RSS
Facebook
Twitter

Showing posts with label စာရေးဆရာတို့၏လက်ရာမွန်. Show all posts
Showing posts with label စာရေးဆရာတို့၏လက်ရာမွန်. Show all posts

Thursday, November 8, 2012

ကျွန်တော်ဂျီပီ(၂) by Ko Pwa Gyi

  ဆိုတော့ကာ (ညီငယ်တစ်ယောက်၏လေသံအား အတုခိုးထားခြင်း) ဒေါက်တာပွ ၏ ဂျီပီအကြောင်း ရေးပြရလျှင်ကား ကုန်နိုင်ဖွယ်မရှိသော်လည်း  ထူးထူးဆန်းဆန်းလူနာများနှင့် ဟာသ အဖြစ်အပျက်များအား ပြန်လည်ဝေမျှရန် အာသီသ ဖြစ်မိ၏။ ဆိုတော့ကာ.......
        တစ်နေ့သော် ဒေါက်တာပွ တစ်ယောက်  ဗိုက်ဆာသည်နှင့် ဆေးခန်းရှေ့မှ မုန့်လင်မယား ၅၀၀ ဖိုးဝယ်ကာ လူနာပြတ်တုန်း အပီဆွဲရန် ပြင်ဆင်နေစဉ် လူကုံထံ ပုံစံပေါက်သော အမျိုးသမီး တစ်ယောက် အဖော်တစ်ယောက်နှင့် အတူ ၀င်ချလာ၏။ ဒီတော့ ဒေါက်တာပွ တစ်ယောက် ပလုတ်ပလောင်း ဖြစ်နေသော ပါးစပ်ကို လက်နှင့် အသာသုတ် ထိုလက်ကို ပုဆိုးနှင့် မသိမသာ ပွတ်ကာ မေးမြန်းရ၏။

    " ဆရာက ဆရာလား"

    " ဗျာ"  ဘယ်လိုမေးခွန်းကြီးပါလိမ့်။ မသိရင်ပဲ ဆရာက ဆရာ မဟုတ်လို့ ဆရာမ ဖြစ်ရမှာလား သမီးရယ်

    " အော် မဟုတ်ဘူးလေ အရင်က ထိုင်သွားတဲ့ ဆရာ မဟုတ်ဘူးနော် အဲဒါကြောင့်ပါ"

         ထိုသို့သော ဆရာစွဲ ရှိသောသူများကိုလည်း မကြာ ခဏ ကြုံရပါ၏။ တချို့ဆို ခန်းဆီးလေး အသာလှစ်ကြည့်ကာ အရင်ဆရာလည်း မဟုတ်ဘူး ဆိုပြီး ရုပ်တည်နှင့် ပြန်ထွက်သွားကြသူများလည်းရှိသေးသည်။ မသိရင်ပဲ အခုဆရာက ဘာကြီးလိုလို ညာကြီးလိုလို။ ရှိစေတော့။ ထို လူကုံထံ အမျိုးသမီးအား ဆက်မေးမြန်းရ၏။

   " ဟုတ်ကဲ့ ဘာဖြစ်လို့လဲဗျ"
    " အော် ဒီလို ဆရာရယ် ကျွန်မ ကိုယ်ဝန် ရှိ မရှိ စမ်းသပ်ချင်လို့ပါ"

    " အဲ အခု လနုသေးရင်တော့ ဆီးစစ်တာရယ် အာထရာ ဆောင်းရယ်နဲ့ပဲ ကိုယ်ဝန် ရှိမရှိ ပြောလို့ရမယ်ဗျ။ ဒီအတိုင်း နားကြပ်တင်လိုက်တာနဲ့တော့ ပြောလို့မရဘူး"

    " အင်း ဒီလို ဆရာရဲ့ လမ်းထိပ်က သားဖွားဆရာမကတော့ ကိုယ်ဝန် ရှိနေတယ် ပြောလို့လေ ပိုသေချာသွားအောင် ဆရာ့ဆီ လာပြတာပါ ကျွန်မက ခုမှ သားဦးမို့ပါ"

   " တိန်" ဒွတ်ခ  သားဖွားဆရာမကတော့ ဒေါက်တာပွအား မလေပြီ။ ဘယ်လိုဘယ်ပုံနှင့် ဆီးမစစ် အာထရာဆောင်း  မရိုက်ဘဲ ကိုယ်ဝန်ရှိတယ်လို့ တန်းပြောရပါ့ ။ မပြောနိုင်ရင်လည်း သားဖွားဆရာမလောက်တောင် မကျွမ်းကျင်ဘူးအပြောခံရတော့မယ်။

   " မဟုတ်ဘူးဗျ ဆီးစစ်တဲ့ ပစ္စည်းနဲ့ အရင် အိမ်မှာ စစ်ကြည့်ပါ အုံး မသေချာမှ အာထရာဆောင်း ရိုက်ကြည့်တာပေါ့ လက္ခဏာ ပြရုံနဲ့တော့ ရှိတယ် မရှိဘူး တန်းပြောလို့မရဘူးဗျ "

   " ရှိနီုင်ပါတယ် ဆရာရယ် ကျွန်မ ဖန်ဆင်းရှင် လည်း မလာတာ နှစ်လ ရှိပြီ ဆရာရဲ့"

   " ဖန်ဆင်းရှင် ဟုတ်လား"  ဒေါက်တာပွ တစ်ယောက် အနည်းငယ် ခေါင်းစားသွား၏။ ဘာပါလိမ့် ဖန်ဆင်းရှင် ဆိုတာ နားကြားပဲ လွဲတာလား ဒီတော့ မတတ်နိုင် တခါတလေ လူနာတွေဆီက ပြန်သင်ယူရသည်လဲ ရှိသကိုး။ ထပ်မေးမြန်းရ၏။

    " အဟဲ ကျွန်တော် နားမရှင်းလို့ဗျ ဖန်ဆင်းရှင်ဆိုတာ ဘာကိုပြောတာလဲဟင်"

      ထို အခါ အနှီ လူနာမှာ ဒေါက်တာပွ အား ပိန်းလိုက်တာ ဟူသော အကြည့် ဖြင့် ကြည့်လိုက်တာ

     " ဆရာကလည်း သွေးပေါ်တာကို ပြောတာလေ"

      " တိန် သေလိုက်ပါတော့ အမိရယ်"။ အမှန်က သူပြောချင်တာက အမျိုး သမီးများ တစ်လ တစ်ခါ သွေးပေါ်ခြင်း( Menstruation) ကို ဗမာလို ပက်ပက်စက်စက် အသံထွက် မွေးစားလိုက်လေရာ ဖန်ဆင်းရှင် ဖြစ်သွားလေ၏။
   ထို့နောက် အနည်းငယ် အာပေါက်အောင် ရှင်းပြပြီးသော အခါ ထိုအမျိုး သမီးမှာ အကြောဆေး တစ်လုံးသွင်းကာ ပြန်သွားလေတော့သည်( စကားချပ်- ထိုအမျိုး သမီး သည် ယောက်ျားလေး ဖွားမြင်ပြီး ယခုထိတိုင် ဒေါက်တာပွ ၏ ဆေးခန်းတွင် အမေရော သားပါ လူနာ အဖြစ် ဆက်လက် ကုသမှု ခံယူနေလေ၏)
 ထိုကဲ့သို့ အင်္ဂလိပ်ဆေးနာမည် ရောဂါ နာမည်များအား ဗမာမှု ပက်ပက်စက်စက်ပြုကြသူများ အများအပြားရှိကြသေး၏။ တချို့လူနာ များမှာ အနည်းငယ် ဗဟုသုတ ရှိသဖြင့် ရောဂါ နာမည် ဆေးနာမည်များအား ဘိုလို ညှပ်ကာ မှုတ်သူများလည်းကြုံဖူးသည်။  ထိုအခါ ဒေါက်တာပွမှာလည်း အားကျမခံ ဘိုလိုပြန်မှုတ်ရလေသည်။ တစ်ခါကလည်းကြုံဖူးသည် ဆေးထိုးလိုက်၍ နာသည်ကိုပင် ဘိုလို အော်သော လူနာ ။ ဘာတဲ့ သူအော်တာ ။

" အိုးမိုင်ဂါးးးးးး ဆိုးဟာ့ထ် ( Oh my god , so hurt) "

 ဒီတော့ ဒေါက်တာပွလည်း အားကျမခံ

  " ဘီခူးလ် ဘီခူးလ် ( Be cool , be cool) " ပေါ့လေ။ မတတ်နိုင် ရေလိုက် ငါးလိုက်ပေါ့ ။
ဒေါက်တာပွ ဘေးမှ အခွေဆိုင်နှင့် ဒေါက်တာပွ ဆေးခန်းမှာ ထရံ တစ်ချပ်သာ ခြား၏။ ဆေးခန်းဖွင့်စတုန်းက ဒေါက်တာပွ လူနာ မရ၍ ဆေးပုလင်းစီသလိုလို စာအုပ်ဖတ်သလိုလို ဂယောင်ဖတ်နေချိန်တွင် ထို ခွေဆိုင်သို့ ခွေလာငှားသော လူတစ်ယောက်မှ

"့ကျွန်မ ကလေးဖျားနေတာ နှစ်ရက်တောင်ရှိပြီ ဆေးစပ်တိုက်တာလည်း မသက်သာဘူး ဆေးခန်းကလဲဝေးတော့ မသွားနိုင်ဘူး ဖြစ်နေတယ် "
ထို အသံအား ကြားသောအခါ ဒေါက်တာပွတစ်ယောက် ဒီမှာ လေဆရာဝန် ရှိပါတယ် ဆေးခန်းလဲ ရှိပါတယ်ဟု ကိုယ်ယောင်ပြေးပြချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာမိသည်မှာ အမှန်ပင်။ ဘယ့်နှယ် ဒီဆေးခန်းကြီး တစ်ခုလုံးတောင် မတွေ့ဘူးလားဗျာ ဟု အော်သာ မေးလိုက်ချင်သည်။သည်းခံ ဒေါက်တာပွ သည်းခံ ။တစ်ခါတစ်လေ ကျိုက်ထီးရိုးဘုရားရှီ စားသောက်ဆိုင်များလူခေါ်သလို ဒီမှာ ဆေးခန်းပါ ခင်ဗျ သွေးပေါင်လည်း ချိန်လို့ရပါတယ် ဆေးတစ်ခါထိုးမှ ၁၅၀၀ ထဲပါ ဈေးချိုပါတယ် ဟု အပြင်ထွက် အော်ခေါ်ချင်စိတ်ပေါက်သည်အထိ လူနာ ပါးလွန်းလှသည်။ အော် အခုမှ အသစ်ဖွင့်တာကိုး သည်းခံ ဒေါက်တာပွ သည်းခံ။
ပြီးလျှင် ဒေါက်တာပွ စိတ်အညစ်ဆုံးမှာ ကလေးများ ဆေးခန်းလာပြခြင်းပင်။ တချို့ ကလေးများမှာ အကျင့်ကောင်းသော်လည်း တချို့မှာ ဒေါက်တာပွ အားမြင်သည်နှင့် ဘယ်ဘ၀က ရေစက်မှန်းမသိ အားရပါးရငိုချလေတော့သည်။ စမ်းသပ်လျှင်လည်း အစမ်းမခံ ။ နားကြပ်တောင် အထောက်မခံ။ တခါတလေ စအိုထဲ ပါရာစီတမော အတောင့်ထည့်မည်ဆိုလျှင်တောင် နှစ်ယောက်ခန့် ချုပ်ထားမှသာလျှင် အဆင်ပြေ၏။ ထို ကလေးကား ဆေးခန်းမှ ပြန်အထွက် ဒေါက်တာပွ အား မျက်လုံးစိမ်းကြီးနှင့် နာကျည်းသော အကြည့်ကြည့်ကာ ပြန်ထွက်သွားသည်ကိုလဲ မကြာခဏ ကြုံဖူး၏။ ယခုနောက်ပိုင်း သတင်း သိုးသိုးသန့်သန့် ကြားရသည်မှာ အိမ်တွင် ကလေးငယ်များ အချို မတရားစားလျှင်ပဲ ဖြစ်ဖြစ် မတရားဆော့လျှင်ပဲ ဖြစ်ဖြစ် " အေး ငါဆရာဝန်ပြေးခေါ်လိုက်ရမလား " ဟု ဆိုလျှင် အဆိုပါ ကလေးငယ်မှာ ချက်ချင်းပင် လိမ်မာသွားသည် ဟူ၍" ။ အိမ်း အဆိုပါ ကလေးငယ်များကြီးလာလျှင် ဒေါက်တာပွ အား ချောင်းမရိုက်လျှင် ကံကောင်း။
 တစ်ခါတစ်လေ ရောဂါနာမည်အား တပ်သည်မှာ ကွက်တိ ဖြစ်တတ်သလို တစ်ခါတစ်လေလည်း တက်တက်စင်အောင်လွဲဖူးသည်လဲ ဖြစ်ဖူးသေး၏။ ဟိုတလောကပဲ လူနာ အမျိုး သမီးတစ်ယောက် ရင်ခေါင်းက အကြီး အကျယ်အောင့်သောကြောင့် ဒေါက်တာပွ ဆီ လာပြ၏။ ဒေါက်တာပွ ရောဂါနာမည် တပ်ပေးလိုက်သည်က အစာအိမ်ရောင်။ ထို့ကြောင့် ထိုကုသနည်းအတိုင်း ကုသပေးလိုက်ပြီး အစာ မာမာ မစားရန် မှားကြားလိုက်သေးသည်။ သို့သော် လူနာမှာ မသက်သာ သဖြင့် ဆေးရုံသို့ နောက်နေ့တွင်လွှဲပေးလိုက်သော အခါ ဆေးရုံမှ အာထရာ ဆောင်းရိုက် ကြည့်ရာတွင် တကယ့်ရောဂါ အမှန်မှာ သည်းခြေတွင် ကျောက်တည်ခြင်း ဖြစ်နေလေ၏။ ဒီတော့ ဒေါက်တာပွမှာ လူနာရှင်အား မျက်နှာချိုသွေးရလေတော့သည်။ မဟုတ်ဘူးဗျ ဆရာဝန်တွေက ဗိုက်နာလို့ရောက်လာတဲ့သူတွေဆို ကြောက်တယ်ဗျ ဘာလို့လဲဆိုတော့ ဗိုက်နာမည်ကိုက Magic box တဲ့ ။ ခဏ ခဏ မျက်လှည့်ပြလွန်းလို့လေ စသည် စသည် ပြောရဖောရတော့၏။ အမှန်တကယ်လည်း ဗိုက်အောင့် ဗိုက်နာနှင့်ရောက်လာသော လူနာများအား ဒေါက်တာပွ ကြောက်ပါ၏။ အမှန်တကယ်ပင် အနှီ ဗိုက်မှာ တစ်လုံးဆို တစ်လုံးဆိုသလောက် မျက်လှည့်ပြတတ်လွန်းသောကြောင့်ပင်။
တချို့ ရောဂါတွေဆိုလျှင် ဘာရောဂါမှန်း အမည်တပ်၍ပင် မရလောက်အောင် ပြောတတ်သော လူနာများလည်းကြုံဖူးပါသေး၏။
    ဥပမာ- " ဆရာ ကျွန်တော်လေတက်လာရင် ခေါင်းထဲ ဝေကနဲ ဝေကနဲ ဖြစ်ဖြစ်သွားတယ် အဲ့ဒါ Gelmag တစ်လုံး စားလိုက်ရင် လေလည်သွားမှ ဝေတာ ပျောက်သွားတယ်။ ဒါပေမယ့် အဲဒီဝေတာလည်း ပျောက်သွားရော ကိုယ်တွေပူလာပြီး ခြေဖျားလက်ဖျားတွေအေးလာရော ။ အဲ့ဒီမှာ တဖန်ပြန်ဝေလာပြန်ရော"။ သူပြောတာ နားထောင်ကြည့်လိုက်တာ ဒေါက်တာပွ ပါ ခေါင်းတွေ ဝေကုန်၏။ မည်သို့မည်ပုံမျှ ချိတ်ဆက်၍ မရ။ ဘာရောဂါမှန်းလည်း အမည်တပ်လို့မရ ဒီတော့ ထင်တာ ရမ်းကြိတ်ရလေသည်။ ဒေါက်တာပွ ၏ ပညာရည် မပြည့်ဝမှုကြောင့်သာ ဖြစ်မည်ထင်၏။

 တစ်လောက အမျိုးသမီးတစ်ဦးနှင့် သူ၏ အမျိုးသား ဖြစ်သူတို့ ဆေးခန်းသို့ ပေါက်ချလာသည်။ အကြောင်းမှာ ကိုယ်ဝန်ပျက်ကျပြီး တစ်ပတ်ခန့် အကြာတွင် သွေးများဆင်း၍ ဖျားလာခြင်းကြောင့် ဖြစ်သည်။ ဒီတော့ အာထရာဆောင်းရိုက်ထားလားဆိုတော့ ထိုနာမည်ကိုပင် မကြားဖူးပေ။ ကဲ ဒါဆိုလည်းရှိစေတော့။ အာထရာဆောင်းရိုက်ရမယ် ဖြစ်နိုင်တာက အသားစ အကြွင်းအကျန်များ ပုပ်၍ ပိုးဝင်ကာ ဖျားနာခြင်း ဖြစ်နိုင်သည် အကယ်၍ ကျန်နေသေးလျှင် သားအိမ်ခြစ်ရမည် ဆိုတော့ အာထရာဆောင်းတော့ရိုက်ပါမည်။ သားအိမ် ဘယ်မှာ သွားခြစ်ရမလဲ ဆရာဆိုတော့ ဆေးရုံတက်ခြစ်ပေါ့ ဆေးရုံမှာဆို ပိုးသတ်ထားတဲ့ အခန်းထဲမှာ ခြစ်ရတာဆိုတော့ ပိုးမွှားအန္တရာယ် မရှိတော့ဘူးပေါ့ ဆိုတော့။

" ဆရာရယ် ဆေးရုံတက်ဖို့က ပိုက်ဆံ ဘာညာ သာရကာ %$#%^*^ ပေါ့လေ ။ ဒီတော့ ဒီဆေးခန်းမှာပဲ ဆရာ ခြစ်ပေးလို့မရဘူးလားဆိုတော့

" အေးဟယ် ငါလဲ ခြစ်ပေးချင်ပါတယ် ဒါပေမယ့် ငါ့ဆီမှာကလည်း နင့်သားအိမ်ကို ခြစ်စရာဆိုလို့ ဇွန်းတောင် မရှိဘူး"

ဆိုတော့ သူတို့အနားမှာ သားဖွားဆရာမ တစ်ယောက် မွေးခန်းဖွင့်ထားသည် ထို အခန်းတွင် ခြစ်ပေးပါ ဆိုတော့ ပိုးမွှားကင်းရဲ့လား ဟုမေးလိုက်ရာ

