RSS
Facebook
Twitter

Showing posts with label ကျန်းမာရေးစာများ. Show all posts
Showing posts with label ကျန်းမာရေးစာများ. Show all posts

Friday, January 4, 2013

ကျွန်တော်သိသော ပိုးကိုက်ပန်းများ


ဘ၀ဆိုးကြီး

သေပြီးတဲ့လူဟာ လူဝင်စားပြန်ဖြစ်ရင်
တဖန်လူပြန်ဖြစ်လို့ရသေးတယ်။
အနူဟာ
တခါနူပြီးရင်
နောက်တခါ လူတောထဲတိုးလို့မရတော့ဘူး။
လူပြန်မဖြစ်တော့ဘူး။
ရောဂါတွေလုံးဝပျောက်ကင်းပြီး
အနာကြီးရောဂါပိုး လုံးဝကင်းစင်သွားသည့်တိုင်
အနူဘ၀က
လွတ်ငြိမ်းချမ်းသာခွင့်မရရှာပါဘူး။
သေဒဏ်ကြခံနေရတဲ့သူတွေ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့တွေ့ရင်
မသေတော့ဘူး ၊ လွတ်ခွင့်ရှိတယ်။
အနူက တခါနူပြီးရင်
တသက်လုံးအနူဖြစ်ရတဲ့ဘ၀ဆိုးကြီးပါ။


ဦးမောင်မောင်
နံသာမြိုင်အနာကြီးရောဂါစခန်း
(ဆရာချစ်စံဝင်း ၏ ပိုးကိုက်ပန်း-၂၀၀၅ မေ)
“မြန်မာနိုင်ငံမှာ အနာကြီးရောဂါပိုးကို လုံးဝကင်းစင်တဲ့နေရာ အဖြစ်ကြေငြာမယ်ဆိုရင် နံသာမြိုင်စခန်းကို စိတ်ချလက်ချ ယုံကြည်စွာ ကြေငြာလို့ရပါတယ်၊ ဘာပြုလို့လဲဆိုတော့ ကျွန်တော်တို့က MDT ဆေးပေါင်းစားထားပြီးတဲ့လူတွေလေ၊ ကျွန်တော်တို့က ကမ္ဘာပေါ်မှာ အနာကြီးရောဂါကင်းစင်တဲ့ဒေသ အဖြစ် နံသာမြိုင် ကိုကြေငြာဝံတဲ့အချိန်မှာ ဘယ်နေရာ ဘယ်မြို့၊ ဘယ်ရွာက ကျွန်တော်တို့လိုရဲရဲဝံ၀ံ ကြေငြာလို့ရသလဲ။ မကြေညာနိုင် ကြသေးပါဘူး”

      
        ရန်ကုန်တိုင်းလှည်းကူးမြို့နယ်ရှိ (အနာကြီးရောဂါဒဏ် ခံစားခဲ့ရသော) အဖိုးအဖွားများ ကို စောင့်ရှောက်ထားသည့် `မေတ္တာပရဟိတ´ ဂေဟာသို့ အပါတ်စဉ်လိုလို အနယ်နယ်အရပ်ရပ်မှ လာရောက်လှူဒါန်းကြသော စေတနာရှင် အဖွဲ့အစည်းများ၊ မိသားစုများမှာ ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်း လွန်ခဲ့သော ၁၀ နှစ်ခန့်ကထက် ပိုမိုများပြားလာခဲ့သည်။ မြန်မာလူမျိုးအချင်း ချင်းရိုင်းပင်းကူညီသော စိတ်ဓါတ်ကြောင့် ဂေဟာမှာလည်း ယခင်နှစ်များစွာနှင့်မတူ သိသာစွာတိုးတက် ပြောင်းလဲလာခဲ့သည်။ ထပ်မံ၍လည်း လာရောက်လှူဒါန်းလိုသူများ တိုးပွားနေဆဲ ပင်ဖြစ်သည်။ ယခင်က လူ့အသိုင်းအ၀ိုင်းမှ အပယ်ခံ ဒုက္ခိတများကို လူထုက မေတ္တာတရားရှေ့ထားပြီး ကိုယ်ချင်းစာစိတ်ဖြင့် ကူညီထောက်ပံပေးနေသော်လည်း လာရောက်လှူဒါန်းသူများ၏ စိတ်ထဲတွင် ဤရောဂါနှင့် ပါတ်သက်သော မေးခွန်းများက တပုံတပင်ရှိနေသည်။
        လာရောက်လှူဒါန်းသူ အတော်များများသိလိုသော အဓိကကျသည့် မေးခွန်းမှာ ဤရောဂါသည် သူတို့ထံ (လာရောက်လှူဒါန်းသူများ) သို့ရော ကူးစက်နိုင်ပါသလား? ဆိုသည့် မေးခွန်းပင်ဖြစ်သည်။ အခြား သံတူကြောင်းကွဲ မေးခွန်းများရှိသော်လည်း အရင်းစစ်ကြည့်လျှင် ဤမေးခွန်းဆီသို့သာ ဦးတည်လာသည်ချည်းသာဖြစ်ပါသည်။ အင်မတန်မှ အဓိကကျသော ကျန်းမာရေး အသိရှိသူတိုင်း တွေးမိမည့် မေးခွန်း ဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ ယခုအချိန်တွင် SARS လို ကြက်ငှက် တုပ်ကွေးလို လေထဲမှတဆင့် ပျံနှံပြီး လျှင်မြန်သော နူန်းဖြင့်ကူးစက်သည့် ကြောက်စရာ ကောင်းသော ရောဂါ များကလည်း တခုပြီးတခု ဖြစ်ပေါ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် ထိုမေးခွန်းကို ဖြေဆိုရန် ပထမဆုံး အနာကြီးရောဂါ အကြောင်း အနည်းအကျဉ်းမျှ သိထားသင့်သည်မဟုတ်ပါလော။
        ကျွန်တော်ကိုယ်တိုင်ပင် ငယ်စဉ်ကတည်းက အနာကြီးရောဂါသည်များနှင့် ထိတွေ့ခဲ့ရသည်။ ကျွန်တော့်အဖိုးမှာ အနာကြီးရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်း စစ်မျက်နှာမှတိုက်ခဲ့သော ကျန်းမာရေးမှူးတဦးဖြစ်သောကြောင့် အနာကြီးရောဂါသည် များနှင့် ၂ တန်းအရွယ်မှစ၍ ရင်းနှီးခဲ့ရသည်။ အဖိုးဆီသို့လာပြသည့်လူနာများတွင် အရေတရွှဲရွှဲ တွန်းလှည်းပေါ်တင်လာရသော လူနာများ တကိုယ်လုံး မြင်မကောင်းအောင် အဖုအပိန့်ထနေသော ကြောက်စရာ လူနာများအပြင် လူသိမှာ ရှက်သဖြင့် တိုးတိုးတိတ်တိတ်လာပြသော ကျွန်တော်တို့ကျောင်းမှ ဆရာမကြီးလို အကွက် စတွေ့သော လူနာများကလည်းမနည်း ။အဖိုးက ရမည်းသင်းမြို့ဘေးနားရှိ ကျေးရွာများတွင် ကွင်းဆင်းကုသရာတွင် အကြောင်း တိုက်ဆိုင်ပါက ကျွန်တော့်ကိုပါ ခေါ်သွားလေ့ရှိသဖြင့် အနာကြီးရောဂါ သည်များသည့် ကျွန်တော့်၏ အထိန်းတော်များ လို ဖြစ်နေသည်။ ကျောင်းပိတ်ရက် များတွင် အဖိုးဆေးထိုးဆေးပေး သည်ကို ကူညီ လုပ်ကိုင်ပေးလေ့ရှိသော်လည်း (များသောအား ဖြင့် ဆေးထည့်သော ပလတ်စတစ် အိတ်အား ဖယောင်းတိုင်ဖြင့် ပိတ်ခြင်းမျှသာ) ထိုဝေဒနာသည်များကို တော့ ကျွန်တော်ရွံ့သည်။ ထိုစဉ်ကတည်းက `ငါ့ကိုများကူးရင်ရော´ဆိုသည့် အတွေး ၀င်သဖြင့် အဖိုးကိုမေးဖူးသည်။ `အဖိုး….သားတို့ကို ကူးရင်ဘယ်လိုလုပ်မလဲ´ ဟုမေး ကြည့်ရာ အဖိုးက `ငါ ကုပေးမှာပေါ့ကွာ´ ဟုပြန်ဖြေသဖြင့် ကျွန်တော် ကျေနပ်သွား သည်။ ထိုအရွယ်တွင် ထိုအဖြေသည် ကျွန်တော့်အတွက်လုံလောက်သည်။ အဖိုးလုပ် သူက အာမခံမှတော့ ဘာကြောက်စရာလိုသေးလည်းဟု တွေးမိဟန်တူပါသည်။
 လူနာများကို ခံတောင်းမြှောင်နေအောင်ကျိုက်ခိုင်း၍ နေရောင်ထဲတွင် အရေပြားပေါ်မှ အကွက်များလိုက်ရှာရသည့်အလုပ်ကို ကျွန်တော် သဘောအကျဆုံး ဖြစ်သည်။ မျက်စိ မကောင်းသော အဖိုးအား ` အဖိုးရေ…. ဟိုနားမှာတကွက်… ဒီဘက်ဘေးမှာတကွက်´ စသဖြင့် လျှာရှည်ရသည်ကို အာတွေ့ခဲ့သည်။ အဖိုးကလည်း တခါမျှ မောင်းမထုတ်။ ထိုအချိန်က MDT မပေါ်သေး။ ဒက်ပဆုန်း (၁၉၄၀ မှ စတင်ပေါ်ပေါက်ခဲ့ပြီး အနာကြီးရောဂါပိုးမှ ဆေးယဉ်သွားသဖြင့် နောက်ပိုင်းတွင် MDT နှင့် အစားထိုးခဲ့သည်) နှင့် ပရန်တီစလုန်း သာအပေးများသည်။အနာကြီးရောဂါအပြင် အခြားသော အရေပြားရောဂါများကလည်း သင်္ကာမကင်း၍ လာပြကြသည်များလည်း ရှိသည်။  ဆေးပေးပြီး လူနာများကို `ငပိငါးခြောက် ငံပြာရည်မစားရ၊ မြေပေါ်တတောင် မြေအောက် တတောင်မစားရ…´ အစချီသော ကျန်းမာရေးဟောပြောမှုကို အဖိုးက ကျွန်တော့်အား အလွတ်ကျက်ခိုင်းပြီး အချို့လူနာများကို ပြောစေသည်။ ထိုစဉ်အချိန်က ငပိငါးခြောက်နှင့် အနာကြီးရောဂါ ဘာဆိုင်လို့လဲဟုတွေးမိသော်လည်း မမေးမိ။ မြေပေါ်တတောင်မြေအောက်တတောင် ဆိုတာလည်း သေချာနားမလည်။ သို့သော် အနာကြီးရောဂါရှင်များကိုတော့ မကြောက်တော့။ ကူးစက်ခံရလျှင်ရော ဆိုသည့် အတွေးကတော့ ကျွန်တော့်ခေါင်းထဲတွင် အမြစ်မပြတ်ခြင်သေး။ ထို့ကြောင့် အသက်ကြီးလာချိန် ဆေးကျောင်းရောက်ချိန်မှ `ထိုစဉ်က ငါတို့ ဒီလောက်နီးစပ်ခဲ့ပြီး ဘာလို့မကူးတာပါလိမ့်´ ဆိုသော မေးခွန်းကို စာအုပ်စာပေ များနှင့် အဖြေထုတ် ကြည့်ရတော့သည်။
        ပထမဆုံး ထိုမေးခွန်းအား မဖြေဆိုမီ `အနာကြီးရောဂါသည်´ ဆိုသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ဦးစွာရှင်းပြလိုပါသည်။ အလှူရှင်များကြားတွင် `မရမ်းချောင်းမှ အနာကြီး ရောဂါသည်တွေ´ ဆိုသော စကားကို မကြာခဏကြားနေရသည်မှာ စိတ်မကောင်းစရာ ပင်ဖြစ်သည်။ အနာကြီးရောဂါဖြစ်နေသည်ဟု သတ်မှတ်ရန် လူတစ်ယောက်သည် အောက်ပါရောဂါလက္ခဏာ (၃) ချက်အနက်မှ အနည်းဆုံးတချက်ရှိရမည်ဖြစ်သည်။
1.  အရေပြားပေါ်တွင် ကွက်၍ အရောင်ဖျော့နေခြင်း၊ နီမြန်းနေခြင်း၊ ထိ နာ ပူ အေး မသိပဲထုံနေခြင်း။
2.  အာရုံကြောပျက်စီးသည့် လက္ခဏာဖြစ်သော ထိ၊ နာ၊ ပူ၊ အေး မသိခြင်း၊ ခြေလက်မျက်နှာရှိ ကြွက်သားများ အားနည်းခြင်း၊ လှုပ်ရှားမရခြင်းနှင့် အာရုံကြောကြီးခြင်း။
3.  အရေပြားအကွက်မှ အသားခြစ်စမ်းသပ်ရာတွင် ပိုးတွေ့ခြင်း။
 `အနာကြီးရောဂါသည်ဆိုသည်မှာ အနာကြီးရောဂါလက္ခဏာများရှိပြီး ၊ ဆေးစံချိန်ပြည့် မစားရသေးသူကိုဆိုလိုပါသည်။ပြည့်စုံသောအထောက်အထားမရှိပဲနှင့် အနာကြီးရောဂါ သည်ဟု အမည်မတပ်ရ။´
ဟု ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် အနာကြီးရောဂါတိုက်ဖျက်ရေးလက်စွဲ စာအုပ်ထဲတွင် ဖော်ပြထားသည်။
                အနာကြီးရောဂါ နှင့် မှားတတ်သော အခြားရောဂါ ပေါင်း ၂၂ မျိုးခန့်ရှိနေသေးရာ မိမိကိုယ်တိုင်ရောဂါနာမည်တပ်ခြင်းထက် ကျွမ်းကျင် သောဆရာဝန်နှင့်ပြသတိုင်ပင်ကြည့်ပြီးမှသာ အနာကြီးရောဂါဟု အမည်တပ်ရပါမည်။ ၎င်းတို့ထဲတွင် ပွေး၊ နှင်းခူ၊ ညှင်း၊ သမင်ဖြူ၊ အင်ပြင်၊ မွေးရာပါအမှတ်များ၊ ဆစ်ဖလစ်၊ အရေပြားတီဘီ၊ အဆီဖုများ၊ ဆီးချိုရောဂါ၊ အာရုံကြောထိခိုက်မိခြင်း စသည့်ရောဂါများ ပါဝင်သည်။
         မရမ်းချောင်း မေတ္တာပရဟိတမှ လူအားလုံးသည် MDT ဆေးပေါင်းကို ဆေးပါတ်လည် အောင်သောက်ပြီးသည့် လူနာများဖြစ်သည့် အတွက် ၎င်းတို့ကို `အနာကြီးရောဂါသည်´ ဟု အမည် မတပ်ရပါ။ ၎င်းတို့သည် `အနာကြီးရောဂါဒဏ် ကြောင့် ကိုယ်လက်အင်္ဂါပျက်စီးရခဲ့ရသည့်လူများ´ သာ ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် အနာကြီးရောဂါ ပျောက်ကင်းပြီး ပိုးကင်းစင်သော လူများသာဖြစ်ပါသည်။ သို့သော် အချို့သောဝေဒနာရှင် များတွင် အနာကြီးရောဂါ ဝေဒနာကြောင့် ပျက်စီးသွားခဲ့ရသော အာရုံကြောများမှာ ပြန်လည်ကောင်းမွန်လာခြင်း မရှိတော့သဖြင့် နောက်ဆက်တွဲဝေဒနာ များ ဆက်လက်ခံစားနေရဆဲလူနာများသာ ဖြစ်ပါသည်။
        အနာကြီးရောဂါ၏ အဓိပ္ပါယ်ဖွင့်ဆိုပုံကို ရှင်းပြပြီးနောက်ပိုင်းတွင် အနာကြီးရောဂါ ကူးစက်ပျံပွားပုံအကြောင်းကို အကျဉ်းချုပ်ဖော်ပြလိုပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်က တည်းကပင် ဆရာကြီးဒေါက်တာတင်ရွှေရေးသည့် အနာကြီးရောဂါနှင့် ပါတ်သက်သည့် စာအုပ်များစွာ ထွက်ရှိပြီးဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဆရာရေးထားသော စာအုပ်များကို ပြန်လည်ဖတ်ရှုစေလိုပါသည်။

