသည်။    ကျွန်တော်လည်း အင်တာနက် မသုံးဖြစ်သည့်တိုင် မရမ်းချောင်းနှင့်အဆက်အသွယ်မပြတ်။အနည်းဆုံး  ၂ ပါတ်တခါတော့ ရောက်ဖြစ်သည်။ တတ်နိုင်သမျှ ကူညီသည်။ ဝေဒနာရှင်များကို သံယောဇဉ်ရှိသည်ကလည်း ပါသည်။ အဖွဲ့အစည်းအလိုက် လှုပ်ရှားမှုကား အားနည်းသွားလေပြီ ။ ထိုအချိန်တွင် Online Donation အဖွဲ့မှ အလုံးအရင်းဖြင့် လာရောက်လှူဒါန်းသည်။ ထို့နောက် ထို့နောက်တွင် မေတ္တာသန့်အဖွဲ့, Equation, Save the Aged, True Donation, Love Donation, သာကေတမှ လူငယ်အားသစ်  စသည့် မြန့်မာလူငယ်ပရဟိတ အဖွဲ့များ တဖွဲဖွဲ ရောက်လာကြသည်။ လာရောက်လှူဒါန်းကြသည့် ထိုအဖွဲများ ထဲတွင် နူပျိုဖျတ်လတ်တက်ကြွသည့် အသက် ၂၀ မှ ၃၅ နှစ်ကြားရှိ လူငယ်များ အများစုပါဝင်သည်။ Save the Aged အဖွဲ့၏ သီချင်းသံမြိုင်မြိုင်အောက်တွင် မရမ်းချောင်းမှ အဖိုးအဖွား ကလေးငယ်ပါမကျန် အားလုံး ပျော်ရွှင်ကြည်နူးခဲ့ရသည်ကို ကျွန်တော် အမှတ်ရနေမိ သေးသည်။
              အွန်လိုင်းဘောလုံးဝက်ဆိုဒ် mutdfan.com မှ အဖွဲ့သားများမှလည်း ငွေကြေးအလုံးအရင်းဖြင့် ထောက်ပံလှူဒါန်းခြင်းကြောင့် မရမ်းချောင်းပရဟိတဂေဟာလေးသည် တနှစ်အတွင်း ဂေဟာပိုင်ကားတစ်စီး ပိုင်ဆိုင်လာသည်အထိ ပြည့်စုံကြွယ်ဝလာသည်။ မတ်ဖန် (mutdfan.co ၏ အတိုကောက်) အယ်ဒီတာချုပ် ဖြစ်သူ WorkGroup IT Solution မှ ကိုဇော်လွင်ဝင်းကိုယ်တိုင်  မီဒီယာ ပေါင်းစုံမှ တဆင့် အင်တိုက်အားတိုက် လှုပ်ရှားမှုများကြောင့် စေတနာ့ရှင်များ မျက်စိအောက်သို့ မရမ်းချောင်း ပရဟိတ ဂေဟာလေး ရောက်ရှိလာသည်။  မရမ်းချောင်းဂေဟာလေး ဤမျှတိုးတက်ပြည့်စုံလာသည်မှာ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်နေကြသည့် အရှင်ဇ၀န(မေတ္တာရှင်) နှင့် မရမ်းချောင်းဖခင်ဟု ခေါ်ဆိုထိုက်သည့် ဆရာချစ်စံဝင်းပြီးလျှင် အင်တာနက်မီဒီယာ၏ စွမ်းပကားပင်ဖြစ်သည်။
              ဤအချက်ကို ကြည့်ချင်းအားဖြင့် အင်တာနက်အသုံးပြုသော မြန်မာ့လူငယ်များသည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေပဲ လူမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်လိုစိတ်ရှိသည်ကို ပိုမိုပေါ်လွင်စေသည်။ ရုရှားမှ လူငယ်များကလည်း လှူကြသည်။ စင်္ကာပူမှ လူငယ်များကလည်း မနေ။အခြားနိုင်ငံများက လူငယ်များကလည်း အားတက်သရော။ လူငယ်များ၏ အားကို လျှော့တွက်မရနိုင် ရနိုင်ကြောင်းထောက်ပြနေသည်။မရမ်းချောင်းတွင်သာမက အခြားနေရာများစွာတွင်လည်း ပရဟိတလူငယ်များ စုပေါင်း၍ ကွက်လပ်ဖြည့်လျှက် ရှိနေသည်။ အချို့ လူငယ်အဖွဲ့များ ဆိုလျှင် တလတခါ ပုံမှန် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်ကို ၀မ်းသာအားရ သိရှိရပါသည်။ သို့သော် တနိုင်ငံလုံးအတိုင်းအတာဖြင့် မလှုပ်ရှားနိုင်သေး။ အင်တာနက်ဆက်သွယ်မှု အကန့်အသတ်ရှိနေသည်။ မြန်မာနိုင်ငံရှိ အခြားလိုအပ်ချက် ရှိနေသော နေရာများစွာသို့ လက်လှမ်းမမှီနိုင်သေး။ ထို့ပြင် ပရဟိတ လုပ်ငန်းကို အားတက်သရော လုပ်ကိုင်နေကြသည့် လူငယ်အများစုမှာ ကျွန်တော်တို့လိုပင် လုပ်ငန်းခွင်၊ ကျောင်းစာနှင့် မကင်းလွတ်။ သည်ကြားမှပင် ရသလောက် အချိန်လု၍ သူငယ်ချင်းများစုပေါင်းကာ တက်ညီလက်ညီ လုပ်ကိုင်ကြသည်ကို အားတက်ဖွယ် တွေ့ရှိရပါသည်။ အားလပ်သော အချိန်လေးများကို မရမကစုပေါင်းကာ အများအကျိုး ဆောင်ရွက်ကြသည့် အလေ့အထသည် မူလတန်း ဖတ်စာအုပ် ထဲတွင်သာရှိသည့် ကိစ္စမဟုတ်တော့။ လက်တွေ့တွင် ပီပြင်စွာ အကောင်အထည်ပေါ်လာသည်။ သို့သော် ဝေးလံသော နေရာဒေသများသို့ ဆရာချစ်စံဝင်းတို့ အရှင်ဇ၀နတို့ကဲ့သို့ သွားရောက်နိုင်ခြင်း မရှိသေး ။ စိတ် သာရှိသော်လည်း ကိုယ်မလိုက်နိုင်သည့် သဘော။