" အို ဆရာကလည်း ပိုးသတ်ဆေးဗူး တစ်ဗူးဝယ်ပြီး ဖျန်းလိုက်မယ်လေတဲ့" ။ ကောင်းလိုက်တဲ့ အကြံ အစည်။
 နောက်တော့ ဒေါက်တာပွ ၏ အတင်းတိုက်တွန်းမှုကြောင့် ဆေးရုံတွင်သာ ခြစ်လိုက်လေသည်။ သားအိမ်ခြစ်သည်နှင့် ပတ်သက်၍ နယ်တွင် တစ်ခေါက် သားအိမ်ခြစ်စဉ်က သားအိမ်တောင် မခြစ်ရသေး မွေးလမ်းကြောင်းချဲ့တုန်းရှိသေး ထိုအမျိုးသမီး၏ ယောင်ယမ်း၍ မျက်နှာကို ခြေထောက်နှင့် လှမ်းကန်တာလဲ ခံခဲ့ရဖူးသည်။ နောက်တော့ ထိုအမျိုးသမီးမှ ပုဆိုးတစ်ထည်နှင့် လာရောက်တောင်းပန်ကန်တော့သွား၏။ အင်း မျက်နှာ တစ်ခါ အကန်ခံရင် ပုဆိုးတစ်ထည်ဆိုတော့ တန်တယ်ပဲ ပြောရတော့မလိုလိုပင်။
 ဟောက်စ်ဆာဂျင် ဘ၀တုန်းက ကလေးစမွေးသော အခါ assist လုပ်ရ၏။ Assist ဆိုသည့် အတိုင်း ဗာဟီရပေါ့ သွေးထွက်များလာရင် သုတ်ပေး ကတ်ကြေးလိုလျှင် လှမ်းယူပေးစသည် နှင့် အတွေ့အကြုံ ယူရ၏။ တစ်ခါတစ်လေ သားဦး ကလေးအမေများ မညှစ်တတ်လေတော့ အီးပါသလို ညှစ် အီးပါသလို ညှစ်ဟု ဆရာဝန်မှ လှမ်းအားပေးသော အခါ ကလေးအမေမှလည်း အီးပါသလို ညှစ်ချလိုက်ပါသည်။ ကလေးတော့ ထွက်မလာ ။ အီးတုံးလေးများသာ အစီ အရီ ထွက်ကျလာ၏။ ထိုအခါ ဗာဟီရ ဒေါက်တာပွ အား ကလေးမွေးပေးနေသူ စီနီယာမှ မျက်စပစ်ပြလေသော အခါ ဒေါက်တာပွလည်း အလိုက်တသိနှင့်ပင် အီးကျုံး ရလေတော့သည်။ ထိုအကြောင်း အား အမေ့အား ပြောပြလေသော အခါ မွေးသမိခင်မှ ဒေါက်တာပွအား နာမည်တစ်ခု ပေးလိုက်လေသည်။ " အကျုံး " တဲ့။
 မိုးတွင်းကာလဆိုလျှင် ဒေါက်တာပွ အတွက် အလွန် အဆင်ပြေ၏။ ဖျားကြနာကြသည်ကိုး။ ဒေါက်တာပွတို့ ဘ၀ကလည်း သူများနေမကောင်းမှ ပိုက်ဆံရသလို ဘာကြီးမှန်းကိုမသိ။ တစ်ခါတစ်လေ ကံကောင်းတာလား ကံဆိုးတာလား မသိ ။ လာပြတုန်းက လူနာကတစ်ယောက် ။ ထိုလူနာအားဆေးထိုးသည်ကို ကြည့်ပြီး မူးမေ့လဲသွားကြသော အဖော်အဖြစ်ပါလာသူများလဲ ရှိကြသောအခါ အလိုလိုနေရင်း လူနာ နှစ်ယောက် ရဖူးသည်လဲ ရှိသေး၏။ ပြီးတော့ အရပ်အခေါ် ပုလင်းကြီး ချိတ်သည်ပေါ့လေ ။ အဲ့ဒီ ပုလင်းကြီး ချိတ်နေစဉ် လူနာမှာ အပေါ့ မတရား သွားချင်လာသောကြောင့်လူနာအဖော်လည်း မပါသဖြင့် ထိုပုလင်းအားလက်မှ ကိုင်ကာ အိမ်သာ အပြင်ဘက်တွင် ထိုင်စောင့်ပေးခဲ့ရသည်လည်း ရှိသေးသည်။ ဘာပဲ ပြောပြော အတွေ့အကြုံသစ်ပေါ့။ ပြီးလျှင် ဆေးဖိုးရှင်းသော အခါ ပိုက်ဆံ အပြဲများပေးတတ်သော လူနာများလည်းရှိသေးသည်။ ထိုအခါ ဒါလေးလဲပေးပါအုံးဟု ပြောရန် မကောင်းသော အခါ ယူထားလိုက်ရသည် ရှိသလို တချို့ လူနာများက အကြံကောင်း ပေးသွားတတ်သေးသည်။

"တိတ်လေးနဲ့ ကပ်သုံးလိုက် ဆရာ " တဲ့။

တစ်ခါကလည်း အမျိုးသား တစ်ယောက် ဆီးပူ ညောင်းကျ (ဂနို) ဖြစ်သဖြင့် ရာဇ၀င်အားမေးရ၏။

" ခင်ဗျား မိန်းမရှိလား"

" မရှိပါဘူး ဆရာ"

" ဒါဆို အပျော်အပါးလိုက်စားလား"

" ဟုတ်ကဲ့ တစ်ခါတစ်ရံပေါ့ ဆရာရယ် ယောက်ျားဆိုတော့လည်း"

" အင်း ဒီတစ်လ အတောအတွင်းရော အဲ့လို ပျော်ပါးဖူးလား"

" ဟုတ်ကဲ့ ဆရာ အဲ့ကောင်မလေးက ကပြားမလေးဆရာ ချောလဲ အတော်ချောတယ် သဘောလဲကောင်းတယ် ဆရာရဲ့ ရှယ်ပဲ"

" ဟုတ်လား ကောင်းတာပေါ့ ဟာာာာာ ဒီလူ ဘာမဆိုင်တာတွေ လျှောက်ပြောနေတာလည်း မေးနေတာတခြား ဖြေနေတာ တခြား "
ထိုသို့သော လူနာများလည်း လတ်လတ်ဆတ်ဆတ် တွေ့ဖူးပါ၏။ မသိရင်ပဲ ကိုယ်က သူ့ကို ပွဲစား လုပ်ခိုင်းနေသလိုလို ဘာလိုလိုနဲ့ ကြော်ငြာသွားသေးသည်။

ဒေါက်တာပွတို့ အချင်းချင်း ပြောကြသော စကားရှိသေးသည်။ ထိုအရာမှာ ဂိုက်သင်ရာမှ ရသော ၀င်ငွေအား ကျောင်းသား မျက်ရည် ဟူ၍၄င်း ၊ ဆေးခန်းထိုင်ရာမှ ရသော ၀င်ငွေအား လူနာမျက်ရည် ဟူ၍၄င်း နာမည်ပေးထားကြ၏။  ဟုတ်တော့လည်း ဟုတ်သလိုလိုပင်။ သို့ပေမယ့် သမာအာဇီဝ မို့ ဒေါက်တာပွ လိပ်ြ့ပာလုံပါ၏။  ယခုလည်း ဒေါက်တာပွ တစ်ယောက် လူနာမျက်ရည်များအား တရှပ်ရှပ်ရေတွက်ရင်းနှင့်ပင် နေ့သစ်များ၏ အတွေ့အကြုံ သစ်အတွက် စောင့်စားရင်း
 " ကိုး ၊ တစ်ဆယ်၊ ဆယ့်တစ်"

ကျွန်တော် ဂျီပီ by Ko Pwa Gyi

“ကိုး ၊တစ်ဆယ် ၊ဆယ့်တစ် “ 

              ယနေ့ဆေးခန်းမှ ရသော ၀င်ငွေများကို ဒေါက်တာပွ တစ်ယောက် ပက်ပက်စက်စက် ရေတွက်နေ၏။ ဒါက ဆေးခန်း ပိတ်ချိန် ဒေါက်တာပွ လုပ်နေကျ အလုပ်။တစ်ခါတစ်လေ ဘယ်လောက်ရနေပြီ ဆိုတာ သိသိကြီးနှင့် ခဏ ခဏ ပြန်ရေ ရတာကိုက အရသာ။ ဘာလိုလို နှင့် ဒီဆေးခန်းလေးကို ဒေါက်တာပွ ဖွင့်လာတာ ၂ နှစ် ပြည့်တော့မယ်။ ထို ၂နှစ်တာ အတော အတွင်း စိတ်ညစ်စရာ များလဲ တွေ့ဖူးခဲ့သလို ပျော်ရွှင်စရာ ကြည်နူးဖွယ်ရာ များနှင့်လည်း အကြိမ်ကြိမ်ဆုံခဲ့ရ၏။ ထို့အပြင် စိတ်ဖိစီးမှု ဒဏ်နှင့်လည်း အလူးအလဲ။ ဒေါက်တာပွ ၏ ဆေးခန်းလေးသည် လက်လုပ်လက်စားလူတန်းစားများသော ရပ်ကွက်လေးတွင် တည်ရှိသောကြောင့် အခြေခံ လူတန်းစား များသလို ပြသနာ ကလဲ သောင်းခြောက်ထောင်။ ဘာပဲပြောပြော ယခု အချိန်တွင်တော့ ဒေါက်တာပွ တစ်ယောက် ထိုရပ်ကွက်က လူတော်တော်များများရဲ့ယုံကြည်အားကိုးခြင်းခံရသော လူမသိ သူမသိ ဆရာဝန်တစ်ယောက်တော့ ဖြစ်လောက်ပြီ တစ်ခါတစ်လေတော့ ထင်မိ၏။ ဘာဖြစ်တုန်း ကယ်လဆမ် ကွေကာပေါ့ဗျာ ဟဲဟဲ။
          အမှန်က ဒေါက်တာပွ တစ်ယောက် ဆေးခန်းဖွင့်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးပါ။ စိတ်ဖိစီးမှု ဒဏ် (Stress) ကို ကြောက်၍ တစ်ကြောင်း ၊လူနာ မလာပါက လူနာမျှော်ရမည်ကို ရှက်သည်က တစ်ကြောင်း စသည် စသည့် အကြောင်းအချက်တို့ကြောင့် ဆေးခန်းဖွင့်ရန် အမှန်တကယ် မစဉ်းစားခဲ့မိဖူး။ ပျင်းတာလဲ ပါမည် ထင်၏။ ထိုသို့ တောက်မယ့် မီးခဲ တရဲရဲ လေး ဒေါက်တာပွ ဖြစ်ချေသည်။ သို့သော် အမ်အက်စီ ဘွဲ့လွန် သင်တန်း တက်သောအခါ ကုန်ကျမည့် စရိတ် စက များနှင့် ၀န်ထမ်းလခ မညီမျှသောအခါ၊ အကြွေးစားရင်းများ တိုးပြီးရင်း တိုးလာသော အခါ ဒေါက်တာပွ တစ်ယောက် တစ်သက်နှင့် တစ်ကိုယ် မလုပ်ချင်သော အရာကို လုပ်ရန် စိတ်ကူးပါးလာသည်။ ထိုအရာသည် ဆေးခန်းဖွင့်ရန်။ အိမ်နှင့် တိုင်ပင်ကြည့်သောအခါ မိဘနှစ်ပါးက လိုလိုချင်ချင် ထောက်ခံကြပြန်ရော။ ကိုင်း မထူးတော့ပါဘူးလေ ငါလဲ အတွေ့အကြုံသစ်ရတာပေါ့ ဟု အားတင်းရင်း ဒေါက်တာပွ တစ်ယောက် ဆေးခန်းဖွင့်ရန် နေရာ အသည်းအသန် လိုက်ရှာလေတော့သည်။ နေရာ တော်တော်များများ စိတ်တိုင်းမကျမိ။ အကြောင်းမှာ သွားရေးလာရေး မလွယ်ကူသော နေရာများ အတော်များသောကြောင့်ပင်။ ခက်တော့ခက်သည်။ ဒေါက်တာပွတို့လို လူငယ်ဆရာဝန်တွေ အတွက် ဆေးခန်းဖွင့်လျှင် ချောင်ကြို ချောင်ကြားသာလိုက်ရှာရသည်။ ဒါမှ မဟုတ် မိမိ အိမ်မှာဖွင့်လျှင် တော့ တမျိုး။ ထင်ပေါ်ကျော်ကြားသော နေရာမျိုး သွားဖွင့်မိလျှင် အလွန့်အလွန် ကံကောင်းပါမှ လူနာရသည်။ ဆိုင်ခန်းငှားခ ကြေလျှင် ကံကောင်း။ သမားဆို အိုမှ ဆိုသော စကား အတော်မှန် ကြောင်း ဒေါက်တာပွ ကျောင်းပြီးကတည်းက သတိထားမိသည်။ တက်သစ်စ ဆရာဝန်တွေဆိုလျှင် လူနာများက သိပ်မယုံကြည်ချင်။ တချို့ က ပညာစမ်းကြသေးသည်။ ဘယ်ပါရဂူနှင့် ဘယ်လို ပြနေတာ ဘယ်နိုင်ငံမှာ ဘယ်စက်ကြီးနဲ့ medical checkup လုပ်ထားတာ စသဖြင့် အကြွားလဲ ခံရသေး၏။ ရှိပစေတော့။ တစါခါ တစ်ရံ ကိုယ့်ဘာသာကိုယ် မျက်မှန် တပ်ပြီး ၀နေတာကိုတောင် ကျေးဇူးတင်ရသေး။ ဘာပဲပြောပြော အနည်းငယ်တော့ သမားရုပ် ပေါက်သွားတယ်တော့ ထင်မိ၏။
          သို့နှင့် ယခု ဆေးခန်းဖွင့်သော နေရာလေးကို သွားတွေ့၏။ ကံကောင်းသည်က ထို နေရာလေးသည် အရင်ကတည်းက ဆေးခန်းဖွင့်ခဲ့သော နေရာလည်း ဖြစ်သောကြောင့် ခုတင် ၊ ဗီရို စသည်များ ကျန်နေခဲ့သည်ပင်။ ထို့အတွက်ကြောင့် အသုံးစရိတ် အနည်းငယ် လျော့သွားသည့် အပေါ် ဒေါက်တာပွ တစ်ယောက် အကျေနပ်ကြီး ကျေနပ်မိလေသည်။ တစ်နှစ်စာ စာချုပ်ပြီး အကုန်ပြင်ဆင်ပြီးသော အခါတွင် ဒေါက်တာပွ တစ်ယောက် ဂျီပီ ဆရာဝန်လောကသို့ မအူမလည်နှင့် ရောက်ရှိခဲ့လေတော့သည်။ ကိုင်း ဒေါက်တာပွ လာချေပြီ ဟု စိတ်ထဲက ကြွေးကြော်ရင်း ဆိုက္ကားပေါ်တွင် မိန့်မိန့်ကြီး ။
          မှတ်မှတ်ရရ ဆေးခန်းစဖွင့်သည့်နေ့က ဆေးခန်းထဲသို့ ၀င်ဝင်ချင်းပင် လူနာ တစ်ယောက် လာလေ၏။ ဟိုက် ရှားပါး ဂွတ်ထ ဂွတ်ထ ဟု စိတ်ထဲက ကြိတ်ပျော်ရင်း မေးလိုက်လေ၏။

“ ဘာဖြစ်တာလဲဗျ”

“ ဆရာ ကျွန်တော် အူကျနေလို့ပါ”

“ တိန်”

          ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းသကိုး။ ဒီလို ဆေးခန်းလေးမှာ အူကျတာကို ဘယ်လို ကုသရပါ့။ ဒီတော့ အနည်းငယ် နှစ်သိမ့်ဆွေးနွေးပြီး ဆေးရုံမှာသာ ခွဲစိတ်ရန် ချော့မော့ လွှတ်လိုက်ရ၏။ ဒေါက်တာပွ မသိခဲ့သော အချက်မှာ ထိုလူနာသည် ထိုနေ့ အတွက် ပထဆုံးနှင့် နောက်ဆုံးလူနာဆိုတာကိုပင်။
          ခက်တော့ခက်သည် ဆေးခန်းဆိုသည့်နေရာမျိုးက လာဘ်ခေါ် ကြောင်ရုပ် ဇီးကွက်ရုပ် ထားလို့ ကောင်းသော နေရာမျိုးလဲ မဟုတ်။ နောက်လဲ လာအားပေးနော် လို့ ပြောလို့ကောင်းသော နေရာ လဲ မဟုတ်။သို့နှင့် ဒေါက်တာပွ တစ်ယောက် ဂျီပီ ဆရာဝန် တစ်ယောက်၏ အစ နေ့စွဲများအား ကြိတ်မှိတ်ကျော်ဖြတ်ရလေသည်။ ဟောက်စ်ဆာဂျင် ဘ၀တုန်းကနိုက်ဂျူတီ ဆင်းလျှင် အကျီင်္ အနီ ၀တ်သော သူများအား စီနီယာများက မကြိုက်။ အကြောင်းမှာ အနီရောင် ၀တ်လျှင်လူနာများသောကြောင့် ဟု အယူ ရှိကြသောကြောင့်ပင်။ ထို့အပြင် လူနာကုတင် နှင့် စားပွဲများကို လက်နှင့် မခေါက်ရပေ။ ခုနက အယူကြောင့်ပင်ဖြစ်သည်။ ယခု ဂျီပီ အစ ဘ၀ မှာတော့ တစ်ခါတစ်လေ ဒေါက်တာပွ တစ်ယောက် အပေါ်အောက် အနီ ၀မ်းဆက် ၀တ်ပြီး ခုတင်များကို ထိုင်ခေါက်နေရန် အကြံဖြစ်မိ၏။ သို့သော် ချက်ချင်း နှလုံးပြန်သွင်း မဖြစ်သေးပါဘူးလေ။ ငါ အသပြာ ဆရာဝန် လား မသေချာပါ။ ဘာကြောင့်လဲ။ ဆေးခန်းထိုင်ရခြင်းမှာ အပိုဝင်ငွေ လိုသောကြောင့်။ ဒါဆို စေတနာ ဆရာဝန်ဆိုတာ ရော သေချာပြီလား။ ဒါတော့ ဒေါက်တာပွ တစ်ယောက် မိမိ ကိုယ်တိုင် မဟုတ် ဆရာဝန်များအားလုံး အတွက် အာမခံနိုင်သည်။
          တစ်ချို့ရက်များတွင် တစ်ယောက် လာသည်။ တစ်ချို့ရက်များတွင်တော့ သုံးယောက်။ တစ်ချို့ရက်တွေဆိုလျှင် အပျင်းပြေ ရန်ယူသွားသော လက်ပ်တော့နှင့် Plants and Zombies ထိုင်ဆော့နေတာ ဂီမ်းသာ အောင်လျှင် အောင်သွားမည်။ တစ်ယောက်မှ ပေါ်မလာ။ ဆေးခန်းရှေ့တွင် ချွတ်ချွတ် အသံကြားလျှင် လူနာများလား ဟု စာဖတ်ချင်ယောင် အမြန်ဆောင်ရတာလဲ အမော။ တစ်ခါတစ်လေ အကြောင်းမဲ့ ဆေးပုလင်းများကို ထိုင်စီလို စီ ကိုယ့်ဘာသာကိုယ် Glucometer နှင့် သွေးထိုင်ဖောက်လိုဖောက်နှင့်။ တစ်နေ့တွင်တော့ ဆေးခန်းပိတ်ချိန်တွင် လူတစ်ယောက် ဆေးခန်းထဲ ခပ်ကုတ်ကုတ် ၀င်လာသည်။ ဒီတော့မေးရသည်ပေါ့