         
        အနာကြီးရောဂါဆိုသည်မှာ ကူးစက်တတ်သောနာတာရှည်ရောဂါတမျိုးဖြစ်ပြီး Mycobacterium Leprae (တီဘီဖြစ်ပွားစေသောပိုးနှင့် မျိုးစိတ်တူ) ကြောင့်ဖြစ်ရပါ သည်ကို နော်ဝေနိုင်ငံမှ သိပ္ပံပညာရှင် ဒေါက်တာဟန်ဆန်(Dr.G.A.Hansen) က ၁၈၇၃ ခုနှစ်တွင် အတိအကျ ဖော်ထုတ်နိုင်ခဲ့သည်။ အနာကြီးရောဂါသည် အဓိကအားဖြင့် အရေပြား၊ နာဗ်ကြောများ၊ အသက်ရှုလေပြွန် အထက်ပိုင်း နှင့် အသက်ရှုလမ်း ကြောင်းကိုလည်းကောင်း၊ မျက်စိ ကိုလည်းကောင်း ထိခိုက်ပျက်စီးစေတတ်ပါသည်။ ဦးနှောက်နှင့်အာရုံကြောမကြီးအား ထိခိုက်ပျက်စီးမှု မရှိပါ။
        အနာကြီးရောဂါသည် အသက်အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်ပွားစေပါသည်။ ရောဂါစ၀င်ချိန်မှစတင်၍ရောဂါလက္ခဏာများပြချိန်အထိ ရောဂါပျိုးချိန်မှာ ပျှမ်းမျှ (၃) နှစ်မှ (၅) နှစ်အထိ အလွန်ကြာတတ်ပါသည်။ ရောဂါပိုးရှိသူတဦးမှ အခြားလူများကို တိုက်ရိုက်ကူးစက်ပြီး ငှက်ဖျားကဲ့သို့ ကြားခံလက်ခံကောင် (ခြင်) မရှိပါ။ သို့သော် ကူးစက်ခံရမှုမှ အနာကြီးရောဂါလက္ခဏာဖြစ်ပေါ်သူ အနည်းငယ်သာရှိပါသည်။ အနာကြီးရောဂါသည် ဆေးကုသခံယူနေရခြင်းမရှိသော လူနာများထံမှ အခြားလူများသို့ အသက်ရှုလမ်းကြောင်းနှင့်အရေပြားတို့မှတဆင့်ကူးစက်ပါသည်။ ဆင်းရဲချမ်းသာမရွေး ကူးစက်သောရောဂါမဟုတ်သည့်အပြင် မျိုးရိုးလိုက်၍ဖြစ်ပွားတတ်သော ရောဂါမဟုတ် ပါ။သို့သော် အနာကြီးရောဂါသည်များနှင့် ကြာရှည်နေထိုင်သူများတွင် ပိုမိုကူးစက်ပျံပွား  ကြောင်းတွေ့ရှိရပါသည်။
         အနာကြီးရောဂါဝင်ရောက်ခံရသူတိုင်း ရောဂါမဖြစ်ပါ။ အနာကြီးရောဂါဖြစ်ပွားသူ အများစုတွင် ရောဂါပိုးတိုက်ဖျက်သောကိုယ်ခံအား (Cell Mediated Immunity_CMI) လျော့နည်းနေကြောင်းတွေ့ရှိရသည်။ CMI အနည်းအများပေါ်လိုက်၍ ရောဂါအမျိုး အစားပါ ကွဲပြားသွားသည်။ အနာကြီးရောဂါ သည် နေရာဒေသမရွေး မည်သည့် ပါတ်ဝန်းကျင်တွင်မဆို ကူးစက်ပျံနှံနိုင်ပါသည်။ သို့သော် ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် ပိုမိုအဖြစ်များ ခဲ့ကြောင်းတွေ့ရှိရသည်။
        အနာကြီးရောဂါတွင် ရောဂါပင်ရင်း နှင့် ရောဂါသိုလှောင်ရာဌာနမှာ လူပင် ဖြစ်သည်။ MDT ဆေးဖြင့်ကုသခြင်းမခံရသေးသောလူနာ (Undetected patients / Hidden cases) များသည် ရောဂါပင်ရင်းနှင့် ရောဂါသိုလှောင်ရာ ဌာနများဖြစ်နေတတ် သည်။ ၎င်းလူနာများသည် MDT ဆေး တစ်ကြိမ် သောက်ပြီးရုံမျှဖြင့် အခြားသူများကို ကူးစက်မှုလုံးဝမရှိတော့ပါ။ အနာကြီးရောဂါပိုးသည် ရောဂါသိုလှောင်ရာလူ၏ အရေပြားအနာ (Lepromatous ulcer) များမှသော်လည်းကောင်း ၊ နှာရည် မှ သော် လည်းကောင်း ကိုယ်ခန္ဒာပြင်ပသို့ထွက်နိုင်ပါသည်။ ထိုသို့ထွက်ပြီးနောက် ရောဂါပိုး ကူးစက်ခံရမည့် ရောဂါလက်ခံသူထံသို့ ပွန်းပဲ့ဒဏ်ရာမှလည်းကောင်း ၊ လေထဲမှသော် လည်းကောင်း တိုက်ရိုက်ကူးစက်ပါသည်။ ကြားခံကောင်မရှိပါ။
        မရမ်းချောင်းပရဟိတ ဂေဟာမှ လူနာများသည် MDT ဆေး ကို ဆရာဝန် ဆရာမများ၏ စနစ်တကျ စောင့်ကြပ်ကြည့်ရှုမှု အောက်တွင် မှတ်ပုံတင်ပြီး ဆေးပါတ်လည်အောင် သောက်ပြီး သောလူနာများ (Treated cases) ဖြစ်သော ကြောင့်အခြားသူများကို ကူးစက်မှု လုံးဝမရှိနိုင်တော့ပါ ဟု ဖြေနိုင်ပါသည်။ ၎င်းတို့တွင် ဖြစ်ပွားနေသော အနာများမှလည်း အာရုံကြောပျက်စီးခြင်း၊ သွေးလှည့်ပါတ်မှု ပျက်စီးခြင်း၊ ထုံနာပူထိ မသိခြင်းမှ ဒဏ်ရာရပြီး ပိုးဝင်ခြင်း၊ အဟာရချို့တဲ့ခြင်း တို့ကြောင့်ဖြစ်ပွားနေသော အနာ များသာဖြစ်ပါသည်။ အနာကြီးရောဂါပိုးကြောင့် ဖြစ်ပွားနေသော ရောဂါများ လုံးဝ မဟုတ်ပါ။ မရမ်းချောင်းဂေဟာရှိ အဖိုးအဖွားများကို အနီးကပ် စောင့်ရှောက်ပေးနေသည့် ကလေးသူငယ်များတွင်လည်း ရောဂါကူးစက်ခံ ရမှု လုံးဝမရှိသည့်အပြင် MDT ဆေးပေါင်းစနစ်တကျသောက်ထားသည့် လူများဖြစ် သောကြောင့် ၅ နှစ်အတွင်း နောက်ထပ်လူနာသစ်တွေ့ရှိမှု မရှိသောရွာအဖြစ် ရပ်တည် နိုင်ပြီဖြစ်ပါသည်။ သို့သော် ဆေးပညာသဘော နှင့် ရောဂါပိုးများ၏ မျိုးရိုးဗီဇ အစဉ်တစိုက်ပြုပြင် ပြောင်းလဲတတ်သောသဘောများကြောင့် လုံးဝကူးစက်နိုင်စွမ်း မရှိတော့ပါ ဆိုသည့် စကားအစား ကူးစက်နိုင်စွမ်း(လုံးဝနီးပါး)မရှိတော့ပါ ဟု ပြောင်းလဲ သုံးစွဲလျှင် ပိုမိုသင့် လျှော်ပါမည်။