              အွန်လိုင်းသည် အဖွဲ့အစည်းများ ဖွဲ့စည်းရန် လွယ်ကူသလို အဖွဲ့အစည်းများ ပြိုကွဲရန်လည်း လွယ်ကူသည်သာဖြစ်သည်။ မိတ်ဆွေများရရှိရန် လွယ်ကူသလို ရန်သူများ တိုးပွားရန်လည်း လွယ်ကူပါသည်။ အင်တာနက်သည် လူငယ်များအတွက် မှော်လက်နက် တခုသာဖြစ်သည်။ သုံးတင်လျှင် မမျှော်မှန်းနိုင်သော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သလို မသုံးတတ်လျှင် ဘ၀ပျက်သွားသည်အထိ ဆိုးရွား သွားနိုင်သည်။ အင်တာနက်ကြောင့် လူငယ်များ စာရိတ္တပျက်ပျားသည်ဆိုသော ဟောကိန်းများကို မြန်မာ့လူငယ်များ၏ ပရဟိတလုပ်ငန်းများမှ အလုပ်နှင့်သက်သေပြနေသည်။ တရုတ်ခေါင်းဆောင်ကြီး တယောက်ပြောခဲ့သလို ပြူတင်းပေါက်ဖွင့်ထားလျှင် လေကောင်းလေသန့်အပြင် အညစ်အကြေး ခြင်ယင်စသည်တို့ဝင်လာနိုင်သည် ဆိုသည့်စကားအတိုင်းပင် ကျွန်တော်တို့ လူငယ်များသည် လေကောင်းလေသန့်များကိုသာ စနစ်တကျစစ်ယူရန် ကြိုးစားနေကြသည်ဟု ကျွန်တော်မြင်သည်။
              မြန်မာနိုင်ငံသည် ဖွံဖြိုးဆဲ (အချို့ကတော့ underdeveloped ဟုသုံးပါသည်) နိုင်ငံတခုဖြစ်ခြင်းကြောင့် လူမှုရေးအကူအညီများ များစွာလိုအပ်နေသည့် နိုင်ငံတခုဖြစ်ပါသည်။ ထို့ကြောင့် ရည်ရွယ်ချက်တခုတည်းကိုပင် အကောင်အထည်ဖော်နေကြသည့် လူငယ်များ အားလုံးစုပေါင်း၍ ဘာသာ/သာသနာ အကျိုးကို အားတက်သရော ဆောင်ရွက်လျှင် မြန်မာ့ဒေသအသီးအသီးမှ တဦးတယောက်အားဖြင့် ဖြေရှင်းဆောင်ရွက် ပေးနိုင်ခြင်းမရှိသည့် အခက်အခဲများကို အဖွဲ့အစည်း စွမ်းပကားဖြင့် ကူညီဖြေရှင်း ပေးနိုင်လိမ့်မည်ဟို မျှော်လင့်မိပါသည်။ လူငယ်အဖွဲ့များ မည်မျှပင် ကွဲပြားသည်ဖြစ်စေ လည်းကောင်းတို့၏ တခုတည်းသော ရည်ရွယ်ချက်မှာ လူမှု အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးရန်သာ ဖြစ်သည်မှာ ထင်သာမြင်သာရှိလှသည်။  သို့သော် အားလုံးထက် အရေးကြီးသည်မှာ ရင်ဘတ်ထဲမှ ရည်ရွယ်ချက်သာ ဖြစ်သည်။ ဆရာချစ်စံဝင်း ပြောခဲ့ဘူးသလို လှူဒါန်းမှု အစီအစဉ်သာ အဓိက ဖြစ်ပါသည်။ မည်သည့်အဖွဲ့အစည်း ဖြစ်သည်ဆိုသည်မှာ အရေးမကြီး ။ မြန်မာ့အနာဂတ် လူငယ်များ၏ ရင်ဘတ်ထဲတွင် ပရဟိတပန်း ထာဝရ ရွှင်လန်းနေဖို့သာ အရေးကြီးလေသည်။ မြန့်မာ လူငယ်များ စုပေါင်း၍ အင်တာနက် စွမ်းအားကိုရယူပြီး အနာဂတ်မြန်မာ့လူ့ဘောင်ကို ပိုမိုသာယာလှပအောင် ဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့်ရင်း ……………..။


                                                                                                                                                                      တောကျီးဂန်း
                                                                                                                                      logo.gif