“ဘာဖြစ်တုန်းဗျ”

“ ဆရာ ကျွန်တော်က ဟိုးအရင် --ဆေးရုံက သန့်ရှင်းရေးဝန်ထမ်း ပါ။”

“ အင်း ဒီတော့”

“ ဟိုတစ်လောကမှ အသဲရောင် အသားဝါ စီပိုးတွေ့လို့ အငြိမ်းစားယူလိုက်တာပါ”

“ ဟုတ်ပြီ ဆက်ပြောပါအုံး”

“ အဲဒါ ဆေးရုံကို တစ်လ တစ်ခါ အမြဲ သွားသွားပြပြနေရတယ်ဆရာ”

          ဒေါက်တာပွ စိတ်ထဲတွင်တော့ ဒီရောဂါ လာပြသည်ဟု တထစ်ချ ယုံကြည်လိုက်၏။

“အဲဒါ ဆရာရယ် အဲဒီဆေးတွေက ဈေးကြီးတယ်လေ ။ အခု ကျွန်တော့မှာ မိန်းမနဲ့ ကလေးနဲ့ @$%*(^$@#%&* ………….ဒါတွေကြောင့် အဆင်မပြေဘူးပေါ့ ဆရာရယ် အဲဒါကြောင့် ကျွန်တော်ဒီညအတွက် ထမင်းစားစရာ ပိုက်ဆံမရှိဘူး ဖြစ်နေတယ် ဆရာရယ်။ ကျွန်တော့်ကို ထမင်းဖိုးလေး နဲနဲလောက် မျှပါလား ဆရာရယ်”

“ တိန်”
          လက်စသတ်တော့ အလှုခံကိုး။ ဒီလောက် ရှည်ရှည်ဝေးဝေး အစချီနေတာ နောက်ဆုံး ထမင်းဖိုးလာတောင်းနေတာကိုး။ ဈေးဦးတောင် မပေါက်ရတဲ့ ကြားထဲ။

“ အေးဗျာ ကျွန်တော်လည်း ပေးချင်ပါတယ်၊ ခက်တာက ကျွန်တော့်မှာ ဒီနေ့ လူနာ တစ်ယောက်တောင်မရသေးဘူးဗျ”

“ ရပါတယ် ဆရာရယ် အများကြီးလဲ မလိုပါဘူး”

“ အွန်” ဘယ်သူကရော သူ့ကို အများကြီးပေးမယ်ပြောမိပါလိမ့်

“ အဲဒါဆရာရယ် လကုန်လို့ ပင်စင်ထုတ်ရင် ဆရာ့ကို Present လာပေးပါ့မယ်”

          ရော ခက်ချေပြီ။ ဒီလူကြည့်ရတာ မရလျှင် ပြန်မည့်ပုံ မပေါ်ပေ။ ဒီတော့ ထိုနေ့က မှတ်မှတ်ရရ ဒေါက်တာပွ အိတ်ထဲမှ ပိုက်ဆံ ၂၀၀၀ ပါသွားလေတော့၏။ ထိုနေ့မှ စ၍ ဆေးခန်းရှေ့တွင် ချွတ်ချွတ် အသံကြားတိုင်း ဒေါက်တာပွ လန့်နေတော့သည်။
          ဆေးခန်းဖွင့်သက်လေး တစ်လ လောက်ကြာလာတော့ အနည်းငယ် လူသိလာသည်။ စသိသွားကြသည့် အကြောင်းရင်းမှာ ထိုနေ့က ဒေါက်တာပွ တို့ ရပ်ကွက်ထဲ မီးပြတ်သည်။ ဒေါက်တာပွ တစ်ယောက် ထုံးစံ အတိုင်း Plants and Zombies နှင့် ပျော်ပါးနေစဉ်

“ဒုန်း”

        ဟူသော အသံ ဆေးခန်းရှေ့တွင် ကြားလိုက်ရသည်။ ဘာဖြစ်တာပါလိမ့် ဟု မြန်မာပီပီ စပ်စပ်စုစု ထွက်ကြည့်တော့ ကားနှင့် ဆိုင်ကယ် တိုက်မိကြခြင်း။ ဒီတော့ အပြေးအလွှား သွားကြည့်တော့ ဆိုင်ကယ်နှင့်လူမှာ ဘာတွေ ကွဲပြဲသွားမှန်းမသိ။ သွေးတွေ ခေါင်းမှရော လက်မှရော ထွက်နေလေ၏။ ၀ိုင်းကြည့်နေသော လူများ အကြား ဒေါက်တာပွ တစ်ယောက် ရောက်သွားစဉ်မှာပင် ဆေးခန်းပို့ကြပါဟဲ့ ဘာဟဲ့ ညာဟဲ့ နှင့် အသံတွေကြားမိသည်။ ထိုအခါ လူတစ်ယောက်က ဒီမှာ ဆေးခန်း လူနာကို မြန်မြန်ပွေ့ဟု အော်သံကြားရသော အခါ ဒေါက်တာပွ တစ်ယောက် ဆေးခန်းထဲ အမြန်ပြန်ဝင်ပြေးရလေတော့သည်။ လက်ပ်တော့ကို မြန်မြန်သိမ်းပြီး နားကြပ်ကို အဆင်သင့် လည်ပင်းတွင် ချိတ်ဆွဲထားလိုက်၏။ ပြီးတော့ ၀ရုန်းသုန်းကားဝင်လာသော လူအုပ်များ။ တစ်သက်နှင့် တစ်ကိုယ် ဆေးခန်းထဲမှာ ဒီလောက်လူအုပ်များတာ ပထမဆုံးတွေ့ဖူးခြင်းပင်။ များပေမပေါ့။ လူနာက တစ်ယောက်။ လူနာရှင်က နှစ်ယောက်။ သတင်းပြန်လွှင့်မည့် မီဒီယာသမားက အယောက်နှစ်ဆယ်လောက်ဆိုတော့။  သို့သော် ကံမကောင်းစွာပင် ထိုလူနာမှာ Unconscious သတိမေ့နေသောကြောင့် Line တစ်လုံး အမြန်ချိတ်ပြီး ဆေးရုံသို့သာ လွှတ်လိုက်ရတော့သည်။ သို့သော် ဒေါက်တာပွ ၏ ဆေးခန်းလေးကား အရင်ကထက် လူပိုသိသွားကြသည်က အမြတ်ပင်။ ဆေးကုသ မှုကြောင့် တော့မဟုတ် လိုက်ပို့သော သူများထဲတွင် စေတနာ့ ၀န်ထမ်း သတင်းလွှင့်သူများပါသောကြောင့်ပင်။ တချို့ဆို နေ့တဓူဝ ဆေးခန်းရှေ့မှသာ ဖြတ်သာသွားကြသည်။ ဆေးခန်းရှိမှန်း သတိတောင်မထားမိကြပေ။ မထားမိရလောက်အောင်လဲ ဆေးခန်းလေးက ခပ်ကုတ်ကုတ်လေးကိုး။
          သို့နှင့်ပေါ့ဗျာ။ သုံးလလောက်ကြာတော့ အတော် ဟုတ်လာလေပြီ။ တစ်နေ့ကို ငါးယောက်လောက်က ပုံမှန်ရလာ၏။ ဒေါက်တာပွလည်း ထမင်းစားလျှင် လက်ဖက်သုတ်လေး တစ်ပွဲလောက် အပိုဟင်းအဖြစ်စားနိုင်လာသည်။ ဆေးခန်းဖွင့်မှ ပို၍သိလာရသည်မှာ လူသားများ၏ စိတ်အမျိုးမျိုး အထွေအထွေပင်။ တစ်ချို့ လူနာများမှာ အတော်ပင် သည်းခံရလေသည်။ ဆိုပါတော့ ဒေါက်တာပွ မှာ အသားဆေးထိုးလျှင် ၁၅၀၀ ၊ အကြောဆေးထိုးလျှင် ၂၀၀၀ ၊ စားဆေးသက်သက်ဆိုလျှင် ၁၀၀၀ ယူ၏။ တချို့လူနာများကား အတော်ပင် ဆင်းရဲကြလေသည်။ ထိုအခါ ဒေါက်တာပွ တစ်ယောက် ဈေးလျှော့ယူရင်ယူ မယူရင် အလကား ကုပေးလိုက်၏။ ထိုအခါ အနှီ လူနာမှာ နောက်နေ့များတွင် အိမ်ရှိ ဆွေမျိုးသားချင်း များကိုပါ မချ လာလေတော့၏။ မတတ်နိုင် ဒေါက်တာပွ တစ်ယောက် ဆေးကုသစရိတ်တောင်းသော အခါ ဆရာ မနေ့ကကျတော့ မတောင်းဘူးအဲဒါကြောင့် ဒီနေ့ ပိုက်ဆံ ယူမလာခဲ့မိဘူး ဟု ပြောကာ ပြန်သွားသော လူနာကိုလည်း ဘုရားစူး ကြုံဖူးပါ၏။ ဟာ မရဘူး ငါ့ပိုက်ဆံ ပြန်ပေး ဟု အော်ကြီး ဟစ်ကျယ် တောင်းလို့ မရလေသော အခါ ဒေါက်တာပွ တစ်ယောက် အတင်းကြိတ်မှိတ် မြိုသိပ်ကာ “ ငါဟာ စေတနာ ဆရာဝန် စေတနာ ဆရာဝန်” ဟူသော ဂါထာရွတ်ကာ အတင်းပင် သာဓု သုံးကြိမ်ခေါ်လိုက်ရလေတော့သည်။ တချို့များကျတော့ ကုသမှု ပြီးစီးလျှင် ဘယ်လောက်ကျလဲကို မမေး တစ်ထောင်တန် တစ်ရွက်ပေးပြီးလျှင်
“ရတယ် မဟုတ်လား” ဟု မေးသောအခါ  မရဘူး နှစ်ထောင်ကျတယ်ဟု ပါးစပ်မှ ပြန်ပြောရန် မရဲသော အခါ ထိုတစ်ထောင်တန်ကိုပင် လက်ခံခဲ့ရသော အဖြစ်မျိုးလည်းရှိ၏။
          ပြီးလျှင် ထိုနေရာတွင်သာ မက ကျန်သောနေရာများတွင်ပါ စွဲနေကြသော အစွဲများလည်းရှိပြန်သည်။ အထင်ရှားဆုံးမှာ ASO ကိစ္စပင်။ လူအတော်များများက ထို ASO ကို လေးဘက်နာပိုးဟု ထင်မှတ်ကာ ဆေးခန်းလာလျှင် ထို ASO တက်သည့်အကြောင်းကို လေးဘက်နာပိုး ဘယ်လောက်တောင်ရှိတာဟု ပြောတတ်ကြလေသည်။ ဒေါက်တာပွလည်း တတ်သလောက် မှတ်သလောက် ထို ASO ဆိုသည်မှာ လေးဘက်နာပိုး မဟုတ်ကြောင်း လေးဘက်နာဟု ရောဂါ နာမည်တပ်ရန် ECG နှင့် အခြားသော သွေးများဖောက်စစ်ရန်လိုကြောင်း သတ်မှတ်ထားသော အချက်များ ပြည့်စုံမှသာ လေးဘက်နာ ဟု အမည်တပ်ရမည် ဖြစ်ကြောင်း ရှင်းပြပါသည်။ သို့သော် ထူးထူးဆန်းဆန်း ထိုအစွဲကို မည်သို့မှ ဖျောက်မရပေ။
          တချို့ ရှိသေးသည်။

“ ဆရာ ကျွန်တော် အဆုတ်ပွနေတယ်” တို့

“ဆရာ ကျွန်တော် ကျွန်မ သွေးတိုးနေတယ် ဒါမှ မဟုတ် သွေးပေါင်ကျနေတယ်” အစရှိသည် ကိုယ့်ရောဂါ ကိုယ် နာမည် တပ်လာကြသည်လဲ ရှိကြသေး၏။ သွေးတိုးသွေးကျ မှန်းသွေးပေါင်ချိန်ကြည့်လို့ သိတာလားဟု မေးလျှင် မဟုတ်ဘူး အရင် တခေါက်က သွေးတိုး ဒါမှ မဟုတ် သွေးကျတာ ဒီလိုပဲ ခံစားရတယ်ဟု ပြန်ဖြေကြလေ့ရှိသည်။ ထို့အပြင် ကျွန်မက တစ်လ တစ်ခါ အကြောဆေးထိုးမှ နေလို့ရတာ ဟုပြောသူများလည်း တွေ့ကြုံရသေး၏။ တစ်ခေါက်က ဆိုလျှင် လူနာတစ်ယောက်လာပြသည်ကိုတီဘီဟု မသင်္ကာသဖြင့် ဓါတ်မှန်ရိုက်ခိုင်းရာ အမှန်ပင် တီဘီ ဖြစ်နေသောကြောင့် တီဘီ ကုသမှု ဌာနသို့သွားရန် ပြောသောအခါ
“ တီဘီ ဖြစ်နိုင်ပါ့မလား ဆရာရယ် ကျွန်မတို့ မျိုးရိုးထဲမှာ တီဘီဖြစ်ဖူးတဲ့သူမှ မ၇ှိတာ”
“ တိန် သေဟ”
ထိုသို့သော တီဘီကို မျိုးရိုးလိုက်သည်ဟု ထင်သောသူများလဲ ရှိကြသေး၏။
အဆိုးဆုံးမှာ အမျိုးသမီးများ အစာအိမ်နာကြခြင်းပင်။ တော်တော်နှင့် မပျောက်။ ဘယ်ပျောက်ပါ့မလဲ။ စားလိုက်ကြတဲ့ အပူ အစပ်။ ဒီတော့ ဆန်ပြုတ်သောက်ခိုင်းပြန်တော့ အရသာ မရှိဘူး ဆရာရယ် ငရုတ်ကောင်းမှုန့်လေး ထည့်လို့မရဘူးလားဟု ဈေးဆစ်သူများလည်း ရှိပြန်သေး၏။
လောလောဆယ် ဒေါက်တာပွ ဆေးခန်း အနီးအနားတွင် ဆေးခန်း များရှိသော်လည်း ဒေါက်တာပွ အဓိက ယှဉ်ပြိုင်နေရသည်မှာ ထိုဆေးခန်းများမဟုတ်။ ဆေးခန်းနှင့် မလှမ်းမကမ်းရှိ ဆေးဆိုင်မှ စပ်ဆေးများပင်။ အတော်များများက ဖျားနာလျှင် စပ်ဆေးဆိုင် အရင်ပြေးကြ၏။ မသက်သာမှသာလျှင် ဆေးခန်းသို့ သုတ်ခြေတင်ကြသည်။ ထိုအခါ တချို့ ကလေးငယ်များ သွေးလွန်တုပ်ကွေးဖြစ်လျှင် ရှော့ရသော အခြေအနေမှသာ ဆေးခန်းသို့ လာကြကုန်၏။ မတတ်နီုင် ဆေးရုံသို့သာ လွှဲပေးလိုက်ရသည် များသည်။ တချို့ဆိုလျှင် ပိုးသတ်ဆေး အပြင်းများစပ်ပေးကြလေသောကြောင့် ဒေါက်တာပွဆီလာလျှင် တော်ရုံတန်ရုံ ပိုးသတ်ဆေး မတိုးသည်များလည်း ကြုံရဖူး၏။
ဒီလိုနှင့် ဆေးခန်းဖွင့်သက်လေး တစ်နှစ်လောက်ရောက်လာတော့ ဒေါက်တာပွ ဆေးခန်းလေးမှာ စည်စည်ကားကား ဖြစ်လာလေသည်။ တစ်ယောက်ကို အထဲမှာ ကြည့်နေလျှင် အပြင်တွင် သုံးလေးယောက်ထိုင်စောင့်ရသည် အထိ အခြေအနေ တိုးတက်လာသည်။ ဒေါက်တာပွလည်း ထမင်းစားပြီးလျှင် ကျွဲရိုင်း လေးဘာလေး အချိုတည်းနိုင်လာသည်။ တချို့ဆို ဖောက်သည် အရင်းကြီးတွေ ဖြစ်ကုန်ကြ၏။ အိမ်သို့လိုက်လံကုသ ရသည်များလည်း ရှိလာ၏။ တစ်ခါတစ်ရံ အိမ်၂ အိမ်အပြိုင်ခေါ်သဖြင့် ရောဂါ ပိုသည်းသော အိမ်သို့ အရင်လိုက်သွားရသည်အထိ ဖြစ်၏။ အလွဲ များလည်းကြုံခဲ့ရသည်။ ရီလဲ ရီချင်စရာ ကောင်းသည်။ တစ်ခါက လူနာ လိုက်ကြည့်ပေးပါ ည ၉နာရီ လာပြန်ခေါ်မည်ဟု ပြောကာပြန်သွားသည်။ ဆေးခန်းပိတ်လို့ ၉နာရီ ကျော်သည်အထိ လာမခေါ်သော်လည့်း လူနာအိမ်ကိုလည်း သိနေသဖြင့် ဆေးအိတ်လေးဆွဲကာ လိုက်သွားသည်။ အိမ်ရှေ့အရောက် လှမ်းခေါ်မည် အလုပ် ခြံထဲမှ ခွေးများက လှမ်းဟောင်ကြ၏။ ထို အိမ်ရှင် လူနာ အဘွားကြီးမှာ မျက်စိ မကောင်း။ ခွေးဟောင်သံ ကြားသဖြင့် အဘွားကြီးက ခြံကို သူခိုးကပ်သည်ဟု ထင်ကာ အိမ်ထဲမှ ခဲနှင့် မမြင်မစမ်း လှမ်းထုသည်ကိုလဲ ခံခဲ့ရဖူး၏။ တချို့အိမ်တွေဆိုလျှင် ကြမ်းများဆွေးနေသဖြင့် အိမ်ပေါ်တက်တက်ချင်း ကြမ်းကျွံကျကာ ဆရာဝန်က လူနာ ပြန်ဖြစ်ပြီး ဆိုက္ကားနှင့် ဆေးခန်းအရောက် ပြန်ခဲ့ရသည်လည်းရှိပြန်၏။
လွန်ခဲ့သော နှစ်ပတ်ခန့်ကလည်း ဆေးခန်း ပိတ်မည် အလုပ် ဒေါက်တာပွထံ ပြနေကျ အရက်သမား လူနာ တစ်ယောက် ပီနန် အိတ်လေးထမ်းကာ ဖိနပ်လည်း မပါ ငိုကြီးချက်မ ၀င်လာလေ၏။