        ကမ္ဘာပေါ်တွင် နှစ်စဉ်လူ ၇၅၀ ၀၀၀ ခန့် အနာကြီးရောဂါကူးစက်ခံနေရပြီး အများစုမှာ ကလေးများဖြစ်သည်။ ကမ္ဘာအနာကြီးရောဂါရှင်ဦးရေ၏ ၇၀%သည် အိန္ဒိယ၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ မိုဇမ်ဘီ၊ မဒါဂတ်စကား၊ တန်ဇန်နီးယား နှင့် နီပေါနိုင်ငံ တို့တွင်ဖြစ်သည်။ သို့သော် ကမ္ဘာကျန်းမာရေးအဖွဲကြီးက သတ်မှတ်ထားသည့် ရောဂါဖြစ်ပွားမှုများသည့်နိုင်ငံ ၁၆ နိုင်ငံကျန်ရှိနေသည့်အထဲတွင် မြန်မာနိုင်ငံပါဝင်သည့် အတွက် ၁၉၉၁ ခုနှစ်မှစ၍ MDT ဆေးပေါင်းတိုက်ကျွေးရေးလုပ်ငန်းများကို အစိုးအရအဖွဲ့အစည်းများ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းများ၊ မီဒီယာများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၀၃ ခုနှစ်တွင် မြန်မာ နိုင်ငံအား လူဦးရေ သန်း ၅၀ တွင် မှတ်ပုံတင်ထားသော အနာကြီးရောဂါသည် ၅၀၀၀ အောက်သာရှိတော့သဖြင့် အနာကြီးရောဂါကင်းစင်သော နိုင်ငံအဖြစ် ကြေငြာခဲ့သည်။ ၁၉၉၅ မှ ၂၀၀၀ပြည့်နှစ်အထိ လိုအပ်သော MDT ဆေးဝါးများကို Nippon Foundation မှ လှူဒါန်းခဲ့ပြီး ၂၀၀၁ မှ ၂၀၁၀ ခုနှစ်အထိ လိုအပ်သောဆေးဝါးများကို Novartis Foundation မှ လှူဒါန်းရန် ကမ္ဘာကျန်းမာရေးအဖွဲ့အား ကတိပြုပြီးဖြစ်ပါသည်။
        သို့သော် အနာကြီးရောဂါသည် ကျောက်ရောဂါကဲ့သို့ ကာကွယ်ဆေးရှိသည့် ရောဂါမဟုတ်ခြင်းကြောင့် နှစ်စဉ်လူနာအသစ်အနည်းငယ်ကို ဆက်လက်ဖော်ထုတ် ဆေးဝါးကုသပေးလျှက်ရှိပါသည်။ အနာကြီးရောဂါ ဝေဒနာကိုခံစားခဲ့ရသော ဝေဒနာ ရှင်များကို ယခင်က လူအသိုင်းအ၀ိုင်းမှ ပယ်ကျဉ်၍ လိင်အပျော်ပါးလိုက်စားမှု ကြောင့် ဖြစ်သောရောဂါ၊ မျိုးရိုးလိုက်သည် နူနာရောဂါ စသည့်ဖြင့် မသိနားမလည်သူများက ရှောင်ဖယ်ထားကြသော်လည်း အသိပညာကြွယ်ဝလာသည့် မြန်မာလူမျိုးများ၏ ဖေးမ စောင့်ရှောက်မှုဖြင့် အနာကြီးရောဂါအား မြန်မာ့မြေပေါ်မှ လုံးဝတိုက်ထုတ်နိုင်မည်ဆိုပါ မရမ်းချောင်း၊ ရေနံသာ၊ မြရတနာ (စစ်ကိုင်း)၊ တောင်ဝိုင်း (မော်လမြိုင်) စသည့် နေရာများမှ အနာကြီးရောဂါခံစားခဲ့ရသူများသည် မြန်မာ့သမိုင်းတွင် အနာကြီး ရောဂါ ဖြစ်ပွားခဲ့ဖူးသည့် နောက်ဆုံးမျိုးဆက်များသာ ဖြစ်သွားနိုင်ပါသည်။
        ထို့ကြောင့် မရမ်းချောင်းပရဟိတဂေဟာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် လှူဒါန်းလိုသူများအနေဖြင့် အနာကြီးရောဂါ၏ ဗီဇရုပ်ကို တီးခေါက်မိစေရန်နှင့် သံသယ ရှင်းစွာလှူဒါန်းနိုင်ရေးအတွက် တတ်စွမ်းသည့်ဘက်မှ တင်ပြထားခြင်းသာဖြစ်ပါသည်။ မြန်မာလူမျိုးအချင်းချင်းရိုင်းပင်းကူညီဖေးမခြင်းဖြင့် မြန်မာ့မြေကို ပိုမိုစိမ်းလန်းအောင် ဖန်တီးနိုင်ကြသူများ ဖြစ်ကြပါစေ…………….။

တောကျီးဂန်း (ခေတ္တ-မင်းကုန်း)
၉ နိုဝင်ဘာ ၂၀၁၀
ကိုးကား
1.   Davidson’s PRINCIPLES AND PRACTICE OF MEDICINE 20TH EDTION
2.   အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းလက်စွဲ/ကျန်းမာရေးဝန်ကြီးဌာန/၂၀၀၈ဖေ။
3.   AN ATLAS OF LEPROSY; SASAKAWA MEMORIAL HEALTH FOUNDATION.1983 EDTION
4.   A GUIDE TO ELIMINATING LEPROSY AS A PUBLIC HEALTH PROBLEM/MINISTRY OF HEALTH; MYANMAR.
5.   ပိုးကိုက်ပန်း-ချစ်စံဝင်း (၂၀၀၅)

Wednesday, December 21, 2011

ကင်ဆာနတ်ဆိုးများအပေါ် အောင်နိုင်ခြင်းလော




             မလေးရှားနိုင်ငံ ဆီလန်ဂေါ ပြည်နယ်မှ အသက် ၅၃ နှစ် အရွယ်ရှိ ကာမာလာဗဲနီ နာဗာရာဂျန်ထံတွင် သွေးဖြူဥ ကင်ဆာဖြစ်ပွားနေကြောင်း ၁၉၉၉ ဖေဖေါ်ဝါရီလတွင် ဆရာဝန်များက အတည်ပြုပေးနိုင်ခဲ့သည်။
ကင်ဆာရောဂါ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူမငယ်စဉ်ကပင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ သူမအသက် ၁၁ နှစ်အရွယ်  ဖခင် သွေးဖြုဥကင်ဆာဖြင့် ကွယ်လွန်သွားခဲ့စဉ်က သူမထံတွင် အဆိုပါရောဂါဆိုးကို အမွေ ဆက်ခံရလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ ယခု သူမအသက်မှာ ၄၀ ကျော် ။ သူမတွင် မဆုံးနိုင်သော အိပ်မက်များစွာ ရှိနေသေးသည်။
          သူမ၏ ဘေလုံး (Spleen) မှာ တနေ့တခြားကြီးထွားလာပြီး ဆရာဝန်များက သူမအား နောက်ထပ် ၃ နှစ်သာ ဆက်လက် အသက်ရှင်နိုင်တော့မည်ဟု ခန့်မှန်းထားကြသည်။ ဆရာဝန်များက သူမအား ပြင်းထန်သော ကင်ဆာဆေးဝါးများဖြင့်ကုသရန် တိုက်တွန်းသော်လည်း သူမလက်မခံ။ အဆိုပါဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို ဖခင်ရောဂါဖြစ်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသဖြင့် အကြောက်ကြီးကြောက်လျက်ရှိသည်။ သို့သော် သူမတွင်ရှိသော ကင်ဆာဆဲလ်များ ကြီးထွားမှုကို နှောင့်နှေးစေရန်အတွက် ကူလာလမ်ပါရှိ ဆေးရုံတခုတွင် ဟိုက်ဒရောက်ဆီ ယူရီးယား ခေါ် ဆေးတမျိုးကို ပုံမှန်သွင်းနေရသေးသည်။ သူမ၏ ဘေလုံးအရွယ်အစားသေးသွားသော်လည်း သွေးဖြူဥများ၏ အနေအထား ပုံမှန်သို့ပြန်ရောက်ရန် ထိုဆေးက မစွမ်းဆောင်နိုင်ပေ။
          ၂၀၀၆ ခုနှစ်တွင် သူမ၏ ဆရာဝန်က မလေးရှားသို့ အသစ်ရောက်လာသော ကင်ဆာဆေးဝါးသစ် တမျိုးနှင့် စမ်းသပ်ကုသကြည့်ရန် တိုက်တွန်းလာသည်။ နောက် ၆ လအကြာတွင် အဆိုပါဆေးအသစ်ဖြင့် စမ်းသပ်ကုသရန် သူမသဘောတူလိုက်တော့သည်။ သူမအား ဂလီဗက် (Glivec) ခေါ် ဆေး၏ ဒုတိယ မျိုးဆက်သစ်ဖြစ်သော တက်ဆစ်ဂနာ (Tesigna) ခေါ် ဆေးဖြင့် ၂ နှစ်တာ ကုသကြည့်သော အခါ အခြေအနေမှာ တမျိုးတဖုံပြောင်းလဲသွားတော့သည်။
          ဘေလုံး၏ အရွယ်အစား ပုံမှန်ပြန်ရောက်လာပြီး သွေးဖြူဥ ပမာဏ နှင့် အရည်အသွေးမှာလည်း သာမန်လူတယောက်နီးပါး ပြန်ဖြစ်လာတော့သည်။ရောဂါစဖြစ်ပြီး ၁၀ နှစ်အကြာတွင် သူမအခြေအနေမှာ သာမန်လူကောင်းတယောက်ကဲ့သို့ သွားလာလှုပ်ရှားနိုင်လာပြီဖြစ်သည်။သူမကိုယ်တွင် မလေးရှား ကင်ဆာကောင်စီ တွင် စေတနာ့ ၀န်ထမ်းအဖြစ် လုပ်ကိုင်လျက်ရှိပြီး ကင်ဆာဝေဒနာရှင်များအား ဆေးရုံတွင်လည်းကောင်း ၊ နေအိမ်တွင်လည်းကောင်း လိုက်လံ နှစ်သိမ့်ဆွေးနွေး ပညာပေးလျက်ရှိသည်။