“ ဟေ့လူ ဘာတွေ ဖြစ်လာတာတုန်း”

“ ဆရာရယ် ကျွန်တော့်ကို အိမ်က နှင်ချလိုက်လို့ ကျွန်တော့်ကို အရမ်း အနီုင်ကျင့်ကြတယ် အီးဟီးဟီး”

အစမရှိ အဆုံးမရှိ အရက်နံ့ တထောင်းထောင်းနှင့်ထငိုလေသော အခါ ဒေါက်တာပွ မှ အကျိုးအကြောင်း မေးမြန်းရလေ၏။ အကြောင်းရင်းမှာ အရက်သောက်ပြီး အိမ်မှ ပစ္စည်းများ ရောင်းစားသဖြင့် အဖေ လုပ်သူမှ နှင်ချ လိုက်သည် ဟူ လတ္တံ့။ ထိုသူမှာ မိန်းမနှင့် ကလေးလဲ ရှိသည်။ အရက်နာ ခဏ ခဏ ကျသဖြင့် ကုသပေးခဲ့ရသည်မှာလည်း အကြိမ်ပေါင်း မနည်း။

“ မနေ့ညကလည်း လမ်းဘေးမှာ အိပ်ရတယ် ။ ထမင်းလဲ မစားရသေးဘူး။ အီးဟီးဟီး” ဟု ငိုပြန်လေသည်။ ဒေါက်တာပွ သွေးပေါင်ချိန်ကြည့်လိုက်သော အခါ သွေးပေါင်မှာ 180/120 ။ ဒီအတိုင်းဆို သေရင်သေ မသေရင် လေဖြတ်မှာပဲ ဟုတွေးကာ သွေးကျဆေး တစ်လုံး တိုက်လိုက်ရသည်။ ပြီးတော့ Glucose တစ်လုံးသွင်း အသာ နားနေခိုင်းရသည်။

“ ကဲ ခင်ဗျား ဒီအတိုင်း သွားနေလို့တော့ မဖြစ်သေးဘူး အိမ်အမြန်ပြန်ပါ” ဟုဆိုတော့

“ ကျွန်တော် မပြန်ရဲဘူး ဆရာလိုက်ပို့ “ဟု ပြောလေသောအခါ အနှီ ဒေါက်တာပွ တစ်ယောက် အဘယ်သို့ ငြင်းဆန် နိုင်ပါအံ့။ သို့နှင့် နီးရာ ဆိုက္ကားတစ်စီးငှားကာ အိမ်သို့ လိုက်ပို့ရသည်။ သွားသာသွားရသည်။ ခေါင်းတော့ အကြိမ်းသား။ တော်ကြာငါ့ပါ ဆွဲနှင်ထုတ်နေရင် မခက်လား။ အို ငါ့ကို ဆရာဝန် ဆိုတဲ့ မျက်နှာလေးတော့ ထောက်မှာပါလေ ဟု ဖြေတွေးတွေးရင် လိုက်လာခဲ့လေတော့၏။
အိမ်ရောက်တော့ ဒေါက်တာပွမှာ ထိုသူ့အဖေအား ဖြောင်းဖြ ပြောဆိုရ၏။

“ သွေးပေါင်တွေကလည်း မတရား တက်နေတယ် အပြင်မှာကလဲ နဲနဲ အေးလာတော့ အခန့်မသင့်ရင် လေဖြတ်သွားမှာ စိုးရတယ်” ဟု ပြောတော့

“ သေပါစေ ဆရာရယ် ဒီလို ကောင်မျိုးသေရင် ကျွန်တော် မျက်ရည် မကျဘူး ဟေ့ကောင် သွား မင်း အခု ငါ့အိမ်ပေါ်က ဆင်းသွား”
   ဟု သူ့သားအား အော်ဟစ်ရင်း လိုက်လံ ကန်ကျောက်သော အခါ ဒေါက်တာပွ တစ်ယောက် အတင်းလိုက်ဆွဲရသည်မှာ ပုဆိုးပင် ကျွတ်ကျသည်အထိ။ ဒီလိုနှင့် နောက်ဆုံး ဒေါက်တာပွမှာ ထိုသူအစား ကတိခံလိုက်ရလေသည်။

“ ကဲ အဘရေ ဒီတစ်ခေါက်တော့ ကျွန်တော့် မျက်နှာလေးထောက်ပြီး ပြန်လက်ခံပေးပါ နောက်တစ်ခါဆိုရင် အဘ ကြိုက်သလို လုပ်ပါ ကဲ ဟိုလူ ခင်ဗျားလည်း လိမ်မာတော့ နောက်တစ်ခါဆို ဒီလို အိမ်ပြန်လိုက်ပို့ပေးမယ် မထင်နဲ့တော့ ဒီတစ်ခါ နောက်ဆုံးပဲ” ဟု အတင်းတောင်းပန်သော အခါ အိမ်ရှင် အဘိုးကြီးမှာ ဘာမှ ပြန်မပြော ဘဲ အိမ်အောင်သို့သာ ဆင်းသွားလေတော့သည်။ ထိုအခါမှ ဒေါက်တာပွ တစ်ယောက် သက်ပြင်းချနိုင်သည်။ သေသေချာချာ မှာ ကြားပြီး ပြန်မည်အလုပ် ထို အရက်သမားက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး

“ ကျေးဇူးအရမ်းတင်ပါတယ် ဆရာရယ် ဆရာ့ကို ကန်တော့ပါရစေ” ဟု လက်အုပ်ချီကာ ပြောသောအခါ စိတ်ရှုပ်သည့်ကြားမှ ရလိုက်သော ပီတိလေးတစ်ခု။ ထိုသူမှာ ဒေါက်တာပွ ထက် ၁၀ နှစ်လောက်ကြီးနိုင်သည်။ ထို့ကြောင့်

“ ဟာ မလုပ်ပါနဲ့ဗျာ ကျွန်တော် ငရဲ တွေ ကြီးနေပါ့မယ် ထ ထ “ဟု ဆိုတော့

“ မကြီးပါဘူးဆရာ ကျွန်တော် ကန်တော့တာ ဆရာ့ အသက်ကို မဟုတ်ပါဘူး ဆရာ့ရဲ့ သမားဂုဏ်ကိုပါ”   အမယ် ဒီလိုတော့လည်း ငါ့လူက ကဗျာဆန်သား။အတင်း ကန်တော့လေတော့

“ ကဲ ကဲ ဒါဆိုရင်လည်း ဘုန်းကြီးပါစေ သက်ရှည်ပါစေ %&**^*” အစရှိသည် ကြားဖူးနားဝတွေပေါင်းစပ်၍ ဆုပေးလိုက်ရတော့သည်။ ပစ္စည်းနဲ့ မကန်တော့ပေမဲ့ ဒေါက်တာပွ ဘ၀မှာ ပထမဆုံးရလိုက်တဲ့ ကြည်နူးမှုလေးပင်။

         အခုတော့ ဒေါက်တာပွ တစ်ယောက် ဂျီပီဆရာဝန် ဘ၀ ကို မြတ်နိုးခုံမင်နေပေပြီ။ ပညာလည်းရ၏။ မိမိ အတွက်လည်း အဆင်ပြေ၏။ လူသားများအကြောင်းလဲ ပိုမို သိလာရလေ၏။ ရီစရာနှင့်လဲ ကြုံရ၏။ သွေးပျက်ဖွယ်ရာလဲ ကြုံရသေး၏။

            "အော် ဘာလိုလိုနဲ့ Plants and Zombies တောင် မဆော့ ဖြစ်တာ အတော် ကြာပါပေါ့လား…………..။"




Friday, November 2, 2012

ပြင်အပ်မပြင်အပ် နှစ်ရပ်များစွာ by Lwanwai Kyaw

ကျန်းမာရေး ကဏ္ဍက ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်နေပြီး ကျန်းမာရေးဝန်ထမ်းတွေအားလုံးဟာ သူတော်စင်နီးနီးဖြစ်နေသေးတယ်၊ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု စနစ်က ဘိတ်ဆုံးက စ ရေရင် အဆင့်နှစ် ဖြစ်သော်ငြားလည်း သုံးလို့ဖြစ်ပါသေးတယ်လို့ အချို့သော ရှေးမီနောက်မီ အားလုံးမီ ဘိုးဘိုးဆရာကြီးများက ပြောပင်ပြောသော်ငြားလည်း အဲဒီအပြောတွေဟာရော ခုခေတ်နဲ့ အံဝင်ခွင်ကျ ဖြစ်ပါ့မလား။ ဂျာနယ်နဲ့ တခြားမီဒီယာတွေထဲမှာ ကျန်းမာရေး ကဏ္ဍကို ပြစ်တင်တဲ့ စာတွေ အင်တာဗျူးတွေဖတ်ရတဲ့အခါ (အရပ်ထဲမှာလည်း ကြားရပါတယ်။ ကိုယ်တိုင်လည်း ကြုံတွေ့ရပါတယ်) အားလုံးကို နားလည်နေတဲ့ ဘိုးဘိုးဆရာကြီးများက ရေငုံနှုတ်ပိတ်နေပြီး အရေးခံရတဲ့ ကာယကံရှင်ချာတိတ် သို့မဟုတ် ချာတိတ်ကြီးများက သော်လည်းကောင်း တက်သစ်စ ဆရာဝန်ပူတူတူးလေး တွေကသော်လည်းကောင်း ဖြေရှင်းပြနေတာကို သတိပြုမိကြပါလိမ့်မယ်။ ဘိုးဘိုးကြီးများကတော့ ဆရာဝန် ပိစိညှောင့်တွေကို ပေထုပ်ထဲက လက်ချာတွေ မျှဝေပေးပြီး အ၀ါးမ၀သေးလို့ ကြားကငထွား ခါးနာနေတာကို အားနာနေကြဟန်တူရဲ့။

ပြည်သူလူထုဟာ ငထုံငအ တွေဖြစ်တဲ့အတွက် ဆရာဝန်တွေရဲ့ အလုပ်ကို နားမလည်လို့ ဒီလိုဝေဖန်တာလို့ ယူဆတဲ့သူတွေ အများကြီးရှိနိုင်ပါတယ်။ laymen တွေဖြစ်တဲ့အတွက် technically မှန်မှန်ကန်ကန် မပြောနိုင်လို့ အဟားခံရတာတွေလည်း ရှိတယ်ဆိုရင် အရင်ဆုံး နစ်နာတဲ့ ပြည်သူဘက်ကို အကြံပေးချင်တာက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဥပဒေအကျိုးဆောင်တစ်ယောက်ယောက် (ဥပမာ ဆရာဝန်ထွက် ရှေ့နေ)ကို တိုင်ပင်ပြီးမှ ဂျာနယ် ဘာညာမှာ အော်ဟစ်ကြဖို့ အကြံပြုလိုပါတယ်။ မဟုတ်ရင် ကိုယ့်အမှုကိုယ် ပြန်ပတ်နိုင်သလို မဆိုင်တဲ့ဆရာဝန်နဲ့ ကျန်းမာရေး ၀န်ထမ်းတွေကို ထိခိုက်နစ်နာစေပြီး တကယ့် ငါးကြီးကြီးမားမားက လွတ်သွားတတ်ပါတယ်။ (စကားချပ်။ ။ ဂျာနယ်ဘာညာမှာ စည်းမဲ့ကမ်းမဲ့ တရားလွန် မဖွသင့်သေးတာကို ထောက်ခံပေမဲ့လောလောဆယ် ထွက်ပေါက်က ဒီတစ်ခုပဲ ရှိတယ်လို့ မြင်တယ်။ မဖွနဲ့လို့လည်း တားရင်ရော ဖြစ်နိုင်ပါ့မလား။ မီဒီယာဟာ တရားစီရင်ရေး ကဏ္ဍထက်စာရင်တော့ လောလောဆယ်အားဖြင့် ပိုပြီး သိက္ခာသမာဓိ ရှိပါသေးတယ်)

 Media manipulation ဟာ ထိရောက်တာကို လူတွေက သိမြင်ပါတယ်။ ဒါကြောင့် ဂျာနယ်တွေကို အားကိုးကြတာ မနာလို မဖြစ်ပါ။ သို့သော် ဂျာနယ်လစ်တွေ ဆေးပညာသင်ကြဖို့ ကောင်းတယ်။ (ဆေးဘက်ဆိုင်ရာ အကြံပေး ခန့်တာလည်း ခန့်တာပေါ့။ ) တအားကြီးလွဲရင် ၀ိုင်းဟားခံရဖို့ ရာနှုန်းပြည့် သေချာတဲ့အတွက် ပေးဆပ်လိုက်ရတဲ့ ကာယကံရှင်ရဲ့ ပေးလိုတဲ့ အကြောင်းအရာက ပျောက်ရုံမက တစ်ဆစ်ချိုး ဖြစ်သွားတတ်တယ်။ တစ်ဖက်က ကျန်းမာရေး ၀န်ထမ်းတွေအနေနဲ့ ကိုယ်ချင်းစာသင့်တာက technically ဘယ်လောက်မှားယွင်း မှားယွင်း လူထု ပါးစပ်က မခံမရပ်နိုင်လို့ ထွက်လာတဲ့ အဲဒီစကားတွေထဲမှာ မိမိတို့ဌာနရဲ့ အားနည်းချက်တွေ ပါဝင်နေတယ်ဆိုတာကို လက်ခံနိုင်ဖို့ပါပဲ။ ဘာပဲပြောပြော ဆရာဝန်ကို ထိတယ်ဆိုပြီး အောက်ကလိအာ deny လုပ်တာထက် accept လုပ်သင့်တဲ့အပိုင်းကို နားလည်ပေးလိုက်တာက လျော်ကန်တဲ့ အရည်အသွေးကို မြင့်မားစေမယ်လို့ ထင်ပါတယ်။ မကြာခင် နိုင်ငံခြားက ပြိုင်ဆိုင်မဲ့ ဆေးရုံတွေ ဆရာဝန်တွေ ရောက်လာတော့မယ်။ ပိုက်ဆံများများရကောင်း ရလာနိုင်တဲ့ အလုပ်ကို မစွန့်လွှတ်ချင်ရင်   win- win situation ကိုဖန်တီးနိုင်ဖို့ တတ်စွမ်းသမျှ သည်းခံပြင်ဆင်ပြီး နေနိုင်သင့်ပါတယ်။

မြန်မာပြည်ရဲ့ ဌာနဆိုင်ရာတိုင်းမှာ အားနည်းချက်တွေရှိလို့   အကျိုးဆက်အနေနဲ့ LDC ထဲမှာမှ နောက်တန်းကျကျထဲ နေနေရတာပါ။ ဒါ မိမိတို့ ၀န်ထမ်းတွေရဲ့ အမှားမဟုတ်ပါဘူး။ သို့သော် အခုလောက်ကြီး အပြောခံနေရတဲ့ ကြားထဲ ဘိုးဘိုးတွေရော ပူတူတူးတွေရော  နိုင်ငံတကာ စံချိန်မီ ပစ္စည်းမှန် အရည်အသွေးမှန် တစ်ကမ္ဘာလုံး မှားလို့ တို့လည်းမှား တစ်ကမ္ဘာလုံးလည်း malpractice တို့လည်း စံချိန်မီ malpractice တစ်ကမ္ဘာလုံးလည်း negligence တို့လည်း စံချိန်မီ negligence လို့ ထင်တာကိုတော့ သဘောမတူချင်လှပါ။  ကမ္ဘာနဲ့ချီနိုင်တယ်လို့ ထင်တာကတော့ ကိုယ့်ကိုယ်ကို (အများကြီး အများကြီး ) အထင်ကြီးရာ လေထွားရာ ရောက်မယ် လို့ထင်ပါတယ်။ အလုပ်သင်တို့ AS တို့က အောက်ခြေက ပြဿနာကို အမြဲတမ်း ခက်ခက်ခဲခဲ (ဟောက်မိ ဟမ်းမိသည်ဖြစ်စေ၊ ကန်မိကျောက်မိသည် ဖြစ်စေ၊ ဆဲမိဆိုမိသည် ဖြစ်စေ) ကိုင်တွယ်ဖြေရှင်းနေရတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ဆေးထိုးခါနီးမှ ဆေးပြေးဝယ်ရတာတွေ ရှိသလို လစာလေး ဒေါ်လာတစ်ရာ မပြည့်တစ်ပြည့်နဲ့ အမြဲတမ်း အိတ်စိုက်နေရတာဟာ ကောင်းမွန်သော အုပ်ချုပ်မှုက ဆင်းသက်လာတဲ့ ကျိုးကြောင်းညီညွတ်သော အခြေခံဥပဒေနဲ့ လျော်ညီသော စနစ်တစ်ရပ် မဟုတ်ပါဘူး။ ပြီးတော့ ရှိတာလေးနဲ့ ဖြစ်သလို လုပ်လိုက်ရတာဟာ လူ့အခွင့်အရေးရဲ့ ပန်းတိုင်မဟုတ်သလို ဒီလောက်တိုးတက်နေတဲ့ နိုင်ငံတွေအကြားမယ် ဂုဏ်ယူစရာလည်း မဟုတ်တော့ပါဘူး။