          ‘ tesgina က အရင်တုန်းက သက်တမ်းစေ့ မနေနိုင်တဲ့ CML ( Chronic Myeloid Leukemia ) ဝေဒနာရှင်တွေကို အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်” 
ဟု ကူလာလမ်ပါရှိ Ampang ဆေးရုံမှ သွေးရောဂါဆိုင်ရာ အတိုင်ပင်ခံဆရာဝန်ကြီး ဒေါက်တာ Chang Kian Meng ကပြောသည်။ CML သည် မျိုးရိုးလိုက်တတ်သော သွေးဖြူဥများတွင် ဖြစ်ပွားသည့် ရောဂါတမျိုးဖြစ်သည်။ CML ဖြစ်နေသော လူနာအများစုမှာ ပင်မဆဲလ် အစားထိုးကုသမှု (Stem Cell Transplant ) တနည်းဆိုသော် ရိုးတွင်းချဉ်ဆီ အစားထိုးကုသမှု မခံယူပါက ၃ နှစ်မှ ၅ နှစ်အတွင်းသာ ဆက်လက်အသက်ရှင်နူိုင်ကြသည် ဟု ဒေါက်တာချန် က ရှင်းပြသည်။ Tesigna သည် မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ကင်ဆာဆဲလ်များကြီးထွားရာတွင် အထောက်အကူပြုသည့် ပုံမှန်မဟုတ်သော ပရိုတင်းများကို တားဆီးပေးခြင်းဖြင့် ကင်ဆာဆဲလ်များ တဖြည်းဖြည်းသေဆုံးစေရန် အထောက်အကူုပြုသည်။
၂၀၀၆ ခုနှစ်တွင် Glive ဆေးမတိုးတော့သော စင်ကာပူနှင့် မလေးရှားရှိ လူနာများအတွက် Tesgina ဆေးဖြင့် အစားထိုးပြောင်းလဲကုသခဲ့ရာ လူနာ ၄၀-၅၀% မှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။ ဤရလာဒ်ကြောင့် Tesgina ဆေးဝါး ဈေးကွက်အတွင်း အသုံးပြုနိုင်ရေးအတွက် အတည်ပြုနိုင်ခဲ့သည်ဟု ဒေါက်တာချန်းက မှတ်ချက်ပြုသည်။
“ အခုဆို ကင်ဆာရောဂါဟာ သေမိန့်ချခံထားရသလို မလွဲမသေ သေရတော့မယ့်ရောဂါတခု မဟုတ်တော့ပါဘူး။ ဥပမာ အနေနဲ့ပြောရရင် အူမကြီးကင်ဆာ အဆင့်-၁ လူနာတွေမှာဆိုရင် သက်တမ်းစေ့နေနိုင်ဖို့က ၉၀% လောက်ကို အာမခံချက်ရှိလာပါပြီ” ဟု စင်င်္ကာပူရှိ မောင့်အဲလီဇဘက် ဆေးရုံမှ  ကင်ဆာဗေဒ ပညာရှင် ဒေါက်တာ Kong Hwai Loon က ပြောကြားသွားခဲ့သည်။

          စင်္ကာပူ ကင်ဆာလူနာ မှတ်ပုံတင်ဌာန၏ စာရင်းများအရ လူနာများ၏ ပျမ်းမျှ အသက်ရှင်နှုန်းမှာ ၁၉၇၃ မှ ၂၀၀၂ နှစ်အတွင်း များစွာ တိုးတက်လာခဲ့သည်။ ၅နှစ် အသက်စံပြု ပျမ်းမျှ အသက်ရှင်နိုင်မှုအချိုး (5 years Age Standardized Relative Survival Ratio – ASRS) မှာ အမျိုးသားများအတွက် ၁၉၇၃ မှ ၁၉၈၅ အတွင်း ၁၁.၆ % သာရှိခဲ့ရာမှ ၁၉၉၈-၂၀၀၁ ခုနှစ်အတွင်း ၃၆% အထိ တိုးတက်လာခဲ့သလို အမျိုးသမီးများတွင် ၂၀.၁%မှ ၄၄.၂% သို့ တိုးတက်လာခဲ့သည်ဟု သိရသည်။
          လွန်ခဲ့သော ၆နှစ်ခန့်က လူနာအများစုအတွက် အသက်ရှင်နိုင်ရန် မလွယ်ကူသည့် ဦးနှောက်ကင်ဆာကျိတ် (ဂလီယို ဘလတ်စတိုးမား) ရောဂါရှင်များသည် ယနေ့ခေတ်တွင် ၁၄ လအထိ အသက်ရှင်နိုင်အောင် ဆွဲဆန့်နိုင်ပြီဖြစ်သည်။ ယခင်က ရောဂါ အမည်တပ်ပြီး တနှစ်အတွင်းတွင် အသက်ဆုံးရှုံးရသော ရောဂါမှာ လက်ရှိ အခြေအနေတွင် ၅ နှစ်ခန့် အသက်ရှင်နိုင်သော လူနာ ၁၀% ခန့်ပေါ်ထွက်လာပြီဟု ဖိလစ်ပိုင် စိန့်လုခ် ဆေးရုံ၏ ဦးနှောက်အဖုအကျိတ် လေ့လာရေးစင်တာ၏ အကြီးအကဲ ဒေါက်တာ ဂျုလက်တီ မာရီက ပြောကြားသွားခဲ့သည်။
          အချို့ကင်ဆာများအား စောစီးစွာတွေ့ရှိပြီး ဆေးဝါးကောင်းများနှင့် ကုသနိုင်သည့် အခွင့်အလမ်းများစွာ ပေါ်ထွက်လာပြီဖြစ်သည်။ နာဘာရာဂျန်ကဲ့သို့ CML ရောဂါရှင်များသည် Tesgina ဆေးကို တနေ့ ၂ကြိမ် သောက်ရုံမျှဖြင့် သာမန်လူကောင်းကဲ့သို့ နေနိုင်ပြီဖြစ်သည်။
          လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း ဆေးဘက်ဆိုင်ရာ အဏုဇီဝဗေဒ သုတေသနလုပ်ငန်းများ အံသြဖွယ်ကောင်းလောက်တိုးတက်လာခဲ့ရာ ကင်ဆာရောဂါအတွက် ဆေးဝါးကောင်းများလည်း တသီတတန်းထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သော ၁၀ နှစ်ခန့်က ကင်ဆာဆေးသစ်တခုအား မှတ်ပုံတင် အတည်ပြူနိုင်ရန် ၂ နှစ်ခန့် အချိန်ယူ စောင့်ဆိုင်းရသော်လည်း ယခုအချိန်တွင် ၁ နှစ်အတွင်း ကင်ဆာဆေးပေါင်း မြောက်များစွာ ထွက်ပေါ်လာနိုင်သည်အထိ မြန်ဆန်လာသည်။

ပိုမိုကောင်းမွန်လာသော ဆေးဝါးများ

                   ၂၀၀၆ ခုနှစ် သြဂုတ်လ ပထမအပါတ်တွင် ကွီဇွန်စီးတီး နေ မိုနာလီဇာ ရီးရက်စ တွင် ပျို့အန်ပြီး ဆိုးဝါးသည့် ခေါင်းကိုက်ဝေဒနာ စတင်ခံစားလာရသည်။ သူမက မျက်စိပိုင်းရောဂါတမျိုးဟု ယူဆကာ ဆေးရုံရှိ မျက်စိအထူးကုနှင့် သွားပြချိန်တွင် သူမ၏ အသက်မှာ ၂၇ နှစ်ပင်ရှိသေးသည်။
မျက်စိဆရာဝန်က ဦးနှောက်နှင့် အာရုံကြော အထူးကုထံသို့သွားရောက်ပြသစေသောအခါ သူမဦးနှောက် ညာဘက်အခြမ်းတွင် သစ်တော်သီးခန့် အရွယ်အစားရှိသော အကျိတ်တလုံးကို သွားတွေ့သည်။
          “ ကျွန်မ တော်တော်လေးတုန်လှုပ်သွားတယ်…..ကျွန်မမှာ ကင်ဆာမျိုးရိုးလဲမရှိဘူးလေ။ ကင်ဆာဆိုတာကို ကျွန်မလက်ခံဖို့ အတော်လေးကို ခက်ခဲခဲ့ပါတယ်” ဟု သူမခံစားချက်ကို ပြောပြသည်။
          ရီးရက်စ၏ အကျိတ်အား ဆရာဝန်များက ချက်ခြင်းခွဲစိတ်ဖယ်ထုတ်ပေးရန် ကြိုးစားခဲ့ကြသည်။ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း ၊ ကင်ဆာဆေးဝါးများသွင်း၍ ကုသခြင်းများဖြင့် တနှစ်ကျော်ကျော် ကုသပြီးချိန်တွင် ဆရာဝန်များက အကျိတ်အရွယ်စား ပိုကြီးလာသည်ကို သတိပြုမိလာကြသည်။
သူမ မှတ်ဥာဏ်များ တဖြည်းဖြည်းပျောက်ဆုံးလာပြီး နောက်ဆုံး လမ်းမလျှောက်နိုင်သည့် အခြေအနေသို့ရောက်သွားသည်။ သူမ နောက်ထပ် ၂ကြိမ်ထပ်မံခွဲစိတ်ခံ ခဲ့ရသည်။ မေ ၂၀၀၈ တွင် သူမ၏ ဦးနှောက် နှင့် အာရုံကြောဆရာဝန်ကြီးက ကင်ဆာဆဲလ်များကိုသာ ပစ်မှတ်ထား ၍ တိုက်ခိုက်ဖျက်ဆီးသော နီမိုတူဇူမက်ဘ ခေါ်ဆေးသစ်တမျိုးဖြင့် သူမအား စမ်းသပ်ကုသကြည့်သည်။
          နီမိုတူဇူမက်ဘ (Nimotuzumab) သည် အာရှတွင် နောက်ဆုံးရနိုင်သော ပစ်မှတ်တိကျကုထုံး ( Target Threapy) ဆေးသစ်များအနက်မှ တမျိုးဖြစ်သည်။ အဆိုပါဆေးသစ်သည် ကင်ဆာဆဲလ်များကို ကြီးထွားစေသောစနစ်ကို တိကျစွာ သွားရောက်ဖျက်ဆီးနိုင်သည်။
          ယခင်က ကင်ဆာကုသမှုများတွင် သုံးစွဲခဲ့ပြီး ယခုအခါ ဆေးယဉ်သွားသဖြင့် မထိရောက်တော့သော Temozolamide ခေါ်ဆေးတမျိုးအား ပိုမို အစွမ်းထက်လာအောင် သုတေသနပြုလုပ်၍ ပြောင်းလဲတီထွင်ကာ ဈေးကွက်တင်ရန်ကြိုးစားနေကြပြီဖြစ်သည်။ အဆိုပါဆေးကို လဘ္ဘက်စိမ်းမှရသော အက်ပီကယ်လိုကိတ်ချင် ဂဲလိတ် (Epigallocatechin Gallate) ခေါ် ဓါတ်တမျိုးဖြင့် ပေါင်းကာ ကင်ဆာဆဲလ်များ၏ ခုခံနိုင်ရည်ကိုဖျက်ဆီးပြစ်ပြီး ဆေးအာနိသင် အပြည့်အ၀ ရရှိစေရန်အတွက် စမ်းသပ်အောင်မြင်ပြီးဖြစ်သည်။
          “ ကင်ဆာသုတေသနတွေက အခုဆို ပိုပြီးအနူစိတ်လာပါပြီ။ နောက်ဆို လူနာတဦးချင်းစီအတွက် လိုအပ်တဲ့ ဆေးပမာဏကို စနစ်တကျတွက်ချက်ပြီး လိုသလောက်ပဲ တိတိကျကျ ပေးနိုင်တော့မှာပါ” ဟု မနီလာ မယ်ဒီကယ်စီးတီးရှိ အသစ်ပြန်လည်ဖြစ်ထွန်းခြင်း ဆေးပညာ ပရိုဂရမ်၏ အတိုင်ပင်ခံ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဆင်မြူရယ် ဘာနဲလ်က ပြောကြားသွားခဲ့သည်။