ဝန်ထမ်းတွေထဲမှာတော့ ကောင်းသူရော ဆိုးသူရော ရှိနိုင်ပါတယ်။ စနစ်မကောင်းတာပါ ဘတ်ဂျက်နည်းတာပါလို့ ပြောရတာလည်း မမှားလှပေမယ့် (အဲဒီလို သုံးနှုန်းတဲ့အခါ technical term တွေအပေါ် ဆတ်ဆတ်ထိမခံသူတွေကြောင့်လည်း စိတ်ကုန်စရာ ကောင်းလှတယ်။) ဆေးရုံတစ်ခုချင်းရဲ့ management တလွဲတွေဖြစ်နေတာ နိုင်ငံတော်ကို ငွေပြန်သွင်းတာ သိပ်များသွားတာတွေကြောင့်လည်း ၊ သို့မဟုတ် pocket money သိပ်များသွားတာတွေဟာလည်း အခြေခံအကြောင်းရင်း ဖြစ်နေနိုင်တယ်။ နောက်ဆုံး မြားလာရာလမ်းကို ရှာပြီး ပြုပြင်ဖို့ကြိုးစားကြပါဆိုတော့ (ဆရာ)သင့်လူရဲ့ စာအုပ်နာမည်ကို သတိရမိတယ်။ သူ့စာအုပ်က ဘောဂဗေဒနဲ့ ဆေးပညာကို ရောမွှေထားတယ်လို့ ထင်ပေမယ့် အမြည်းဆောင်းပါးလေး တစ်ပုဒ်ကလွဲရင် ခုထိတော့ တစ်အုပ်  လုံးကိုမဖတ်ဖူးသေးပါဘူး။ စာအုပ်နာမည်ကိုတော့ သဘောကျမိတယ်။" ကြောင်ကိုခြူဆွဲကြသူများ"တဲ့။ ဟုတ်ကဲ့။ ကြောင်ကို ဘယ်သူခြူဆွဲကြမှာပါလဲ။ ကျွန်တော်လား ခင်ဗျားလား။ လွှတ်တော်လား။ ခု အော်အော်နေတဲ့ မီဒီယာလား။

ကြောင်ကို ခြူဆွဲလိုသူက ရှားလှသလို ဝေဖန်မှုဟူသမျှကို ငြင်းဆန် deny လုပ်လိုတဲ့ ၀န်ထမ်းတွေရဲ့ ကျဉ်းမြောင်းတဲ့ စိတ်နေစိတ်ထားကလည်း ဌာနအသီးသီးရဲ့ ပြုပြင်ပြောင်းလဲရေးတွေ အားလုံးအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်တယ်။ လာဘ်စားတာ ဘာညာထားပါဦးလှဲ့။ အဖြေပေးသူတစ်ချို့ ပြောဆိုနေတဲ့ လောလောဆယ် သုံးစွဲအပ်တဲ့ အဖြေတစ်ရပ်ကတော့ လူနာကိုရော ဆရာဝန်တွေကိုရော တရားဥပဒေက ကာကွယ်ပေးမယ်လို့ ဆိုပြန်ပါတယ်။ သို့သော် အဲဒီအဖြေဟာလည်း ပြဿနာ ကင်းလှတာ မဟုတ်။  စောဒက တက်သူတွေက ဥပဒေ မရှိမဟုတ်ရှိတယ်။ စည်းမျဉ်းစည်းကမ်းတွေမရှိမဟုတ် ရှိတယ်။ လုပ်ထုံးလုပ်နည်းတွေ မရှိမဟုတ် ရှိတယ်လို့ ဆိုကြပါလိမ့်မယ်။ ဒါကြောင့် စောဒနာသူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြော်အမြင်စကားနဲ့ လှလှပပ အဆုံးသတ်ဖို့လိုတယ်။

"တရားဥပဒေစိုးမိုးမှုကတော့ အားနည်းနေဆဲ။"

သြော်ဘာပဲ ဖြစ်ဖြစ် ပြင်အပ်မပြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစီ။


တစ်နှစ်မှာ နှစ်ကြိမ်လောက်ထွက်တဲ့ အမျိုးသမီးရေးရာမဂ္ဂဇင်းနဲ့ “မေတ္တာစမ်းရေ” ခေါ်တဲ့ မိခင်နှင့်ကလေးစောင့်
ရှောက်ရေးကထုတ်တဲ့ မဂ္ဂဇင်းများမှာ ကျွန်တော် အမြဲတမ်းရေးပေးပါတယ်။ ကိုယ့်ရဲ့ အနီးဆုံးမိန်းမသားများဖြစ်ကြတဲ့
မိခင်၊ညီမ နောက် ကိုယ်ပိုင်မိသားစုရလာတော့ ဇနီးသည်နဲ့ သမီးလေးစတဲ့ အမျိုးသမီးတွေသာမက သဘာဝအားဖြင့်
အားနွဲ့ပြီးအင်အားနည်းပါးတဲ့ မိန်းမသားများကို စောင့်ရှောက်ကူညီပေးသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့ အထက်ပါ မဂ္ဂဇင်း
များမှာ ၀င်ရေးပေးခဲ့တာပါ။ ဒီကနေ့ အမျိုးသမီးများကိုရည်ရွယ်ပြီး ရေးခဲ့တဲ့ ဘာသာပြန်၊ပင်ကိုရေး စာမူလေးတွေကို
ပြန်ကြည့်လိုက်တော့ အပုဒ် ၃၀လောက်ထိ ရှိနေပြီဆိုတာ တွေ့လိုက်ရတယ်။ ဒါလေးတွေကို စုပြီး “မိန်းမတို့အကြောင်း”
ခေါင်းစဉ်နဲ့ လုံးချင်းတစ်အုပ်လောက် ထုတ်ချင်ပါတယ်။ သို့ပေမယ့် ဒီနာမည်ကို မကြိုက်လှပါ။စာဖတ်သူ များ ကလည်း
ဝိုင်းပြီး အကြံပေးကြပါဦး။ စဉ်းစားလို့ကောင်းအောင် စာမူလေးတစ်ပုဒ် ရိုက်ပြီးတင်ပေးလိုက်ပါတယ်။ ဘာသာပြန် အက်ဆေး
လေးတစ်ပုဒ်ပါ။
=          =          =          =          =          =          =          =          =          =          =          =

ဦးခေါင်းခွံများနှင့် စကားပြောခြင်း (အမျိုးသမီးရေးရာ မဂ္ဂဇင်း၊ ၂၀၀၉ ဇူလိုင်)
            ဖီလာဒီးပီးယားမြို့ကို  အလည်သွားကြတုန်းက ခင်ပွန်းသည်နှင့် ကျွန်မ မူတာပြတိုက်ကို ရောက်ခဲ့သည်။ကျွန်မ
အမျိုးသားက ဖီလာဒီးပီးယားမှာ ခွဲစိတ်ဆရာဝန်လုပ်နေသည်။ မိသားစုအားလပ်ရက်မှာ ပူပြင်းသည့် ရာသီဥတုဒဏ်ကို
ရှောင်ချင်တာလဲပါသည်။ ကျွန်မကိုယ်တိုင်ကလည်း ဆေးပညာသမိုင်းမှာ နာမည်ကြီးသည့် မူတာပြတိုက်ကို သွားလေ့လာ
ချင်နေသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုပြတိုက်မှာက ဆေးပညာဆိုင်ရာပြပွဲတစ်ခုရှိနေသည်။ သည်လိုနှင့် ဖီလာဒီးပီးယားသို့
ကျွန်မရောက်သွားပါသည်။
            ကျွန်မတို့က လင်မယားနှစ်ယောက်စလုံး ဆရာဝန်ဖြစ်နေကြပေမယ့် ကျင်လည်ရသည့် ပတ်ဝန်းကျင်က တခြားစီ
ဖြစ်သည်။ ခင်ပွန်းသည်က ခွဲစိတ်ဆရာဝန်၊ကျွန်မက ပြည်သူ့ကျန်းမာရေးပါရဂူ။ ကျွန်မတို့နှစ်ယောက် သည်လို ဆေးပညာပြပွဲ
တွေကို အတူတကွ သွားဖြစ်လေ့မရှိပါ။ ကျွန်မတို့ ဇနီးမောင်နှံသည် တစ်ယောက်လက်ကို တစ်ယောက်  ဆွဲလျက် ဆေးလော
က၏ အံ့သြဖွယ်ရာများကို ရင်သပ်ရှုမောကြည့်ကြရပါသည်။ ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသည့် ခွဲစိတ်ကိရိယာများ၊ဆေး
ရည်စိမ်ပြီး အပိုင်းပိုင်းလှီးထားသည့် ဦးနှောက်အလွှာများ၊ဖန်ပုလင်းထဲမှာ ဆေးရည်စိမ်ထားသည့် ရှေးပဝေသဏီမှ အမြွာပူး
ကလေးငယ်များ စသည်စသည်တို့က ကျွန်မတို့ကို အတော်ပင်ဆွဲဆောင်ပါသည်။ ထူးထူးခြားခြား ၁၉ရာစုက အသည်းရောင်
ရောဂါဖြင့်  ကွယ်လွန်သွားသော အမျိုးသမီးတစ်ဦး၏ ဆေးရည်စိမ်အလောင်းပင် ပါလိုက်သေးသည်။
            ပြပွဲကြီးတစ်ခုလုံးကို ခြုံငုံ၍ကြည့်အပြီးမှာ စိတ်ဝင်စားဖွယ်ပြခန်းတစ်ခန်းကို တွေ့လိုက်ရသည်။ အနက်ရောင်ဆေးမှိုင်း
မှိုင်းသုတ်ထားသည့် မူတာပြတိုက်၏ အတွင်းပိုင်းနံရံကို နောက်ခံထားလျက် ဟေလိုဂျင်မီးလုံးခပ်မှိန်မှိန်အောက်မှာ တွေ့လိုက်ရ
သည်က လူ့အရိုးခေါင်းများဖြစ်ပါသည်။တွဲလွဲချိတ်ဆွဲထားသည့် အရိုးခေါင်းများက အတန်းလိုက်၊အတွဲလိုက်နှင့် အတန်းပေါင်း၊
အတွဲပေါင်းများစွာ။ ဦးခွံပေါင်းအားလုံး ၁၃၉ခု။ သူတို့အားလုံးစီမှာ ရှေးဟောင်းလက်နှိပ်စက်ဖြင့် ရိုက်ထားသည့် စာကြောင်း
နှစ်ကြောင်းစီပါသည်။
            “ပိုး ရိုမန်၊ အသက် ၂၆နှစ်
            လူသတ်တရားခံ ၊ကယ်မင်စကို၌ ကြိုးပေးခံရသည်။”

            “ဖရန့်တင်ချာ၊ ပိုလန်နိုင်ငံသား၊ အသက် ၄၀နှစ်
            မီးရထား လမ်းလုပ်သား၊ဒဏ်ရာဒဏ်ချက်များစွာဖြင့် ကုသိုလ်ဖြစ်ဆေးရုံတွင် ကွယ်လွန်သည်။”

            “ဖရန့်တစ်ကာစေကော၊ ဗီယင်နာမြို့သူ၊ အသက် ၁၉နှစ်
            ဗီယင်နာမြို့မှ နာမည်ကြီး ပြည့်တန်ဆာ၊ ဦးနှောက် အမြှေးရောင် ရောဂါဖြင့် ကွယ်လွန်သည်။”

            ဦးခေါင်းခွံပိုင်ရှင် တစ်ဦးချင်းစီ၏ ဂုဏ်ပုဒ်များကို စိတ်ဝင်တစားဖတ်ရှုနေယင်းမှ အရိုးခေါင်းများနှင့် ကျွန်မတို့ပွဲကြည့်
ပရိသတ်ကြားမှာ ခြားထားသည့် ဖန်သားပြင်သည် ပျောက်ကွယ်သွားသလိုဖြစ်ပါသည်။ မွေးကင်းစကလေးငယ်မှသည် အိုမင်း
မစွမ်းအရွယ်များအထိ ရွယ်စုံပါဝင်သည့် ဦးခေါင်းခွံတွေကို ဘယ်လိုပုဂ္ဂိုလ်မျိုးက စုဆောင်းထားခဲ့သလဲ။ ဦးခေါင်းခွံပိုင်ရှင်တွေ
ကိုယ်တိုင်ကရော ဘယ်လိုလူတွေလဲ။သူတို့ဘ၀မှာ ဘယ်လိုရှင်သန်ခဲ့ကြသလဲ။ကျွန်မသိချင်လှပါသည်။
            ကျွန်မတို့လေ့လာရမိသလောက် ဤအရိုးခွံများကို စုဆောင်းခဲ့သူက သြစတြီးယန်း လူမျိုး ခန္ဓာဗေဒပါမောက္ခ
တစ်ဦးဖြစ်ပါသည်။ ၁၉ရာစုနှစ်ကတည်းက စုဆောင်းထားခဲ့သည့် ဤဦးခေါင်းခွံများကို ဖီလာဒီးပီးယား သမားတော်များ
ကောလိပ်မှ လွန်ခဲ့သည့် နှစ်ပေါင်း၁၃၃နှစ်က ဒေါ်လာ ၄၈၀၀ပေး၍ ၀ယ်ယူခဲ့ခြင်းဖြစ်ပါသည်။ဤဦးခေါင်းခွံများက
အောင်မြင်မှု၊ဆုံးရှုံးမှု၊အလွမ်းဆွေးများဖြင့် တချိန်က အသက်ရှင်ရပ်တည်ခဲ့ကြသည့် လူပုဂ္ဂိုလ်များအကြောင်းကို လှစ်ဟ
ပြောပြနေသကဲ့သို့ရှိပါသည်။ သူတို့တတွေကိုယ်စီကိုယ်စီမှာ သူတို့ကိုချစ်သော၊သူတို့ကလည်းချစ်ရသော ပုဂ္ဂိုလ်တွေကိုယ်
စီ ရှိခဲ့ကြပေလိမ့်မည်။ တချိန်ကဘယ်လိုလူတွေ ဖြစ်ခဲ့ဖြစ်ခဲ့ အခုအခါမှာတော့ သူတို့အားလုံးသည် တိတ်ဆိတ်အေးစက်
မှောင်မဲနေသည့် ပြခန်းထဲမှာ လူမသိသူမသိ ချိတ်ဆွဲခံထားနေကြရပါသည်။ ကျွန်မသည် သူတို့တစ်ဦးစီ၏ အကြောင်းကို
အေးအေးဆေးဆေး ဖတ်ကြည့်နေမိပါသည်။
          
            “ဂျီရိုလာ မိုဇင်နီ၊ အသက်၂၀နှစ်
            ကြိုးတန်းလျှောက် သမား၊ လည်ပင်ရိုးကျိုး၍ ကွယ်လွန်သည်”
          
            “မာရီယာလစ်တင်စတာ၊ လစ်သူရေးနီးယားနိုင်ငံ၊ အသက် ၁၇နှစ်
            ရေကျောက်ရောဂါဖြင့် ကွယ်လွန်သည်”

            အရိုးခေါင်းများမှ စာကြောင်းများကို ဖတ်ရှုလာယင်း တစ်နေရာအရောက်မှာ ဦးခေါင်းခွံနေရာက ကွက်လပ်ဖြစ်နေ
သည်။ဖန်သားမျက်နှာပြင်ပေါ်မှာ တွေ့နေရသည်က ကျွန်မ၏မျက်နှာဖြစ်ပါသည်။ နေလောင်ပြီးပါးရိုးငေါငေါ ထိုးထွက်နေ
သည့် ကျွန်မမျက်နှာကို မြင်မိတော့ “ငါသေရင်ရော ငါ့ဦးခေါင်းခွံအောက်မှာ ဘယ်လိုအရေးခံရမှာလဲ” ဟုတွေးနေမိပါသည်။
ပြည့်တန်ဆာဟု အရေးခံရသည့် ၁၉နှစ်အရွယ် မိန်းကလေးကိုပဲကြည့်ပါ။ သူ့ဘ၀မှာ ပြည့်တန်ဆာအချိန်ပြည့် ဖြစ်ခဲ့တာဟုတ်
ချင်မှဟုတ်မည်။ ချစ်စဖွယ်ညီမငယ်တစ်ယောက်၊အနုပညာရှင်တစ်ယောက်၊ ဆရာမတစ်ယောက်၊ချစ်သူကောင်းတစ်ယောက်
ဖြစ်ချင်လည်း ဖြစ်ခဲ့ဖူးပါလိမ့်မည်။သို့ပေမယ့် အခုအချိန်မှာတော့ ဤနာမည်ဆိုးကြီးသာ သူ့ဦးခေါင်းခွံအောက်မှာ ကျန်ရစ်ခဲ့ပါ
သည်။ မရွေးသင့်သည့် နာမ်စားသာဖြစ်ပါသည်။

            “ဒရုစ်၊ လက်ဘနွန်နိုင်ငံသား
            ဓားပြ၊ခေါင်းဖြတ်သတ်ခံရသည်”

            “ကရယ်လ်၊ ချက်နိုင်ငံ၊ အသက် ၁၅နှစ်
            ဖိနပ်ပြင်သမား၊ ရေကျောက်ရောဂါဖြင့် သေဆုံးသည်”
          
            အရိုးခေါင်းတစ်ခုစီ၏ အောက်မှာ စာကြောင်းနှစ်ကြောင်းစီပါသည်။ ပထမတစ်ကြောင်းက ဦးခေါင်းခွံပိုင်ရှင်သည်
ဘယ်သူဘယ်ဝါဆိုတာပါသည်။ နောက်တစ်ကြောင်းက ဘာကြောင့်သေရသည်၊ ဘာရောဂါကြောင့် သေရသည်ဆိုတာ
ပါသည်။ပထမစာကြောင်းမှာက ကျွန်မတို့လူသားတွေ တန်ဖိုးထားတတ်ကြသည့် ကျွန်မတို့ဘယ်သူဘယ်ဝါဆိုသည့်အချက်
ပါဝင်ပြီး ဒုတိယစာကြောင်းမှာက ကျွန်မတို့ဘယ်သူမှ ရှောင်လွှဲလို့မရနိုင်သည့် နာရေး၊သေရေး အချက်တွေပါဝင်နေသည်ကို
တွေ့ရသည်။သူတို့ဘ၀မှာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေဖြစ်ခဲ့ဖြစ်ခဲ့၊ အောင်မြင်သည်ဖြစ်စေ၊ရှုံးနိမ့်သည်ဖြစ်စေ၊ ရောဂါဆိုးတွေ ခံစား
ခဲ့ရသည်ဖြစ်စေ၊ ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့သည်ပဲဖြစ်စေ ယခုအချိန်မှာတော့ သူတို့အားလုံးမှာ စိတ်ငြိမ်စွာဖြင့် ဤအခန်းကျဉ်း
ကလေးထဲမှာ လာရောက်တွေ့ဆုံနေကြတာဖြစ်ပါသည်။
            ခင်ပွန်းဖြစ်သူက ကျွန်မဘေးနားရောက်လာသည်။ ပြတိုက်ပြင်ပ ကျောက်ထိုင်ခုံလေးပေါ်မှာ နှစ်ယောက်သားထိုင်ကြ
ယင်း အခြားသော လေ့လာရေးအဖွဲ့ဝင်တွေကို စောင့်ကြသည်။လေပူနွေးနွေးက ပြတိုက်အပြင်ဘက်မှာ ခပ်ဖြေးဖြေးတိုက်
ခတ်နေသည်။ ခင်ပွန်းသည်ကို ကျွန်မမေးကြည့်သည်။ အရိုးခေါင်းပြခန်းထဲက စာသားတွေကို ဖတ်ကြည့်ဖြစ်ခဲ့ရဲ့လားဟု။
သူက ဦးခေါင်းကို မော့လျက် စဉ်းစားရင်ပြောသည်။

            “အသက် ၃၉နှစ်၊ လစာနည်း အမျိုးသား ခွဲစိတ်ဆရာဝန်
            ဦးခေါင်းအား သေနတ်ဖြင့် ပစ်၍ ကိုယ့်ကိုကိုယ် အဆုံးစီရင်သည်”

            သည်လိုမျိုး ကိုယ့်ဦးခေါင်းခွံအောက်မှာ စာရေး၍ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖွင့်ချခံရသည့် ဘ၀ကို ကာယကံ
ရှင်တွေကရော သဘောတူနိုင်ပါ့မလား ဟု ခင်ပွန်းသည်ကို ကျွန်မမေးကြည့်သည်။
            “သူတို့ကတောင် ပိုပြီး တို့ထက် ကံကောင်းချင်ကောင်းနေဦးမှာ။”ဟုသူက ပြန်ဖြေသည်။ ကျွန်မတွေဝေသွားသည်။
ဟုတ်တော့လည်းဟုတ်သည်။ သေသောသူကြာရင်မေ့ဆိုသလို သမိုင်းရေစီးထဲမှာ သူလိုကိုယ်လို စီးမျောနစ်မြုပ်သွားကြရမည့်
ပုဂ္ဂိုလ်များနှင့်ယှဉ်လိုက်လျှင်တော့ သူတို့၏သမိုင်းသည် သူတို့၏ဦးခေါင်းခွံနှင့် ယှဉ်တွဲလျက် ကျန်ရစ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
အနည်းဆုံးတော့ ကျွန်မလို လေ့လာရေးသမားမျိုး ထောင်နှင့်ချီအား သူတို့၏အကြောင်းကို သတိပြုမိစေမှာ ဖြစ်ပါသည်။လူ့
လောက မြေကမ္ဘာအတွက် ပေးဆပ်နိုင်ခဲ့သမျှတို့တွင် ထိုစာကြောင်းလေးများသည် သူတို့ပေးနိုင်ခဲ့သမျှအနက် တန်ဖိုးအရှိဆုံး
ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။
            ကျွန်မဆုံးပါးသွားရင်ရော။ ကျွန်မ၏ဦးခေါင်းခွံသည် သည်လိုပြတိုက်မျိုးဆီကို ရောက်လာနိုင်ပါသလား။ သိပ်တော့
မဖြစ်နိုင်။ ရောက်လာခဲ့သည်ထားဦး။ နှောင်းလူတွေက ကျွန်မအကြောင်းကို ဘယ်လိုသရုပ်ဖော်ကြမှာလဲ။ ပြည့်တန်ဆာ၊ဖိနပ်
ချုပ်သမား၊ မီးရထားသံလမ်း အလုပ်သမား၊ သည်လိုမျိုးတော့ ကျွန်မဦးခေါင်းခွံအောက်မှာ ရေးတာမခံလိုပါ။ တာဝန်ကျေသည့်
မိခင်တစ်ဦး၊ ထင်ရှားသည့် ဆရာဝန်တစ်ဦး၊ ကလေးသုံးယောက်မိခင် သည်လိုမျိုးပဲ ကျွန်မအရေးခံချင်ပါသည်။
            လူတွေဟာ ကိုယ့်သမိုင်းကိုယ် ရေးတာလား၊သူများရေးတာ ခံရတာလား ကျွန်မ မတွေးတတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ်
ဤပြတိုက်မှာ လေ့လာခွင့်ရလိုက်တာ ကျွန်မအတွက် အများကြီး အကျိုးရှိပါသည်။ ဆေးပညာသမိုင်းမှာ မိမိဦးခေါင်းခွံအောက်
၌ စာဖြင့် အရေးခံလျက် ပါဝင်ဖြည့်ဆည်းခဲ့ကြသည့် ဤဦးခေါင်းခွံပိုင်ရှင်များကိုလည်း ကျွန်မကျေးဇူးတင်မိပါသည်။ သူတို့နှင့်
ကျွန်မ ကွာသည့် အချက်တစ်ချက်သာရှိပါသည်။သူတို့က သူတို့ဦးခေါင်းခွံအောက်က စာတွေကို ပြန်လည်ပြင်ဆင်ခွင့်မရှိတော့။
ကျွန်မအနေနှင့်က ကျွန်မဦးခေါင်းခွံ၊သို့မဟုတ် ကျွန်မ နာမည်အောက်မှာ လူတွေဘာရေးစေချင်သလဲဆိုတာကို လုပ်ပြဖို့ အခွင့်
အရေးရှိနေပါသေးသည်။
            မူတာပြတိုက်မှ ကျောက်သားနံရံများသည် လှိုဏ်သံများဖြင့် ပဲ့တင်ထပ်လျက်ရှိပါသည်။ ဦးခေါင်းခွံပိုင်ရှင် အချင်းချင်း
တီးတိုးစကားပြောနေတာ ဖြစ်ကောင်းဖြစ်မည်။ ကျွန်မသည် ကိုယ့်သမိုင်းကိုယ် ဘာတွေဆက်ရေးနေရမလဲဟု တွေးတောစဉ်း
စားယင်းဖြင့် မူတာပြတိုက်မှ ပြန်လာခဲ့ပါသည်။

Ref : Listening to Skulls by Charity Thoman, MD, MPH

Friday, October 5, 2012

တပ်ထဲကဆရာဝန် by ဒေါက်တာလွှမ်းမိုးဟန်

တပ်မတော်ထဲမှာ  တာဝန်ထမ်းဆောင်ရခြင်းက ဆရာဝန်များအတွက် အတွေ့အကြုံသစ်များကို
ရရှိစေသည်။တပ်မတော်ထဲသို့ ခြေစုံပစ်ဝင်လိုက်သည်နှင့် ဆရာဝန်တစ်ဦး၏ ဘ၀သည် သူ၏ဆေးပညာ
လုပ်ထုံး၊လုပ်နည်းများနှင့် အတူပြောင်းလဲသွားရတော့သည်။ အရပ်ဘက်ဆရာဝန်တစ်ဦးအတွက် အဓိက
တာဝန်မှာ လူနာရောဂါ သက်သာပျောက်ကင်းဖို့၊လူနာအတွက် ဘေးဥပဒ်မကျစေဖို့သာဖြစ်သည်။စစ်သား
ဆရာဝန်များအဖို့ မှာတော့ သီးခြားဦးစားပေးစရာတွေရှိလာသည်။ ကိုယ့်ဆန္ဒတစ်ခုတည်းနှင့် ဆောင်ရွက်
လို့မရသည့် အမိန့်ဆိုတာမျိုးတွေရှိလာသည်။ဒုတိယကမ္ဘာစစ်ပြန် စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာ
ဟန်တာကပြောဖူးသည်။ “စစ်ဗိုလ်ဆရာဝန်များကျတော့ သူ့လူနာက တစ်ဦးတစ်ယောက်တည်းမဟုတ်
တော့ဘူးဗျ။တစ်ယောက်တည်း အတွက်ကြည့်လို့မရတော့ဘူး။ သူ့လူနာက တပ်မတော်ကြီးတစ်ခုလုံးပဲ။”
            ဆရာဝန်ပညာဆိုသည်က လူ့အသက်ကိုကယ်ဖို့(သို့မဟုတ်)အနာဘယဒုက္ခများကို လျော့ချပေး
ဖို့ဖြစ်သည်။ အနှီပညာရပ်များကို တတ်မြောက်သင်ယူထားသည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် တစုံတယောက်
ကိုသတ်ဖို့၊ဒါမှမဟုတ် အနာတရဖြစ်အောင်လုပ်နိုင်ဖို့  အတတ်ပညာများကို သင်ကြားပေးသည့် စစ်တပ်
လိုနေရာမျိုးမှာ လာရောက်အမှုထမ်းဖို့ဆိုသည်မှာ အတော့်ကိုထူးဆန်းသည့် ကိစ္စတစ်ရပ်ဖြစ်ပါသည်။
အပေါ်ယံကြည့်လိုက်ရင်တော့ ဆရာဝန်များယူနီဖောင်းဝတ်လိုက်သည့်အခါ ၄င်းတို့၏လုပ်ဆောင်ချက်
များ မပီပြင်နိုင်၊မအောင်မြင်နိုင်တော့ဟု ထင်စရာအကြောင်းရှိပါသည်။ တကယ်တော့ ဒီလိုမဟုတ်။ဗြိတိ
သျှတပ်မတော်၏ တော်ဝင်ဆေးဝန်ထမ်းတပ်ဖွဲ့သည် ၀ိတိုရိယသူရဲကောင်းဆုတံဆိပ် ၃၁ခုရရှိထားပြီး
ဗြိတိသျှတပ်မတော်၏ ရဲစွမ်းသတ္တိအပြောင်မြောက်ဆုံးတပ်ဖွဲ့ဖြစ်ပါသည်။ဗြိတိသျှတပ်မတော်၏ သူရဲကောင်း
ဆုတံဆိပ်နှစ်ကြိမ်ရထားသည့် စစ်သည်သုံးဦးအနက် နှစ်ဦးမှာ ဆရာဝန်များဖြစ်ကြပါသည်။၎င်းတို့နှစ်ဦး
မှာ ဗိုလ်ကြီး နိုဗယ်ချာဗစ် နှင့် ခွဲစိတ်အထူးကု ဗိုလ်ကြီး အာသာမာတင်လိဂ် တို့ဖြစ်ကြပါသည်။
            ကမ္ဘာစစ်ကြီးနှစ်ခုအပြီးမှာ တပ်ထဲသို့ဝင်လာကြသည့် လူငယ်ဆရာဝန်အင်အားမှာ တဟုန်တိုးများ
ပြားလာခဲ့သည်။ စစ်ကြီးအတွင်းတပ်ထဲမှာ ရှိနှင့်ပြီးသားဆရာဝန်များက အုပ်ချုပ်ရေးတာဝန်ကိုယူကြရလျက်
အသစ်ဝင်လာသည့် ဆရာဝန်များက ရှေ့တန်းစစ်မြေပြင်များမှာ သွားရောက်တာဝန်ထမ်းဆောင်ကြရသည်။
ပထမကမ္ဘာစစ်ကြီးအတွင်း ဗြိတိသျှစစ်မြေပြင် အရေးပေါ်အသက်ကယ်ဆယ်ရေးတပ်ဖွဲ့တွင် အမှုထမ်းခဲ့သည့်
ဒေါက်တာဖီးလစ်ဂိုစ့်က “လူငယ်ဆရာဝန်တွေဟာ ဆေးပညာ၊ခွဲစိတ်ကုပညာနဲ့ ပြည်သူ့ကျန်းမာရေးဘာသာ
ရပ်တွေမှာ ပိုပြီးတော့ ခေတ်မီကြတယ်။”ဟုပြောခဲ့သည်။
            ဒုတိယကမ္ဘာစစ်ကြီးတလျှောက် တပ်ထဲကိုမ၀င်ပဲ အရပ်သားဆရာဝန်ဘ၀ဖြင့် စစ်ဆေးရုံများမှာ
တောက်လျှောက်တာဝန်ထမ်းဆောင်သွားသည့် အရပ်သားဆရာဝန်များလည်းရှိပါသည်။ဥပမာပြရမည်ဆိုလျှင်
ဒုတိယကမ္ဘာစစ်ကြီးတလျှောက် ဗြိတိသျှတော်ဝင်လေတပ်တွင် ပလတ်စတစ်ဆာဂျရီလုပ်ခဲ့သည့် ခွဲစိတ်ဆရာ
ဝန် “ဆာအာချီဘဲလ်”။တစ်ခါတရံမှာတော့ အရပ်သားဘ၀မှစစ်သားဘ၀သို့ အသွင်ကူးပြောင်းဖို့ခက်ခဲသည်။
စစ်သုံးစကားနှင့်ပြောရလျှင် စစ်ပုံကျဖို့မလွယ်။ ထို့ကြောင့် အရပ်သားဘ၀မှ တပ်ထဲသို့အရေးပေါ်ဝင်ရောက်
လာသူ ဆရာဝန်များကို “ယူနီဖောင်းဝတ်ထားသော အရပ်သားများ” (Civilians in uniform) ဟု
ခေါ်ခဲ့ကြသည်။
            အရပ်သားဘ၀မှ စစ်သားတစ်ဦးဖြစ်လာအောင် အလွယ်တကူလေ့ကျင့်လို့မရနိုင်သဖြင့်  နိုင်ငံအတော်
များများ၌ တပ်မတော်မှပိုင်သည့် ဆေးကျောင်းများတည်ထောင်ခဲ့ကြသည်။ ၁၇၀၇ခုနှစ်တွင် မဟာပီတာဘုရင်
ကြီးက ဆေးကျောင်းသား၅၀တက်ရောက် ပညာသင်ကြားနိုင်သည့် မော်စကိုတပ်မတော်ဆေးရုံနှင့် ဆေးတက္က
သိုလ်ကို တည်ထောင်ခဲ့သည်။ ထိုသင်တန်းမှအောင်မြင်ခဲ့သည့် ပုဂ္ဂိုလ်များတွင် စစ်ပွဲ၌ဒဏ်ရာရသူများကို မေ့ဆေး
ပေးသည့်နည်းအားတီထွင်ခဲ့သည့် “နီကိုလိုင်ပီရိုဂေါဗ့်” ၊နာမည်ကြီး “အာရုံကြောတုံ့ပြန်မှု သီအိုရီ” ကိုတီထွင်ခဲ့
သည့် “အိုင်ဗန်ပဗ့်လောဗ့်” စသည့် ပုဂ္ဂိုလ်များပါဝင်သည်။ ၁၉၂၆ ခုနှစ်တွင် ဂရိနိုင်ငံ၌ ပထမဆုံးသော တပ်မတော်
ဆေးတက္ကသိုလ်ကို တီထွင်ခဲ့သည်။ နောင် နှစ်၂၀ကြာသည့်အခါ သီဆာလိုနီကီမြို့(ဂရိနိုင်ငံ၏ ဒုတိယအကြီးဆုံး
မြို့တော်) သို့ရွှေပြောင်းခဲ့ပြီး ဆေးတက္ကသိုလ်အပြင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ဆေးဘက်ဆိုင်ရာ တက္က
သိုလ်၊တိရိစ္ဆာန်ဆေးကုတက္ကသိုလ် နှင့် ဥပဒေကျောင်းများကိုပါ တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။
            ၁၉၇၂ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ လက်နက်ကိုင်တပ်ဖွဲများအတွက် ဆေးတက္ကသိုလ်ကို
ဘီတတ်စ်ဒါမြို့၌ ဖွင့်လှစ်ပေးခဲ့သည်။ တစ်နှစ်လျှင် သင်တန်းသား၁၆၅ဦးလက်ခံသည့် ထိုတက္ကသိုလ်တွင်
အရပ်ဘက်ဆေးတက္ကသိုလ်များထက် သင်ရိုးညွှန်းတန်းနာရီပေါင်း ၇၀၀ကျော်ပိုများသည်။ အပူပိုင်းဆေးပညာ၊
ရောဂါကာကွယ်ရေးနှင့် လက်တွေ့ကွင်းဆင်းလေ့ကျင့်ခန်းတွေ ပိုမိုများပြားခြင်းကြောင့်ဖြစ်သည်။
            ဗြိတိန်နိုင်ငံမှာတော့ ဒီလိုမဟုတ်။ဗြိတိသျှစစ်တပ်က အရပ်ဘက်ဆေးတက္ကသိုလ်များမှ အောင်မြင်
လာသည့် ဆရာဝန်သစ်လွင်များကို ဆင့်ခေါ်လိုက်သည်။ ထိုနောက်ဗြိတိသျှတပ်မတော်ပိုင် ၁၈၆၃ခုနှစ်မှာ
စတင်တည်ထောင်ခဲ့သည့် တော်ဝင်ဝိတိုရိယဆေးရုံကြီးမှာ ဘွဲ့လွန်သင်တန်းများ သင်ကြားပေးလိုက်သည်။
သို့ပေမယ့် နာမည်ကြီး ဘိုးဝါးစစ်ပွဲကြီးများအပြီးမှာ  ဆရာဝန်အင်အားမလုံလောက်သဖြင့်  ၁၉၀၂ခုနှစ်တွင်
လက်ချာသင်တန်းများနှင့် ဓာတ်ခွဲခန်းများပိုမိုကောင်းမွန်ပြီး လူပိုမိုဆန့်သည့် မေးဘန့်အရပ်သို့ရွှေ့ပြောင်း
ခဲ့သည်။ ၄င်းအခြေအနေမှ ယနေ့ ဆေးသုတေသနများနှင့် ကုထုံးများမှာ နာမည်ကြီးသည့် စိန့်သောမတ်
ဆေးရုံကဲ့သို့သော အထင်ကရနေရာကြီးများပေါ်ပေါက်လာခဲ့သည်ဟု ဆိုပါသည်။
            တပ်မတော်ဆေးကျောင်းများမှာ ပိုမိုကောင်းမွန်တတ်လေ့ရှိသည့် သင်ခန်းစာများက ပတ်ဝန်းကျင်
သန့်ရှင်းရေး၊ အပူပိုင်းဆေးပညာနှင့် လောဂျစ်ဗေဒကဲ့သို့သော ပညာရပ်တွေဖြစ်သည်။စစ်တပ်ယဉ်ကျေးမှု
ဓလေ့ထုံးစံများနှင့် အကျွမ်းတ၀င်ရှိစေရန် စစ်သင်ခန်းစာတွေ လေ့ကျင့်ရတာမျိုးလည်းရှိသည်။တချို့က
အတွေ့အကြုံနုနယ်သည့် ငယ်စဉ်ကာလမှာ တပ်ထဲ၌တာဝန်ထမ်းဆောင်ပြီး ခရီးများထွက်နေရခြင်းက
 ဆေးပညာတိုးတက်မှုများ၊ဆေးလောကအသိုင်းအ၀ိုင်းများနှင့် အလှမ်းကွာစေနိုင်သည်ဟုလည်း ဆိုကြ
ပါသည်။
            အမေရိကန်တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့၏ဆောင်ပုဒ်က “တိုက်ခိုက်ရေးအင်အားစုများ
မပြုန်းတီးရေး ထိန်းသိမ်းရန်” ဟူ၍ဖြစ်ပါသည်။ တပ်မတော်သားဆရာဝန်တစ်ဦး၏ အဓိကတာဝန်က
 ရှေ့တန်းမှဒဏ်ရာအနာတရဖြင့် ရောက်ရှိလာသည့် စစ်သည်များအား ခွဲခြားစိစစ်ရန်ဖြစ်သည်။ ဘယ်သူ့ကို
 နောက်တန်းဆေးရုံသို့ အမြန်ပို့သင့်သည်၊ ဘယ်သူ့ကိုတော့ အသင်အတင့် ဆေးကုသမှုပြီးရင် ရှေ့တန်း
သို့ပြန်ပို့ရမည် စသည်ဖြင့် ခွဲခြားသတ်မှတ်ပေးဖို့တာဝန်မှာ စစ်မှုထမ်းဆရာဝန်များ၏ အဓိကတာဝန်ပင်ဖြစ်
ပါသည်။အပေါ်ယံကြည့်ရင်တော့ သည်အလုပ်ကလွယ်သယောင်ထင်ရပေမယ့် လက်တွေ့လုပ်တော့
မည်ပြင်တိုင်းဆရာဝန်သည့် အမိန့်နှင့် ဆရာဝန်ကျင့်ဝတ်အကြားလွန်ဆွဲရတော့သည်။ ဆေးရုံ၊ဆေးခန်းမှာ
ဆို အနားယူသင့်သည်ဟု သတ်မှတ်ခံရမည့် လူနာမျိုးသည် ရှေ့တန်းမှာကျတော့ အနားရချင်မှရမည်။
ဆေးရုံမှာကလူနာကောင်းဖို့ အဓိက။ရှေ့တန်းမှာက စစ်နိုင်ဖို့အဓိက။ တဘက်နှင့်တဘက် အနိုင်တိုက်
နေကြရသည့်စစ်ပွဲ၏ တဘက်ဘက်မှာ ပါဝင်နေရသည့် ဆရာဝန်သည် တိုက်ပွဲအောင်မြင်ဖို့ကို ဦးစား
ပေးရသည်မှာသဘာဝကျပါသည်။
            ခြုံငုံပြောရလျှင်တော့ တပ်ထဲံကဆရာဝန်သည် လူနာတစ်ဦးချင်းစီထက် အဖွဲ့အစည်းကို ပိုမိုဦး
စားပေးရသည့် သဘောရှိသည်။ ဘယ်လိုပဲ သဘောသဘာဝတွေ မတူပေမယ့် ကိုယ့်နိုင်ငံကို သူတစ်ပါး
အကျူးကျော်ခံရသည့်အခါ ၊ နိုင်ငံတော်၏ လုံခြုံရေးအတွက် စိုးရိမ်နေရသည့်အခါ၊ ငြိမ်းချမ်းရေး ထိန်းသိမ်း
ဖို့အတွက် အခြားနိုင်ငံများသို့တပ်ဖွဲ့များ စေလွှတ်ရသည့်အခါ  တပ်ထဲသို့ဝင်ရောက်လာသည့် ဆရာဝန်
ဦးရေသည် များပြားလာစမြဲဖြစ်ပါသည်။ လက်ရှိအချိန်မှာတော့ ဗြိတိန်နိုင်ငံတပ်မတော်၌ ဆရာဝန်များ လို
အပ်လျက်ရှိသည်ဟု ဆိုပါသည်။ အကြောင်းရင်းက အီရတ်နှင့် အာဖကန်နိုင်ငံများသို့ တပ်ဖွဲများစေလွှတ်
နေရခြင်းကြောင့်ဖြစ်ပါသည်။ အသစ်ဝင်ရောက်သူကနည်းပြီး လူဟောင်းတွေချည်း လှည့်ပတ်သွားလာနေ
ရခြင်းကြောင့် စစ်တပ်ကို လက်ရှောင်နေကြခြင်းဖြစ်သည်ဟုလည်း သုံးသပ်သူများကဆိုကြသည်။
            ကိုယ်ပိုင်တပ်မတော် ဆေးကျောင်းများမရှိသည့် နိုင်ငံများအတွက် ဗြိတိန်တပ်မတော်၏ အဖြစ်အ
ပျက်က သင်ခန်းစာယူစဖွယ်ဖြစ်ပါသည်။  တပ်ထဲရောက်လို့ ဆေးပညာနှင့် အလှမ်းဝေးကွာသွားသည်
အပြောမခံချင်လျှင် စစ်ဆေးရုံများမှာ ဆေးကုသမှုနှင့် ဆေးသုတေသနကို တိုးတက်အောင်လုပ်၊ ရှေ့တန်း
ဒေသများသို့ အလှည့်နှင့်သွား၊နောက်တန်းပြန်ရောက်သည့်ညအချိန်မှာ စာပြန်သင်၊သင်တန်းများပြန်တက်
သည်လိုလုပ်ဖို့သာရှိပါသည်။ ကျင့်ဝတ်နှင့် စစ်စည်းကမ်း၊အမိန့် ဤနှစ်ခုကြားမှာ မျှတအောင်နေရသည့်
တပ်မတော်သားဆရာဝန်များ၏ ဘ၀နှစ်မျိုးကို ချင့်ချိန်နားလည်နိုင်ကြဖို့ဖြစ်ပါသည်။
Ref: DDoctors at war by Edgar Jones