 မျိုးရိုးဗီဇကုထုံး

မျိုးရိုးဗီဇ ကုထုံးအတွက် နောက်ဆုံးတွေ့ရှိချက်များအနက် အမေရိကန်ပညာရှင်များ မကြာသေးမီက တွေ့ရှိသော ကုထုံးအသစ်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ကင်ဆာ အကျိတ်များသည် လူ့ခန္ဒာကိုယ် သွေးကြောများမှထောက်ပံသော အဟာရများကို အသုံးပြုကာ လူကို ပြန်လည်ဒုက္ခပေးသည်။ အမေရိကန်ပြည်ထောင်စု ဖလော်ရီဓါ ဆေးပညာကောလိပ်မှ ဒေါက်တာ ဘရက်ဒလေ ဖလက်ချာ ဦးစီးသော အဖွဲ့သည် ကင်ဆာကျိတ်ဆီသို့သွားသော သွေးကြောများကို ထိန်းချုပ်ပိတ်ဆို့နိုင်ရေးအတွက် လေ့လာသုတေသနပြုခဲ့ကြသည်။
          ၂၀၀၉ ဇွန်လတွင် ပုံနှိပ်ထုတ်ဝေသော အဆိုပါအဖွဲ့၏ စာတမ်းတွင် ဇီဝနည်းပညာကို အသုံးပြု၍ ပြုပြင်ထားသော ပရိုတင်းများကို အသုံးပြုကာ ကင်ဆာကျိတ်ဆီသို့သွားသော သွေးကြောများကို ပိတ်ဆို့စေမည့်နည်းကို တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။
          မျိုးရိုးဗီဇ ပြုပြင်ထားသော DNA အပိုင်းအစလေးများကို ကျန်းမာသော ကြွက်တကောင်၏ အဆုတ်ဆဲလ်များအတွင်းထိုးသွင်းပေးလိုက်သောအခါ ကြွက်၏ အဆုတ်ဆဲလ်များက အထူးပရိုတင်းတမျိုးကို သွေးကြောထဲသို့ ထုတ်လွတ်ပေးလိုက်ကြသည်။ အဆိုပါ ပရိုတင်းအသစ်များထဲတွင် ကင်ဆာဆဲလ်များဆီသို့ သွားသည့် သွေးကြောများကို ပိတ်ဆို့ပျက်ဆီးစေသည့် အာနိသင် ပါရှိသည့် အပြင် ကင်ဆာဆဲလ်များ၏ အပြင် မျက်နှာပြင်တွင်ရှိသော အစောပိုင်း သွေးကြောသစ်များဖြစ်ထွန်းစေနိုင်သည်ဟု ယူဆနိုင်သော TEM8 ဟူသော ပရိုတင်းတမျိုးအား ဖျက်ဆီးနိုင်သည့် အာနိသင်ပါ ပါရှိသည်။
          အဆိုပါကုထုံးမှ ရရှိလာသော ပရိုတင်းကြောင့် ကြွက်များတွင် စမ်းသပ်ထားသည့် အူမကြီး ကင်ဆာဆဲလ် ပမာဏ ကို ၅၃% သို့လည်းကောင်း ၊ နောက်ထပ် ကင်ဆာဆဲလ်အသစ် ပွားများမှုကို ၄၉% သို့လည်းကောင်း လျှော့ချပေးနိုင်ခဲ့သည်။
          TEM8 ကို အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အရေပြားကင်ဆာ၊ ဦးနှောက်ကင်ဆာ တမျိုးဖြစ်သည့် Glioblastoma နှင့် အဆုတ်ကင်ဆာအပြင် အခြားကင်ဆာများတွင် တွေ့ရှိရသည်ဟု ဒေါက်တာဖလက်ချာက ထပ်လောင်းပြောကြားခဲ့သည်။
          ယခုအခါ အဆိုပါ ကုထုံးအား ကြွက်ထက်ပို၍ ခန္ဒာကိုယ်အရွယ်အစားကြီးမားသည့် နို့တိုက်သတ္တ၀ါများတွင် ဆက်လက်စမ်းသပ်လျက်ရှိသည်။
          “နောင်တချိန်မှာ ကျွန်တော်တို့လိုချင်တဲ့ ပရိုတင်းကို ဓါတ်ခွဲခန်းထဲမှာတင် ထုတ်လုပ်ပြီး လူတွေကို ထိုးသွင်းကုသနိုင်ဖို့ အထိ ရည်ရွယ်ပြီး ကြိုးစားနေပါတယ်။ အဲဒါက DNA ထိုးသွင်းပြီး ကုသတဲ့ နည်းထက် အများကြီး ပိုပြီး အန္တရာယ်ကင်းပါတယ်”  ဟု ဒေါက်တာ ဖလက်ချာက ဆက်ပြောသည်။

ရောဂါရှာဖွေသည့် နည်းပညာအသစ်များ

          ကင်ဆာရောဂါ ရှာဖွေရာတွင် အသုံးပြုသည့် နည်းလမ်းတခုမှာ Flow Cytometry ခေါ်နည်းပညာဖြစ်သည်။ ဆိုးဆေးကပ်ထားသော အရောင်တောက်ပသည့် ပဋ္ဋိပစ္စည်းများကို အသုံးပြု၍ ဆဲလ်တခုအတွင်းရှိ ကင်ဆာဖြစ်စေနိုင်သည့် ပရိုတင်းများကို ရှာဖွေခြင်းဖြစ်သည်။ လေဘယ်လ် တပ်ထားသည့် ဆဲလ်များကို လေဆာ အလင်းတန်းအောက်တွင် ဖြတ်သွားစေသောအခါ ဆိုးဆေးဆိုးထားသည့် ကွဲပြားသော ပရိုတင်းများထံမှ ကွဲပြားသော လှိုင်းအလျားများထုတ်လွင့်သည်ကို ဖမ်းယူမှတ်သားတိုင်းတာသည်။ သို့သော် အားနည်းချက်မှာ လှိုင်းအလျား တခုနှင့်တခု ထပ်ပြီး ဖမ်းယူရာတွင် မှားယွင်းနိုင်ခြင်းပင်ဖြစ်သည်။
          သို့သော် ယခုအခါတွင် ငွေအမှုန်ငယ်လေးများပါဝင်သည့် ဆိုးဆေးကို အသုံးပြုထားသော ရာမန် နည်းပညာကြောင့် အဆိုပါ အခက်အခဲကို ကျော်လွားနိုင်ပြီဖြစ်သည်။ အဆိုပါ အမှုန်လေးများအား အော်ဂဲနစ် နှင့် အင်အော်ဂဲနစ် နာနိုအမှုန်ငယ်များ စုပေါင်းထားသည့် နည်းပညာ (Composite of Organic and Inorganic Nanoparticle-COIN) ဖြင့်ပြုလုပ်ထားသည်။ အဆိုပါ အမှုန်လေးများမှ ထုတ်လွင့်သည့် ရောင်စဉ်တန်း (Raman Signal) သည် ပရိုတင်းတခုခြင်းစီအတွက် သီးခြားလှိုင်းအလျားဖြင့်ထုတ်လွင့်ပေးသည့်အပြင် ငွေ (Sliver) ပါဝင်သည့်အတွက်ကြောင့် ထုတ်လွင့်ပေးသည်လှိုင်းအလျားများကို ဖမ်းယူရာတွင် တိကျသေချာစေသည်။
          စတန်းဖို့တ် မှ အဖွဲ့တဖွဲ့ကလည်း နာနိုအမှုန်ငယ်များကပ်ထားသော ပဋ္ဋိပစ္စည်းကို အသုံးပြု၍ ဆဲလ်ပါတ်ဝန်းကျင်ရှိ ပရိုတင်းများကို ပုံဖော်နိုင်မည့် နည်းပညာကို စမ်းသပ်လျက်ရှိသည်။ ယေဘုယျအားဖြင့် ရေမန် အချက်ပြစနစ်မှာ အနည်းငယ်အားပျော့သဖြင့် သတ္တုနာနိုအမှုန်အစုအဝေးများအား အင်တင်နာသဖွယ်အသုံးပြုပြီး အချက်ပြစနစ်ကို ပိုမိုအားကောင်းစေရန်ပြုလုပ်ထားသည်။ ပရိုတင်းတခုချင်းစီမှထွက်သော ရေမန်ရောင်စဉ်ကို ဓါတ်ရောင်ခြည်ဖြင့် စောင့်ကြည့်လေ့လာ၍ ကင်ဆာအဖြစ်ပြောင်းလဲမှုရှိမရှိကို သိရှိနိုင်မည်ဖြစ်သည်။
          “ ရေမန်နာနိုအမှုန် တွေကို အသုံးပြုပြီး ပရိုတင်းတခုချင်းစီရဲ့ ပြောင်းလဲမှုတွေကို အသေးစိတ်လေ့လာနိုင်တော့မှာပါ။ အဲဒီလိုသာ ဖြစ်လာခဲ့ရင်တော့ ကင်ဆာ စတင်ဖြစ်ပွားမှု အတွက် အရေးကြီးတဲ့ ပရိုတင်းထဲက အလွန်သေးငယ်တဲ့ ပြောင်းလဲမှုတွေကိုပါ လေ့ လာနိုင်တော့မှာပါ” ဟု စတန်းဖိုဒ် တက္ကသိုလ် Baxter ဓါတ်ခွဲခန်း မျိုးရိုးဗီဇ ဆေးဝါးပညာဌာန၏ အဏုဇီဝဗေဒ နှင့် ကိုယ်ခံအားဆိုင်ရာ အတိုင်ပင်ခံ ပညာရှင် Catherine M Shachaf ကပြောကြားသွားခဲ့သည်။
          ကင်ဆာဖွံဖြိုးကြီးထွားမှုဖြစ်စဉ်တွင် ကင်ဆာဆဲလ်များအတွင်းရှိ ပရိုတင်းများ ပြောင်းလဲမှုကို စောင့်ကြည့်လေ့လာခြင်းဖြင့် ရောဂါပိုဆိုးမဆိုး ၊ ရောဂါနှင့် ဆေးတိုးမတိုး အပြင် အခြားသော ပြောင်းလဲမှုများကိုပါ သိရှိနိုင်မည်ဖြစ်သည်။ အနာဂတ်တွင် ဆဲလ်တခုအတွင်းရှိ မတူညီသော ပရိုတင်း အမျိုးပေါင်း ၃၀ ခန့်၏ ပြောင်းလဲမှုကို စောင့်ကြည့်လေ့လာနိုင်မည်ဟု ပညာရှင်များက မျှော်လင့်ထားကြသည်။

တောကျီးဂန်း ( ဖေ ၅ ၂၀၁၀)
Reference : RDasia (Jan/2010)


















ချစ်ခင်ရပါသော ဒေါက်တာဂူဂဲလ်


           အင်တာနက်သည် ကျွန်တော်တို့လိုချင်သော ကျန်းမာရေးအသိပညာဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပေးနေသည်။ ဤဆောင်းပါးတွင် အဆိုပါ အချက်အလက်များကို မှန်ကန်သင့်လျော်အောင် မည်သို့ အသုံးပြုရမည်ကို ဖော်ပြပေးထားသည်။

            လွန်ခဲ့သော နှစ် ၂၀ ခန့်က ဆိုလျင် သင့်ကျန်းမာရေးနှင့် ပါတ်သက်သော သတင်းအချက်အလက်များကို အဓိကရနိုင်သည့်ရင်းမြစ် တခုတည်းသာရှိသည်။ ထိုရင်းမြစ်ကား သင့်ကို ကုသပေးသော ဆရာဝန်သာ။ သင်ဆေးရုံမှ ပြန်လာလျင် သင်နားမလည်သော အသုံးအနှုန်းများဖြင့် သတ်မှတ်ထားသော သင့်ရောဂါအကြောင်းစဉ်းစားရင်း ခေါင်းချာချာလည် ဖြစ်ကောင်းဖြစ်နေနိုင်သည်။  သိချင်စိတ်ပိုမိုပြင်းပြလာပါက မိသားစုကျန်းမာရေးလက်စွဲကဲ့သို့ စာအုပ်များထဲတွင် တွေ့လိုတွေ့ငြား ရှာကြည့်ချင် ရှာကြည့်နိုင်သေးသည်။ အဲဒီလိုမှ အားမရသေးလျှင် နီးရာစာကြည့်တိုက်သွားပြီး ဆရာဝန်များရေးသည့် စာအုပ်များထဲတွင် မိမိရောဂါမျိုး ပါ မပါ ရှာကြည့်ရုံသည်သာ နောက်ဆုံးဘူတာ ဖြစ်သည်။ ပါတ်ဝန်းကျင်မှ မိမိနှင့်ဆင်တူရောဂါဖြစ်ဖူး သူများထံမှ မေးမြန်းနိုင်သော်လည်း တိကျသော သတင်းအချက်အလက်ကို ရနိုင်ရန် မလွယ်။ ဆေးကုသစရိတ် မည်ရွေ့မည်မျှ ဈေးကြီးကြောင်း ဆရာဝန်များနှင့်သူနာပြုများ ဆက်ဆံရေး ညံဖျင်းကြောင်းများကိုသာ တ၀ကြီး ကြားရနိုင်ဖွယ်ရှိသည်။

            ယခုအချိန်တွင် အရာရာသည်ပြောင်းလဲခဲ့ပြီဖြစ်သည်။ ယနေ့ကာလတွင် ခန္ဓာကိုယ် တနေရာမှ စူးခနဲအောင့်ရုံမျှနှင့် အင်တာနက်ပေါ်တွင် မည်သည့်ရောဂါ ဖြစ်နိုင်သည်ကို တက်ရှာနိုင်သည် ( မှတ်ချက် … မြန်မာနိုင်ငံ မပါသေးပါ… ယခုမှ ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ လက်နှိပ်ဓါတ်မီး တ၀င်းဝင်းနှင့် ချီတက်ဆဲမို့ ခေတ္တတော့ သည်းခံစေလိုပါသည်)။ အင်တာနက်ကို ပုံမှန်သုံးစွဲထိတွေ့နေရသည့် ခေတ်ကာလတွင့်  မိမိကျန်းမာရေးနှင့် သက်ဆိုင်သည့် ကိစ္စများကို အနည်းနှင့်အများတော့ ရှာဖွေလာကြသည်။ ကျွန်တော်တို့ ဖြစ်နေသမျှကို ဂူဂဲလ် ရှာဖွေဘောက်တွင် ရိုက်ထည့်လိုက်ရုံနှင့် ၎င်းနှင့်သက်ဆိုင်မည့် ကုထုံးများ ၊ လက်တွေ့စမ်းသပ်ထားမှုများ ၊ အကောင်းဆုံး ဖြေရှင်းရန်နည်းလမ်းများ အပြင် အဆိုပါ ရောဂါနှင့် ဆင်တူခံစားနေရသည့် လူနာအချင်းချင်း ထံမှ နှစ်သိမ့်ဆွေးနွေးမှုများပင် သင်ရနိုင်သည်။ သင့်အနေဖြင့် သင်ဖြေရှင်းပုံ နည်းလမ်းများ (ဥပမာ- တရားထိုင်ခြင်းမျိုး) မှ ရရှိသော အကျိုးအမြတ်များကို အခြားလူနာများအပေါ် မျှဝေပေးနိုင်သည်။ 

            ဤအတွက် ငွေကြေး တပြားတချပ်မှ ကုန်ကျရန်မလိုပဲ သက်တောင့်သက်သာ ရနိုင်သည်။ ဆရာဝန်ထံ သွားရောက်မေးမြန်းရသည်ထက် ပို၍ မြန်ဆန်သက်သာသည်။ ဤကိစ္စနှင့် ပါတ်သက်၍ ဟောင်ကောင် စိတ်ကျန်းမာရေး အတိုင်ပင်ခံဆရာဝန်ကြီး ဒေါက်တာ လီဝင်ကင်းက ဥပမာလေးတခုပြောပြသည်။ “ ကျွန်တော့ ကောလိပ်က စိတ်ကျန်းမာရေးဆရာဝန်တယောက်ဆီကို သူ့သူငယ်ချင်းက သူသားလေးမှား ရှားရှားပါးပါး စိတ်ရောဂါတမျိုးဖြစ်နေမလားဆိုပြီး ဖုန်းဆက်ပြီးလှမ်းမေးတယ်။ ကျွန်တော်တို့ ဆရာဝန်က နောက်တနာရီလောက်မှာ အီးမေးလ်ကနေ အကြောင်းပြန်တဲ့အချိန်မှာ သူ့ သူငယ်ချင်းဆီမှာ ဂူဂဲလ်ကနေရှာထားတဲ့ အချက်အလက်တွေရယ် YouTube ကနေရထားတဲ့ သရုပ်ပြ ဗီဒီယို ဖိုင်တောင် ရောက်နေပြီတဲ့”

            ရှာဖွေရေးအင်ဂျင်တခုတွင် “ခေါင်းကိုက်ခြင်း” ဟုသော စာသားလေး တလုံးရိုက်ထည့်လိုက်ရုံမျှဖြင့် ခေါင်းတခြမ်းကိုက်ခြင်း စိတ်ဖိစီးမှု ၊ အစားအသောက်မှားခြင်း၊ ငှက်ဖျား ၊ ခေါင်းတွင် ထိခိုက်ဒဏ်ရာရခြင်း ၊ သွေးတိုးခြင်း ၊ ဦးနှောက်အတွင်း အကျိတ်ဖြစ်ခြင်း စသည့် ခေါင်းကိုက်ခြင်းနှင်ဆိုင်သော သတင်းအချက်အလက်များ ကုထုံးများ မြောက်များစွာ ကို သင်တွေ့ရနိုင်သည်။ သို့သော် ရှာဖွေရေးအင်ဂျင်များက လူအ၀င်များသော ၀က်ဘဆိုဒ်များ နှင့် စာရေးသူများ အသုံးပြုသည့် အဓိက စကားလုံး (Key words) များ အပေါ် အခြေခံတွက်ချက်ပြီး ထုတ်ပေးသော အချက်အလက်များဖြစ်သည်။ ဆိုလိုသည်မှာ သင့်တွင် လက်ရှိဖြစ်ပွားနေသော ရောဂါထက်  ရှားပါးသော ဖြစ်နိုင်ချေများ နှင့် သေစေလောက်သော နောက်ဆက်တွဲဆိုးကျိုးများကိုသာ သင် အာရုံရောက်သွားပြီး စိတ်ဆင်းရဲရုံသာ ရှိနိုင်သည်။

            သို့သော် မလေးရှားရင်သားကင်ဆာ အကျိုးတော်ဆောင် အဖွဲ့၏ ဥက္ကဌလည်းဖြစ် ၊ ကိုယ်ကိုယ်တိုင် ရောဂါ ခံစားဖူးသူလည်းဖြစ်သည့် ရန်ဂျစ်ခါက အင်တာနက်ပေါ်တွင် သာမက အခြားသော မီဒီယာ ရင်းမြစ်များ ဖြစ်သည့် သတင်းစာ၊ ဂျာနယ်များတွင် လည်း ဤကဲ့သို့ ဖြစ်နိုင်ကြောင်းကို ထောက်ပြသည်။ သတင်းစာများတွင် လူတယောက် ရိုးရိုးကင်ဆာ ဖြစ်ပွားခြင်းသည် စိတ်ဝင်စားဖွယ် သတင်းမဟုတ် ။ ထူးဆန်းပြီး ရှားပါးသည့် ရောဂါမျိုးကိုသာ သတင်းအနေဖြင့် ဖော်ပြကြသည်ဖြစ်ရာ ထိုအချက်သည်လည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်သည်။ ထို့ကြောင့် သူက ယခုလို ပြောကြားသွားခဲ့သည်။