Monday, December 26, 2011

ဘ၀မှာ ဘယ်လိုနေမည်၊ ဘာတွေလုပ် မည်၊ ဘယ်ပုံဖြစ်ရမည် ဆိုတာတွေ နှင့် ပတ်သက်၍ ကျွန်တော် သိသင့် သိထိုက်သည့်အရာ အများစုကို သူငယ်တန်းမှာ ကတည်းကပင် ကျွန်တော်သင်ယူခဲ့ရပြီး ဖြစ်သည်။ အသိဥာဏ် အမြော်အမြင် ဟူသည် တက္ကသိုလ်၊ ကောလိပ်ဆိုသည့် တောင်ထိပ်ပေါ်မှာ ရှိသည်မဟုတ်၊ မူကြိုကျောင်းက ကလေးကစားသည့် သဲကျင်းလေးထဲမှာ ပင်ရှိနေပါသည်။

အဲသည်မှာ ကျွန်တော်သင်ခဲ့ သိနားလည်ခဲ့ရတာတွေက အများကြီး။
ဘယ်အရာမဆို အများနှင့် ဝေမျှယူရမည်။
မတရား မလုပ်ရ။
သူတစ်ပါးကို မရိုက်ရ။
ပစ္စည်းတစ်ခု ယူကိုင်ပြီးလျှင် မူလနေရာမှ ပြန်ထားရမည်။
ကိုယ်ရှုပ်ထားသည့် အမှိုက် ကိုယ့်ဘာသာ ရှင်းရမည်။
ကိုယ့်ဥစ္စာ မဟုတ်ဘဲ မယူရ။
ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ထိခိုက်နာကျင်သွားလျှင် တောင်းပန်ရမည်။
အစာမစားမီ လက်ဆေးရမည်။
အိမ်သာသွားပြီးလျှင် ရေဆွဲခဲ့ရမည်။
ကွတ်ကီ(ဘီစကစ်) နှင့် နွားနို့သည် ပူပူနွေးနွေး စားသုံးမှကောင်းသည်။
ဘ၀ကို မျှတစုံလင်စွာ နေထိုင်ရမည်။
စာနည်းနည်းဖတ်ရမည်။
ဦးနှောက်က နည်းနည်းစဉ်းစားရမည်။
ပုံဆွဲရမည်၊ ဆေးခြည်ရမည်၊ သီချင်းဆိုရမည်၊ ကရမည်၊ ကစားရမည်၊ အလုပ်လုပ်ရမည်၊ အားလုံးနည်းနည်းစီ နေ့စဉ်လုပ်ရမည်။
ပြီးတော့………….
နေ့လယ်ခင်းမှာ တစ်ရေးအိပ်ရမည်။
အပြင်ထွက်လျှင် ယာဉ် အသွားအလာကို ကြည့်၊ သူငယ်ချင်းနှင့် လက်တွဲ မခွဲမခွာဘဲ ကူးရမည်။
လောကကြီးထဲက အံသြစရာတွေကို ကြည့်တတ်မြင်တတ်ရမည်။ ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးကို သတိရ၊ အမြစ်က အောက်ဘက်ထိုးဆင်းသွားပြီး ပင်စည်က အပေါ်ထောင်တက်လာခြင်းဖြစ်သည် ဘာကြောင့်လဲ၊ သည်ကိစ္စ ဘယ်သူမျှ အဖြေမပေးနိုင်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သည်သစ်စေ့လေးအတိုင်း အံ့သြစရာ။
ပြီး... ရွှေငါးလေးတွေ၊ ဟမ္မစတာ ကြွက်ကြီးတွေ၊ ကြွက်ဖြူလေးတွေအပြင် စောစောက ပြောခဲ့သည့် ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးသည်ပင် တစ်နေ့မှာ သေဆုံးရမည်။ ကျွန်တော်တို့သည်လည်း ထိုနည်းလည်းကောင်း……..။
အဲသည်နောက် ဒစ်(ခ)(ကောင်းလေး)နှင့် ဂျိန်း (ကောင်မလေး) ပါသည့် ဖတ်စာအုပ်အကြောင်း ပြန်ပြောင်း တွေးကြည့်စမ်းပါ။ သင်ပထမဆုံး သင်ရသည့် သင့်အတွက် အကြီးမားဆုံး ဝေါဟာရက ဘာလဲ။
Look ကြည့်ပါ .. တဲ့။ မှန်သည်။ လိုက်ရှာကြည့်ပါ။ တစ်နေရာရာမှ ပါသည်။ ကိုယ်ချင်းစာတရားပါသည်။
ချစ်ခြင်းမေတ္တာပါသည်။ သန့်ရှင်းစင်ကြယ်မှုပါသည်။ လူ၊ တိရစ္ဆာန်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်တို့ ဆက်စပ် ရပ်တည်နေပုံကို ပြသည့် ecology သဘောတရားကိုလည်း သူ့အထဲမှာ တွေ့ရမည်။ နိုင်ငံရေး၏ သဘောကိုလည်း တစ်စွန်းတစ်စ ရိပ်စားမိရသ်ည်။ အသိဥာဏ်ရှိစွာ အသက်ရှင် နေထိုင်ရန် နည်းလမ်းများလည်း သူပေးထားသည်။
စဉ်းစားကြည့်ပါ။
ကမ္ဘာပေါ်မှာ ရှိသည့် ကျွန်တော်တို့ လူသားတွေအားလုံးသာ နေ့လယ် ၃ နာရီမှာ ကွတ်တီ ပူပူစား ၊ နွားနို့ ပူပူလေးသောက်ကာ စောင်လေး ကိုယ်စီခြုံပြီး တစ်ရေးအိပ်ကြမည်ဆိုလျှင် ကမ္ဘာကြီး သခုထက် မည်မျှ ပို၍ အေးချမ်းသွားပါမည်နည်း။
သို့တည်းမဟုတ် ကျွန်တော်တို့ တိုင်းပြည်အသီးသီးမှာ “ကိုယ် ကိုင်မိသည့် ပစ္စည်းကို မူလ တွေ့ခဲ့သည့် နေရာမှာ ကိုယ်ပြန်ထားမည်၊ ကိုယ်ရှုပ်သည့် အမှိုက်ကို ကိုယ်ပြန်ရှင်းမည်” ဟူသော မူဝါဒကိုယ်စီ တိတိကျကျ ချထားကြမည် ဆိုလျှင်ကော သည်ကမ္ဘာကြီး ဘယ်လောက်သာယာလှပသွားမည်နည်း။
ပြီး…….စဉ်စားကြည့်ပါ။ သင်တို့ ကျွန်ုပ်တို့ အသက်အရွယ် ဘယ်မျှ ရှိသည်ဆိုစေ အပြင်လောက ကမ္ဘာထဲထွက်သည့် အခါ လက်ချင်းမြဲမြဲတွဲ၍ မခွဲမခွာ သွားကြမည်ဆိုလျှင် အားလုံးအတွက် မည်မျှပျော်ရွှင် ချမ်းမြေ့စရာ ဖြစ်သွားပါ မည်နည်း……………။

ဖေမြင့်
နှလုံးသား အာဟာရ စာအုပ်မှ…
မူရင်း။ ။ Robert Fulghum ၏ All Really Needed To Know I Learned In Kindergarten.

Monday, July 4, 2011

Monitor ကို ပိတ်လိုက်တဲ့အခါ by Kyaw Thu Yein Lwin


 ခပ်လှမ်းလှမ်းက ကြည့်လိုက်ရုံနဲ့ မြင်ကွင်းကို သဲသဲကွဲကွဲ မြင်နိုင်ပါတယ်.. အဲဒီလို မြင်နိုင်လို့ လည်း အခုချိန်ထိ မမေ့ နိုင်တာပဲ ဖြစ်ပါလိမ့်မယ်.. မိုးဖွဲဖွဲကျနေတဲ့ကြားက
လူနှစ်ယောက်ဟာ ဖျာလိပ်တစ်လိပ်ချိတ်ထားတဲ့ ထမ်းပိုးကို ရှေ့ ကတစ်ယောက်..နောက်ကတစ်ယောက် ထမ်းပြီး ခပ်ငိုက်ငိုက်လျောက်လာပါတယ်.. အဲဒီဖျာလိပ်ကနေ
မိုးပဲရွာလို့ ပဲလား.. ရေစက်လက် ကျနေပါတယ်.. ဖျာလိပ်ရဲ့ နောက်မှာတော့ ဖြူဖွေးနေတဲ့ ခြေနှစ်ချောင်းဟာ ထိုးထောင်ထွက်လို့ နေပါတယ်..
အဖေက ကျွန်တော့ကို မကြည့်ဖို့ ပြောပေမယ့် ကျွန်တော် မြင်ပြီးသွားပြီ.. ရေနစ်ပြီး သေသွားတဲ့ အလောင်းကို
ရေခဲတိုက်ဆီ သယ်လာတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်..
အဲဒီတုန်းက ကျွန်တော့အသက် ရှိလှ ၉ နှစ်ပေါ့.. ကျွန်တော် အရမ်းကြောက်ခဲ့ဘူးတယ်.. အိပ်မက်တွေထဲအထိ
အဲဒီမြင်ကွင်းကို မမေ့နိုင်ပဲ ကြောက်လန့် တကြားမက်ခဲ့ဘူးတယ်.. ကျွန်တော် လူသေ တွေကို ရဲရဲမကြည့်ရဲခဲ့ဘူး.. အသုဘ ဆိုရင် ပူလောင် ငိုကြွေး စရာတွေ အပြည့်နဲ့ မို့  ကြောက်စရာ၊ စိတ်ညစ်စရာ အဖြစ်လို့ ပဲ မှတ်ထားတယ်.. ကိုယ်နဲ့ အဝေးကြီးလို့ ပဲ.. ထင်ထားခဲ့မိတယ်..
ကျွန်တော်ဆရာဝန်ဖြစ်ပြီးတော့ လူသေ ဆိုတာတွေကို တဖြည်းဖြည်းနဲ့ ရင်းနှီးလာတယ်..ကျောင်းသား ဘ၀မှာ သိခဲ့ဘူးတဲ့ လူသေတွေ ဆိုတာ.. သေပြီးသား ရုပ်ဝတ္ထုသက်သက် ဖြစ်နေပြီ.. ဒါပေမယ့်
ရှင်သန်နေခဲ့တုန်း အချိန်ကို ကြုံတွေ့ ပြီးတော့မှ လူတစ်ယောက် သေဆုံးသွားတယ် ဆိုတာ အဲဒီထက်အများကြီး လေးနက်မှန်း ပိုပိုပြီး သိလာတယ်.. တကယ်တော့လူတစ်ယောက် သေဆုံးသွားတယ် ဆိုတာ သူသက်သက် မဟုတ်ဘူး.. သူ့ ရဲ့ မိသားစု..သူ့ ရဲ့ ပတ်ဝန်းကျင်ကပါ ပူဆွေးဝမ်းနည်းပြီး ဖြစ်ကျန်ခဲ့ရတဲ့ အရာ ပဲဖြစ်ပါတယ်.. တစ်နည်းပြောရရင် သေဆုံးသွားရဲ့ 
လူဟာ တစ်ယောက်ယောက်ရဲ့ အဖေသော်လည်းကောင်း၊ အမေသော်လည်းကောင်း၊ သားသော်လည်းကောင်း၊ ဒါမှမဟုတ် သမီးသော်လည်းကောင်း ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ်..

အရပ်ထဲမှာ သေစကားမကြားချင်ဘူး ဆိုတဲ့အယူတွေ အများကြီးပါ.. ဒါပေမယ့် ဆေးရုံမှာတော့ သေစကားမကြားရတဲ့ နေ့ ဆိုတာ မရှိပါဘူး.. နေ့ စဉ်နဲ့ အမျှရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်.. ကျွန်တော်နယ်မှာနေတုန်းက လူတစ်ယောက်ကို လမ်းမှာ လဲနေတာတွေ့ လို့ ဆိုပြီးခေါ်လာကြပါတယ်.. အဲဒီလူက စက်ဘီးနဲ့ ဥသျှစ်ပင် ကနေ ပြည် ကို (မိုင် ၂၀ ကျော် ဝေးပါတယ်..) နေ့ စဉ်နဲ့ အမျှ သွားနေကျပါတဲ့... အသက်ကတော့ ၅၀ ကျော်လောက်ရှိရောပေါ့.. ပြည်ကို သူကြော်ထားတဲ့ စာကလေးခွေကြော်လေးတွေ လိုက်ဖြန့်် တာတဲ့.. နေ့ ခင်း နေပူကျဲတဲအောက် လမ်းမပေါ်မှာ စက်ဘီးတခြား၊ လူတစ်ခြား လဲကျနေတဲ့
သူ့ ကို ခေါ်လာတော့ အသက်ပါမလာတော့ဘူး.. နောက်ကလိုက်လာတဲ့ သူ့ မိသားစုတွေကတော့ ကျွန်တော့ကို မျှော်လင့်တကြီး ကြည့်လို့ နေတယ်.. ကျွန်တော်ဘာလုပ်ပေးရမလဲ.. အတတ်နိုင်ဆုံးတော့ CPR
(ရုပ်ရှင်တွေထဲကလို ရင်ဘတ်ကို ဖိပြီး နှလုံးကို နှိုးတာပါ) လုပ်ပေးတယ်.. သူသေနေမှန်း သိသိနဲ့ လုပ်ပေးတာပါ.. စိတ်ထဲမှာ မျှော်လင့်ချက်လေးနည်းနည်းတော့ထားမိတာပေါ့ဗျာ.. နောက်ဆုံးမှာတော့
လူတွေ ၀ိုင်းအုံနေတဲ့ကြားက ကျွန်တော် အကောင်းဆုံး စကားလုံးကို ရွေးရပါတယ်.. `လူနာက ဆုံးသွားပြီဗျ´ လို့ ပြောရမလား.. `မရတော့ဘူး´လို့ ပြောရမလား.. ရုပ်ရှင်တွေထဲကလို ခေါင်းလေးအသာရမ်းပြရမလား..
`ခင်ဗျားတို့ လူနာက အသက်တော့ မရှိတော့ဘူးဗျာ´ လို့ ကျွန်တော် ပြောလိုက်တယ်.. ငိုသံတွေ ကြားထဲမှာ လူနာအတွက် သေဆုံးကြောင်း ရေးစရာရှိတာတွေ ချရေးရတယ်.. သေသွားတဲ့သူက သူ့ ကိစ္စတွေပြီးသွားပေမယ့် ကျန်ရစ်သူတွေမှာ
လုပ်စရာတပုံတပင် ကျန်ခဲ့သေးတာကိုးဗျာ.. အဲဒီလို ကြုံတိုင်းမှာ အဖေနဲ့ အမေကို အရမ်းသတိရတယ်.. သူတို့ များတစ်ခုခုဆို ကျွန်တော်အနားမှာ ရှိမနေနိုင်ဘူး ဆိုပြီး ရင်ထဲမှာ အမြဲတစ်ဆို့ ဆို့ ဖြစ်ရတယ်..