            “ အင်တာနက်ပေါ်က ရင်သားကင်ဆာနဲ့ ပါတ်သက်တဲ့  အချက်အလက်တွေဟာ လူတွေကို အန္တရာယ်ဖြစ်စေမှာနဲ့ နှိုင်းယဉ်ကြည့်လိုက်မယ်ဆိုရင် အကျိုးရှိစေတာက အများကြီးပိုပါတယ်။ ပေးလာတဲ့ သတင်းအချက်အလက် နဲ့ သူရဲ့ မူလဇာစ်မြစ်ကို ကြည့်ပြီး မှန်မမှန် ဆုံးဖြတ်ပြီး မှတ်ချက်ပေးရမှာက စာဖတ်သူတွေရဲ့ တာဝန်ပါ”

            အင်တာနက်ပေါ်တွင် တိကျသေချာသော သတင်းအချက်အလက်များစွာ ရှိနေသည်ကိုတော့ ကျွန်တော်တို့ ငြင်းချက်မထုတ်နိုင်ပါ။ Cancer ဂျာနယ်တွင် ဖော်ပြထားသော လေ့လာချက်တခုအရ ရင်သားကင်ဆာနှင့်ပါတ်သက်သော သတင်းအချက်အလက်များကို ဖော်ပြပေးသည့် စာမျက်နှာပေါင်း ၃၄၃ မျက်နှာကို လေ့လာဆန်းစစ်ကြည်ရာ မှားယွင်းမှုနူန်း ၅.၂ ရာခိုင်းနူန်းသာ တွေ့ရှိရသည်ဟု ဆိုပါသည်။ သို့သော် Alternative medicine (ပင်မ သို့မဟုတ် အနောက်တိုင်း ဆေးပညာမှ ခွဲထွက်သော အခြားဆေးပညာများ) အကြောင်းဖော်ပြထားသော အင်တာနက်စာမျက်နှာများတွင် သမာရိုးကျ ကျန်းမာရေးဝက်ဘဆိုက်ဒ များထက် အမှားအယွင်း (သို့) သတင်းအချက်အလက် အလွဲများ ၁၅ဆ ပို၍များသည်ကို တွေ့ရှိရသည်။ အဓိက အချက်ကတော့ မိမိအတွက် အမှန်တကယ် အကျိုးရှိစေမည့် ကျန်းမာရေးဝက်ဘ်ဆိုက်များကို ရွေးချယ်တတ်ဖို့ပင် ဖြစ်သည်။ 

            အချို့သော ဆေးပညာအသားပေး ၀က်ဘ်ဆိုဒ်များမှ အမေး အဖြေ ကဏ္ဍများမှာ လူနာများအတွက် အမှန်တကယ် အကျိုးရှိသည်ဟု မလေးရှား ကင်ဆာသုတေသန ဖောင်ဒေးရှင်းမှ CEO Teo Soo Hwang ကပြောကြားသွားခဲ့သည်။  အချို့လူနာများသည် ဆရာဝန်နှင့် နှဖူးတွေ့ ဒူးတွေ့ တွေ့ချိန်တွင် မိမိစိတ်ထဲတွင် ရှိသော မေးခွန်းများအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေ့ရှိရာ ဆရာဝန်ဆီသို့ မသွားမှီ မိမိခံစားနေရသော ရောဂါနှင့် ပါတ်သက်သည့် မေးမြန်းလိုသည်များကို စာရွက်ပေါ်တွင် ချရေးသွားရန် လိုအပ်သည်ဟု သူမက ရှင်းပြသည်။ 

            အင်တာနက်သည် သင့်ပါတ်ဝန်းကျင် သင့် နိုင်ငံကို ကျော်၍ ကမ္ဘာအနှံရှိ ကျန်းမာရေးစောင့်ရှောက်မှုများကို ရှာဖွေရာတွင် အသုံးတည့်လှသော လက်နှက်တခု ဖြစ်လာနေပြီဖြစ်သည်။ စင်ကာပူတက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဆေးပညာဌာနမှ လူနာပေါင်း ၇၀၅ ယောက်ကို မေးမြန်းကြည့်ရာ ထိုလူနားများထဲမှ ၄၀.၃ ရာခိုင်နူန်းမှာ အင်တာနက်ကို အသုံးပြု၍ ကျန်းမာရေး စောင့်ရှောက်မှုများအကြောင်းကို ရှာဖွေခဲ့သည်ဟူသော အဖြေထွက်လာသည်။ အမေရိကန်နိုင်ငံရှိ လူ ၁၀ဦးလျှင် ၈ဦးမှာ အင်တာနက်ကို အသုံးပြု၍ ဆေးပညာဆိုင်ရာ အချက်အလက်များကို ရှာဖွေပြီး ထိုလူ ဂဦးထဲမှ ၄ ဦးမှာ ၎င်းတို့နှင့် အဆင်ပြေနိုင်မည့် ကုထုံးများကို ရှာဖွေကြသည်ဟု ဘန်ကောက်အခြေစိုက် Medeguide ကျန်းမာရေးဝက်ဘဆိုဒ်ကို တည်ထောင်သူ ရူဘန်တော်ရယ်က ပြောသည်။ 

            ထို့ကြောင့်ပင် ကမ္ဘာအနှံရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးသော လုပ်ငန်းတော်တော်များများ အင်တာနက်နဂါးကြီးပေါ်သို့ ခုန်တက်လာကြသည်။ အထူးသဖြင့် ယနေ့ခေတ်တွင် ခေတ်စားလာသော ဆေးကုရန်ခရီးသွား (medical travel) လုပ်ငန်းမှာ တနေ့တခြား ပိုမိုကျယ်ပြန့်လာသည်ဟု Patients beyond boders စာအုပ်တွဲကြီးကို ရေးသားသူလည်းဖြစ် Healthy Travel Media ၏ ဥက္ကဌလည်းဖြစ်သူ ဂျိုးဇက်ဖ၀ုဒ်မန်းက ထောက်ပြသည်။ ယခင်တုန်းက နိုင်ငံရပ်ခြားသို့ သွားရောက်ဆေးကုသမှုခံယူရန်အတွက် တစ်ဆင်စကား တဆင့်နားဖြင့်သာ သွားလာနေကြသော်လည်း ယခုအခါတွင် ယခင်သွားရောက်ကုသဖူးသူများ၏ အတွေ့အကြုံများကို အင်တာနက်ပေါ်တွင် အလွယ်တကူ ကြည့်ရှုနိုင်သဖြင့် အဆိုပါ ခရီးသည် မိမိရောဂါနှင့် ကိုက်ညီမှု ရှိ/မရှိ ဆုံးဖြတ်ရာတွင် များစွာ အထောက်အကူဖြစ်လာကြောင်း ဆက်လက်ရှင်းပြသည်။
             ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် အင်တာနက်ပေါ်တွင် အလွယ်တကူရရှိလာခြင်း၏ ကောင်းကျိုးများနောက်ကွယ်တွင် ကပ်ပါလာသော အန္တရာယ်တခုမှာ ဒေါက်တာ ဂူဂဲလ်ကိုသာ အားကိုးပြီး မိမိရောဂါအား မိမိဘာသာ ကုသနေသော လူနာများစွာ ပေါ်ထွက်လာခြင်းပင်ဖြစ်သည်။ အဆိုပါ လူနာများအနေဖြင့် မိမိပြဿနာကို မိမိဖာသာ ဖြေရှင်းနိုင်ပြီဟု သွေးနားထင်ရောက်သွားမည်ကို ဆရာဝန်များက စိုးရိမ်လျက်ရှိသည်။ 

            အောက်ပါ ဖြစ်ရပ်တခုကို လေ့လာကြည့်ပါ….

            မလေးရှား ကျောင်းဆရာမတစ်ဦးဖြစ်သူ အသက် ၄၇ နှစ် အရွယ်ရှိ Yasogee Pechumuthu သည် နှစ်ရှည်လများ ခေါင်းကိုက်ဝေဒနာကို ခံစားနေရသည်။ ကလေး ၃ ယောက် အမေဖြစ်ပြီး တကိုယ်ထည်းရုန်းကန်နေရသော ကြောင့် မိမိခေါင်းကိုက်ဝေဒနာသည် စိတ်ဖိစီးမှု နှင့် ကိုယ်ကာယ ပင်ပန်းမှုကြောင့်  ဖြစ်သည်ဟု ယူဆကာ အက်တာနက်မှ စိတ်ဖိစီးမှု ပြေပျောက်ရေး ကုထုံးများဖြင့် မိမိဘာသာ ကုသကြည့်သည်။ ရေကူးခြင်း၊ လမ်းလျောက်ခြင်း ၊ အသားလျော့စားခြင်း စသည်တို့ ပြုလုပ်၍သော်လည်း သိသိသာသာ ပျောက်ကင်းခြင်းမရှိပေ။ ပုံမှန်ဆေးစစ်မှုတခု ပြုလုပ်ချိန်တွင် သူမတွင်ခံစားနေရသော ခေါင်းကိုက်ဝေဒနာအကြောင်းကို ဆရာဝန်အားပြောပြလိုက်သည်။ ခေါင်းကိုက်ဝေဒနာမှာ ဦးခေါင်းထဲတွင် တစုံတခုကို ဆွဲဖြဲလိုက်သလိုမျိုး ဆိုးဝါးလှသည်ဟုပြောပြသည်။ ဆရာဝန်က သူမထံတွင် တစုံတရာ မှားယွင်းနေသည်ဟု သံသယရှိသဖြင့် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြည့်ရာ သူမ၏ ဦးနှောက်ထဲတွင် အတော်ကြီးသော အကျိတ်သုံးခုကို သွားတွေ့ရသည်။ အသက်အန္တာရယ်စိုးရိမ်ရသောကြောင့် ပြင်းထန်သော ကင်ဆာဆေးဝါးများဖြင့် ချက်ခြင်းကုသရတော့သည်။ Yasogee ကဲ့သို့ လူနာများ မည်မျှရှိနေမည်ကို ကျွန်တော်တို့ ခန့်မှန်း၍ မရနိုင်ပါ။ 