တစ်ခါကဆိုရင် လူနာရှင်တစ်ယောက်က ကျွန်တော့ကို ဖက်ပြီး ငိုတာလည်း ကြုံရဘူးတယ်.. `ဆရာရယ်.. ကြည့်ပါဦး.. မျက်တောင်လေး လှုပ်သွားသလိုပဲ..´ `အားကိုးပါတယ်ဆရာရယ်.. အမေ့ကို ပြန်ခေါ်ပေးပါ´ ဆိုတဲ့ အသံတွေ.. `လက်ကလေးတွေ နွေးနေတုန်းရှိပါသေးတယ်.. ကိုင်ကြည့်ပါဦး..´ လို့ ပြောတာတွေ.. အမြဲလို ကြားရတိုင်း စိတ်ထဲမှာ မကောင်းဖြစ်ရတယ်.. သေလုမြောပါးဖြစ်နေတဲ့အချိန်မှာ နားကြပ်နဲ့ ရင်ဘတ်ကို နားထောင်နေတုန်း မိသားစုအားလုံး ကျွန်တော့ကိုကြည့်နေတဲ့ အကြည့်တွေအတွက် သေသွားပြီ ဆိုတဲ့ အကြောင်း ပြောရတာ (ကျွန်တော် အဲဒီလိုပြောခဲ့တဲ့
အကြိမ်ရေပေါင်း မနည်းတော့ဘူး) ဒါတောင်မှ ကျွန်တော့အတွက် အရမ်းကိုခက်ခဲတဲ့ အလုပ်တစ်ခုလိုပါပဲ.. မိသားစုတွေ မရှိတဲ့ သူတွေ အတွက် လွယ်ကူလှပေမယ့် သူ့ မိသားစုဝင်တွေကို ပြောရတာဟာ အာစေးမိနေသလို အမြဲခံစားရတယ်.. အလုပ်သဘော ဆိုရင်တောင် ကျွန်တော် အဲဒီလိုပြောလိုက်ဖို့ ရက်စက်ရာကျနေသလို ခံစားရတယ်..

တကယ်တော့ လူနာတွေရော.. လူနာရှင်တွေကိုရော.. ရောဂါအခြေအနေကို သိပြီးသားပါ.. အေးအေးဆေးဆေး ရှူလို့ ရနေတဲ့ လေကို ခက်ခက်ခဲခဲ ရှူသွင်းပြီး မောနေရတာ..တွေ.. အသိမရှိတော့တဲ့ သူတွေ.. စတဲ့စတဲ့ လူနာ
များစွာအတွက် လူနာရှင်တွေကိုတော့ ရောဂါအကြောင်းကြိုပြီး ရှင်းပြရပါတယ်.. ဖြစ်နိုင်တဲ့ အနေအထားကိုလည်း ရှင်းပြရပါတယ်.. `တစ်ရက်လောက်ပဲဖြစ်ဖြစ်/တစ်နာရီလောက်ပဲဖြစ်ဖြစ် ပိုနေရအောင်လုပ်ပေးပါနော်..´ လို့ ပြန်ပြောတဲ့သူတွေ ရှိသလို
`ကျွန်တော်/ ကျွန်မ တို့ က ဘယ်သူနဲ့ သိတယ်.. ဘယ်ဝါနဲ့ သိတယ်..´ စတဲ့ ခြိမ်းခြောက်သလို စကားတွေလည်းနားနဲ့ မဆံ့အောင်ကြားရပါတယ်..

သူငယ်ချင်းတစ်ယောက်ဆီက ရတဲ့ Grey's Anatomy ဆိုတဲ့ ဆရာဝန်တွေအကြောင်းရိုက်ထားတဲ့ အမေရိကန် TV Series တစ်ခုထဲမှာလည်း အဲဒီလို ပြသနာလေးတွေပါ ထည့်ရိုက်ထားပါတယ်.. ဒါ့အပြင် မိသားစု ရင်းနှီးမှု၊
ဆရာဝန်နဲ့ လူနာကြားက သံယောဇဉ် လေးတွေပါ ထည့်ရိုက်ပြထားကို တွေ့ ရပါတယ်.. တကယ်တော့ လူဟာလူပါပဲ.. ဘယ်စနစ် ဘယ်နိုင်ငံကြီးပဲ ဖြစ်နေပါစေ.. ဘယ်လောက်ပဲ ခေတ်မီနေပါစေ.. လူဟာ ခံစားတတ်တဲ့ သတ္တ၀ါတွေပါပဲ..

လူနာတစ်ယောက်သေကောင်ပေါင်းလဲ ဖြစ်နေပြီဆိုရင် Rescuitate လုပ်ရပါတယ်.. မြန်မာလို အလွယ်ပြောရင်တော့ အသက်ကယ် (ရှေးဦးသူနာပြု) တယ်ပေါ့ဗျာ.. စောစောက ပြောတဲ့ CPR အပြင်.. လုပ်လို့ ရသမျှ အကုန်လုပ်တယ်လို့ ပဲ ပြောရင်
ရပါတယ်.. Defibrillator နဲ့ Shock ရိုက်ပြီး လုပ်ရတယ်.. ဆေးတွေ အများကြီး ထိုးရတယ်.. လူနာလည်း ပင်ပန်းပါတယ်.. ကြည့်ရတာလည်း မသက်သာပါဘူး.. ဘေးက Monitor က တ တီတီ နဲ့ မြည်နေသမျှ ကျွန်တော်တို့ မနားကြပါဘူး.. တစ်ခုတော့
ရှိတာပေါ့လေ.. မိနစ် ၂၀ နာရီဝက်လောက်နေလို့ မှ ထူးမလာတော့ရင်တော့ လက်လျော့လိုက်ရတာပေါ့ဗျာ.. ကျွန်တော်တို့ နားလိုက်တဲ့နောက်.. Monitor မှာမြင်နေရတဲ့ Heart Beat လေးက တဖြည်းဖြည်းနှေးသွားတဲ့အခါ.. Oxygen Saturation တဖြည်းဖြည်း ကျသွားတဲ့အခါ .. ဘာမှဆက်လုပ်လို့ မရတော့ဘူး.. စက်နဲ့ အသက်ရှူနေတဲ့ လူနာဆိုရင်လည်း စက်ကိုဖြုတ်လိုက်တဲ့အခါ.. သူရဲ့ နောက်ဆုံးအချိန်ပါပဲ.. နောက်ဆုံး Monitor ကိုပိတ်လိုက်တဲ့အခါ .. လူနာကို ပိတ်နဲ့ လွှမ်းလိုက်တဲ့အခါ.. ငိုသံတွေ ကျွန်တော့ ဘေးနားမှာကျယ်လာတဲ့အခါ.. သေခြင်းတရားဟာ အနီးလေး လို ခံစားရပါတယ်..
ရပ်ကွက်ထဲမှာ နေ့ တိုင်းလူမသေပေမယ့် ဆေးရုံမှာ နေ့ စဉ်လိုလို သေခြင်းတရားကိုနဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ နေရတဲ့နောက် သေခြင်းတရားကို ထုံလာတယ်.. ဒါပေမယ့် မိသားစုတွေနဲ့ အပြီးတိုင် ခွဲခွာရတယ် ဆိုတဲ့ ခံစားချက်ကို တော့ နင့်နင့်သီးသီးခံစား နေရဆဲပါပဲ..

မှတ်မှတ်ရရ ရှိနေတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြချင်ပါတယ်.. အသည်းကင်ဆာနဲ့ လူ တစ်ယောက်ပါ.. သူ ဟာ အရက်သမားလည်း မဟုတ်သလို.. ဘီပိုး စီပိုးတွေလည်း မရှိပါပဲ ကံဆိုးစွာနဲ့ အသည်းကင်ဆာ ဖြစ်ရတာဖြစ်ပါတယ်.. ကံကောင်းတာကတော့ သူ့ ကို
ကိုယ်ဖိရင်ဖိ ပြုစုပေးတဲ့ သမီးတစ်ယောက်ရှိနေတာပါပဲ.. သူ့ ရဲ့ အသည်းကင်ဆာဟာ သူ့ ရဲ့ အဆုပ်အထိ ပါပြန့် နေပြီ.. အဆုပ်ထဲမှာလည်း ရေခိုနေပြီ.. ပြန့် နေပြီ.. ခွဲလို့ လည်း မထူးတော့ဘူး.. ကုလို့ လည်း မရတော့ဘူး.. သူ ဟာ သေဖို့ စောင့်နေတာပါ..
နေ့ စဉ်နဲ့ အမျှ နေ့ ရောညပါ ဆေးရုံ ကော်ရစ်ဒါမှာ Wheel Chair ပေါ်ထိုင်ရက်သားတွေ့ ပါတယ်.. `အဖေက ရှုခင်းကြည့်ချင်တယ်´ လို့  သူ့ သမီးက Wheel Chair ကို တွန်းလျက်သားပြောပါတယ်.. တစ်ခါတစ်လေ ဂျာနယ်တစ်စောင်
ဖတ်ပြနေတတ်သလို.. တစ်ခါတစ်ခါမှာ တရားစာအုပ်ဖတ်ပြနေတတ်တယ်.. တစ်ခါတစ်ခါမှာ သူ့ အဖေကို ဖြီးလိမ်းသန့် စင်ပေးနေသလို.. တစ်ခါတစ်ခါ မှာ စားစရာတွေ ခွံ့ ကျွေးနေတတ်ပါတယ်.. ကံကောင်းတာက သူ့ အသည်းကင်ဆာက သူ့ ဦးဏှောက်တွေကို မထိခိုက်တာပါပဲ.. သူဟာ အသိဥာဏ် ချို့ ယွင်းသွားတာမျိုးမရှိဘူး..
 လူနာကိုယ်တိုင်လည်း အသည်းကင်ဆာ ဖြစ်နေတာကို သိလျက်နဲ့ 
တောင် လန်းလန်းဆန်းဆန်း ရှိနေပါတယ်.. သူ့ သမီးကို လည်း အတော်လေး ချစ်ပုံပါပဲ.. ကျွန်တော်ဖြင့် နေ့ စဉ်နဲ့ အမျှ တွေ့ နေရပေမယ်.. လူနာနဲ့ ရွယ်တူလောက်ရှိမယ့် အဖေနဲ့ အမေကို သွေးပေါင်လေးတောင် ချိန်မပေးနိုင်တာ တွေးပြီး စိတ်မကောင်းတောင် ဖြစ်မိတယ်..

တစ်ရက်မှာတော့ လူနာအဖိုးကြီး အမောဖောက်ပါတော့တယ်.. ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်ပေးပါတယ်.. ဒီတစ်ကြိမ်တော့ ပြန်ကောင်းသွားပါတယ်.. ICU ထဲမှာမို့ စိုးရိမ်ရတဲ့လူနာတွေချည်းပဲ ရှိနေပါတယ်.. တစ်ယောက်ပြီးတစ်ယောက် သေနေတာတွေ.. ကျွန်တော်တို့ Rescuitate လုပ်နေတာတွေ တွေ့ လို့ လားမသိဘူး.. သမီးလုပ်တဲ့သူက ကျွန်တော်တို့ ကိုပြောပါတယ်.. သူ့ အဖေသာ တစ်ခုခု ဖြစ်ခဲ့ရင် အဲဒီလို Rescuitate မလုပ်ဖို့ .. ဒီအတိုင်းလေးပဲ လွှတ်ပေးထားလိုက်ဖို့ .. ပြောပါတယ်..
(နိုင်ငံခြားမှာလည်း လူနာ က အဲဒီလို Request လုပ်ခွင့်ရှိပါတယ်.. အဲဒါမျိုးကို DO NOT RESCUITATE (DNR) လို့ Clinical Chart မှာ ရေးထားပါတယ်..)

တစ်ရက်မှာတော့ လူနာ အဖိုးကြီး ထပ်ပြီးတော့ ဖောက်ပါတယ်.. ဒီတစ်ခါတော့ အတော်ဆိုးပါတယ်.. သွေးပေါင်တွေထိုးကျနေသလို ဘေးက Monitor မှာ Heart Beat တွေ က ခုန်ချင်သလို ခုန်ပေါက်နေပါတယ်.. မကြာခင်မှာပဲ သွားတော့မယ် ဆိုတဲ့ အနေအထားပါပဲ..
လူနာအဖိုးကြီးဟာ ပြင်းထန်တဲ့ ဝေဒနာကို အလူးအလဲ ခံစားနေရပါတယ်.. လူနာရှင်က Request လုပ်ထားတဲ့ အတွက် ဒီအတိုင်းစောင့်ကြည့်ရုံက လွဲလို့ အထွေအထူး လုပ်မပေးတော့ပဲ ဘေးကနေပဲ ရပ်ကြည့်နေလိုက်ပါတော့တယ်..
လူနာအဖိုးကြီးဟာ သူ့ သမီးကို ယဲ့ယဲ့လေး ပြုံးပြပါတယ်.. ပြုံးလိုက်.. မဲ့သွားလိုက်.. ထပ်ပြီးကြိုးစား ပြုံးပြလိုက်..နဲ့ .. သူ့ သမီးကလည်း မျက်ရည်တွေကြားထဲက သူ့ အဖေကို ဖက်ထားပါတယ်.. အဖေ ဆိုတဲ့ အသံထွက်မလာပေမယ့် နှုတ်ခမ်း
လှုပ်သွားတာကို မြင်လိုက်တာနဲ့ တင် အဖေ လို့ ခေါ်နေမှန်း သိသာပါတယ်.. ဒီလိုနဲ့ အဖိုးကြီး ရဲ့ ပြုံးပြတဲ့ အကြိမ်ရေ တဖြည်းဖြည်း ကျဲကျဲ လာပါတယ်.. အဖေ..အဖေ ဆိုတဲ့ အသံ တဖြည်းဖြည်း စိတ်စိတ် လာပါတယ်.. ဘယ်သူက ဒီမြင်ကွင်းကို ကြည့်နေရက်မှာလဲ..
ကျွန်တော်တို့ နှလုံးကို ပိုပြီးညှစ်စေတဲ့ ဆေးသွင်းပေးဖို့ ပြင်ပါတယ်... Oxygen ကို ပိုပြီးပေးပါတယ်.. Ventricular Tachycardia လို့ ခေါ်တဲ့ နှလုံးခုန်ချင်သလို ခုန်နေတာကို ခဏဖြစ်ဖြစ် သက်သာအောင် ရင်ဘတ်ကို Shock ရိုက်ဖို့ ပြင်ပေမယ့်
သူ့ သမီးက ကျွန်တော်တို့ ကို ပေးမလုပ်ပါဘူး.. အတင်းဖက်တွယ်ထားပါတယ်.. လက်မှာ ထိုးထားတဲ့ Cannula ထဲကနေလည်း ဆေးထပ်သွင်းလို့ မရတော့ပါဘူး.. မထူးတော့ဘူး ဆိုတာကို ကျွန်တော်တို့ ရော.. လူနာရှင်ရော.. လူနာရော သိနေပါပြီ..

တဖြည်းဖြည်းနဲ့ Monitor မှာ တီတီ ဆိုတဲ့ အသံကနေ တီ ဆိုတဲ့ အသံရှည်ကြီး မြည်လာပါတယ်.. Oxygen Saturation မရှိတော့ဘူး.. မျက်လုံးသူငယ်အိမ်တွေ ကျယ်သွားပြီ.. ပြီးသွားပြီ..
လူနာအဖိုးကြီး သေသွားပါပြီ.. မျက်နှာဟာ ယဲ့ယဲ့လေးပြုံးရက်နဲ့ ဘ၀ကူးပြောင်းသွားပါပြီ..
ကျွန်တော် Monitor ကိုပိတ်လိုက်တဲ့အခါ.. သမီးကို သူနာပြုဆရာမကြီးက တွဲပြီး ခေါ်သွားတဲ့အခါ.. လူနာ ဆီက Oxygen ပိုက်ကိုဖယ်လိုက်တဲ့အခါ.. ဒီနေရာမှာ ဘ၀တစ်ခု ပြီးသွားပြီ ဆိုတာ ပြောစရာမလိုအောင် သိနေကြပါပြီ..
ကျွန်တော် ပွင့်နေတဲ့ အဖိုးကြီးရဲ့ မျက်လုံးတွေကို ပိတ်ပေးလိုက်တော့ မျက်ရည်တွေ စီးကျလို့ နေတာတွေ့ ရပါတယ်..

အခုတော့ လူနာကိုလည်း မတွေ့ ရတော့ပါဘူး.. သူ့ သမီးကိုလည်း မတွေ့ ရတော့ပါဘူး.. ဒါပေမယ့် အဲဒီလို အဖေနဲ့ သမီး.. မိသားစုတွေ တစ်ယောက်နဲ့ တစ်ယောက် အပြီးတိုင်ခွဲခွာရခြင်း ကို မြင်နေရဦးမှာပါလား လို့ တွေးမိတယ်.. တကယ်လည်း တွေ့ နေမြင်နေရဆဲပါပဲ..
နောင်မှာလည်း ရှောင်ကွင်းလို့ မရအောင်တွေ့ နေရဦးမှာပါပဲ..

Monitor ကို ပိတ်လိုက်တဲ့အခါ ဘာမှ လုပ်ပေးစရာမလိုတော့ဘူး..မထူးတော့ဘူး..
Monitor ကို မပိတ်ခင်မှာသာ အကောင်းဆုံးလုပ်နိုင်သမျှ လုပ်ပေးဖို့ ကို လူနာရှင် တစ်ယောက်အနေနဲ့ ရော.. သားတစ်ယောက်အနေနဲ့ ရော.. ဆရာဝန်တစ်ယောက် အနေနဲ့ ပါ.. စဉ်းစားလိုက်မိပါတယ်..။