            အဆုံးစွန်ပြောရလျှင် ကွန်ပျုတာသည် လူသားတို့၏ လူသားဆရာဝန်များ၏ ထိုးတွင်းသိမြင်နိုင်စွမ်းကို မည်သို့မျှ အစားမထိုးနိုင်ပါချေ။ မိမိတွင်ခံစားနေရသော ရောဂါလက္ခဏာတခုတည်းနှင့် မည်သည့်ရောဂါဖြစ်နိုင်သည် ဟု မှားယွင်းစွာ ကောက်ချက်ဆွဲခြင်းသည် အင်မတန် အန္တရာယ်များသော ကိစ္စတစ်ရပ်ဖြစ်သည်။ ဆရာဝန်တယောက် အနေဖြင့်လည်း ရောဂါလက္ခဏာ တခုထည်းကို ကြည့်၍ မည်သည့်ရောဂါ ဖြစ်ရမည်ဟု တပ်အပ် အမည်တပ်နိုင်ခြင်းမရှိပါ။ လူနာ၏ အသက်၊ မျိုးရိုး၊ နေပုံထိုင်ပုံ၊ အလုပ်အကိုင် အပြင် အခြား မြောက်များစွာသော အချက်အလက်များအပြင် လိုအပ်သည့် စမ်းသပ် စစ်ဆေးမှုပေါင်းများစွာ အကူအညီဖြင့်သာ ရောဂါတခုအား အနီးစပ်ဆုံးမှန်ကန်အောင် ရှာဖွေပေးရခြင်းဖြစ်ပါသည်။            
            Yasogee ဖြစ်ရပ်နှင့် ဆန့်ကျင်ဘက်ဖြစ်ရပ်မှာ အချို့လူနာများအနေဖြင့် မိမိရောဂါ အခြေအနေကို အဆိုးဆုံး အနေအထားသို့ ဆွဲတွေးပစ်လိုက်ခြင်းဖြစ်သည်။ Microsoft မှ ၂၀၀၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းအရ မိမိဘာသာ ရောဂါအမည်တပ်သူ အများစုမှာ မိမိအမှန်တကယ်ခံစားနေရသော ရောဂါထက် ပို၍ဆိုးဝါးသော ရောဂါဖြစ်နေသည်ဟု မှားယွင်းယူဆကြသည်ဟုဖော်ပြထားသည်။ အဆိုပါ လေ့လာချက်အရ အင်တာနက်ရှာဖွေမှုပေါင်း ၅၀ တွင် ကျန်းမာရေးနှင့် သက်ဆိုင်သည့် ရှာဖွေမှုတခုပါဝင်ပြီး  အဆိုပါ ရှာဖွေသူများ၏ သုံးပုံတပုံသည် ရှာဖွေမှုသည် မိမိတို့ရှိနေသော ရောဂါထက်ဆိုးဝါးသည့် ရောဂါများတွင် သာ အဆုံးသတ်သွားကြသည်ဟု တွေ့ရှိရသည်။ ဆေးပညာဆိုင်ရာများကို အင်တာနက်မှ တဆင့်ဖတ်ရှုပြီး မိမိတို့တွင် ဆိုးဝါးသော ရောဂါတခု ဖြစ်ပွားနေသည်ဟု  ကောက်ချက်ချသူများကို “Cyberchondria” ဟု ၂၀၀၀ ပြည့်နှစ်တွင် အမည်တပ်ခဲ့ရာ ယခုနှစ်တွင် အဆိုပါရောဂါကို ခံစားနေရသူများ၏ ပြဿနာမှာ ပိုမိုကြီးကျယ်လာသည်။
            “အာရှက လူတချို့က အခုအချိန်အထိ ခေတ်ပေါ်ဆေးပညာကို သံသယဖြစ်နေကြတုန်းရှိသေးတယ်။ အဲဒီတော့ သူတို့ကို ပေးထားတဲ့ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အင်တာနက်အပေါ်မှာ အရင်ရှာတော့တာပဲ” ဟု မလေးရှား သားဖွားမီးယပ် ဆရာဝန်ကြီး ဒေါက်တာ ဟိုချွန်းမွိုင် ကပြောကြားသွားခဲ့သည်။ ဤသို့ ပြုလုပ်ခြင်းကြောင့် မလိုလားအပ်သော စိတ်ဖိစီးမှုများဖြစ်ပေါ်လာနိုင်သည်။ လက်တွေ့တွင် လူတယောက် နှင့်တယောက်မှာ ဆေးဝါးတခုအား တုံ့ပြန်ပုံခြင်းတူညီမှုမရှိပေ။ အဆိုပါကြောက်စိတ် သံသယ ကြောင့် ကုထုံးအပေါ်လေးစားလိုက်နာမှုအားနည်းပြီး နောက်ဆုံးတွင် သူတို့၏ ရောဂါသက်သာမှုကိုသာ ထိခိုက်နိုင်သည်ဟု အဆိုပါ ဆရာဝန်ကြီးက ထောက်ပြခဲ့သည်။
            ထို့ကြောင့် မိမိကျန်းမာရေး နှင့် ပါတ်သက်သော အင်တာနက်ရှာဖွေမှု ရလာဒ်များကို မိမိဆရာဝန် နှင့် ဦးစွာတိုင်ပင်ကြည့်သင့်သည်။ လိုအပ်ပါက သင့်ဆရာဝန်က သင့်အား စမ်းသပ်စစ်ဆေးမှုများ လုပ်သင့်မလုပ်သင့်ကို ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည်။ အကယ်၍ သင် စိုးရိမ်ပူပန်စိတ် များနေပါက သင့်အား နှစ်သိမ့်ဆွေးနွေးပေးနိုင်သူမှာ သင့်ဆရာဝန်သာ ဖြစ်သင့်သည်။ 




















အနာဂတ်သည် ကလစ်တချက်စာပင် မဝေးတော့ပြီ

            အင်တာနက်သည် ကျွန်တော်တို့အတွက် တန်ဖိုးရှိလှသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို ပေးနေရုံသာမက ဟောင်နွမ်းနေသော ဗျုရိုကရေစီ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အား တော်လှန်ပုန်ကန်မည့်ဟန်ဖြင့် ချီတက်လာချေပြီ။ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနသည် လက်ရှိအချိန်တွင် Facebook နှင့် Twitter တွင် အကောင့် ဖွင့်ထားပြီး ကျန်းမာရေး သတိပေးနိုးဆော်ချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရန် စီစဉ်ထားပြီးဖြစ်သည်။ ထို့ပြင် လူနာများ၏ တသက်တာ ကျန်းမာရေးမှတ်တမ်းများကိုလည်း စိတ်ချရသော အကောင့်များဖြင့် သိမ်းဆည်းထားနိုင်ရန် စီစဉ်ထားသည်။ ထိုအစီအစဉ်များကြောင့် လူနာမည်သည့်နေရာသို့ရောက်သည်ဖြစ်စေ ၎င်း၏ ကျန်းမာရေးနှင့် သက်ဆိုင်သည့် အချက်အလက်များကို ကျန်းမာရေးဝန်ထမ်းအခြင်းခြင်း အချိန်နှင့် တပြေးညီ ဖလှယ်နိုင်ခြင်း ဆရာဝန်နှင့် တွေ့ဆုံရန် အွန်လိုင်းမှတဆင့် ချိန်းဆို နိုင်ခြင်း ၊ လက်ရေးမှတ်တမ်းများအပေါ် မှီခိုရမှု သက်သာခြင်း စသည့် အကျိုးကျေးဇူး မြောက်များစွာကို ရရှိနိုင်ပြီဖြစ်သည်။
            ထို့အပြင် အွန်လိုင်းအသုံးပြုသည့် ဆရာဝန်ဦးရေ တနေ့တခြားတိုးပွားလာလျက်ရှိသည်။မက်ဟက်တန် သုတေသနာ ဌာန၏ အကြီးအကဲ Mark Brad က အမေရိကန် သမားတော် ၁၀ ယောက်တွင် ၉ ယောက်မှာ အင်တာနက်အား ၎င်းတို့အတွက် အသုံးဝင်လှသော အသုံးအဆောင် ပစ္စည်းတခုအနေဖြင့် သဘောထားကာ သုံးစွဲနေကြောင်း Boston တွင် ကျင်းပသည့် ခြောက်ကြိမ်မြောက် နှစ်စဉ် ကျန်းမာရေးညီလာခံတွင် ပြောကြားသွားခဲ့သည်။ ၂၀၁၀ တွင် အမေရိကန်ဆရာဝန်အားလုံးနီးပါး iphone နှင့် နားကြပ်ကို ကိုင်ဆောင်နိုင်လိမ့်မည်ဟုလည်း သူကဟောကိန်းထုတ်သွားသည်။ Appsolution ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများကလည်း လူတဦးချင်းစီ၏ ကျန်းမာရေးလိုအပ်ချက်များကို အွန်လိုင်းတွင် အလွယ်တကူရှာဖွေနိုင်ရန် ကြိုးစားလျက်ရှိသည်။

ref: Reader Digest 2010

Friday, July 15, 2011

ခွဲစိတ်ဆရာဝန်များ အလိုရှိသည်

များစွာသော စစ်တမ်းကောက်ယူမှုများက ထောက်ပြနေသည်မှာ အမေရိကတွင် ခွဲစိတ်ဆရာဝန်အရေအတွက် တဖြည်းဖြည်းလျော့ကျလာသည်။ ကျေးလက်ဒေသများတွင် ပို၍ဆိုးသည်။
          ၂၀၁၀ တွင် အမေရိကန်ခွဲစိတ်ဆရာဝန်များကောလိပ်(ACS) မှကောက်ယူသောစစ်တမ်းများအရ ၂၀၀၄ မှ ၂၀၀၈ ခုနှစ်အတွင်း လူတသိန်းတွင် ရှိရမည့်ခွဲစိတ်ဆရာဝန်အရေအတွက်မှာ ၃.၇% သို့ ကျဆင်းခဲ့သည်ဟုသိရသည်။
          အမေရိကန်ပြည်ထောင်စု ကျန်းမာရေးအရင်းအမြစ် နှင့် ၀န်ထမ်းစီမံခန့်ခွဲမှု မှ ခန့်မှန်းချက်အရ အမေရိကန်ပြည်ထောင်စုရှိ အထွေထွေခွဲစိတ်ဆရာဝန်အရေအတွက်မှာ ၂၀၀၀ မှ ၂၀၂၀ ခုနှစ်အတွင်း ၃% (၃၃၉၈၀ မှ ၃၁၈၈၀) အထိကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
          ထို့ပြင် လက်ရှိတာဝန်ထမ်းဆောင်နေကြသော ခွဲစိတ်ဆရာဝန်အများစုမှာ အသက်အရွယ်ကြောင့် လျှင်မြန်သောနှုန်းထားဖြင့် အနားယူလျှက်ရှိကြောင်း ACS ၏ ကျန်းမာရေးပေါ်လစီ သုတေသန အင်စတီကျုမှ သုံးသပ်ထားသည်။ အကြမ်းဖြင်းအားဖြင့် လက်ရှိလုပ်ငန်းခွင်ဝင်နေကြသော ခွဲစိတ်ဆရာဝန် ၃ ပုံ ၁ ပုံခန့်မှာ ပျှမ်းမျှအသက် ၅၅ နှစ်ထက်ကျော်လွန်နေကြပြီး ကျေးလက်ဒေသရှိ ခွဲစိတ်ဆရာဝန်များ၏ ပျှမ်းမျှအသက်မှာ ထိုထက်ပင် ပို၍ကြီးနေသည်။
          အိုင်အိုဝါပြည်နယ် ကီယိုကုဒေသရှိဆေးရုံငယ်၂ရုံလုံးအတွက် ၁၃ နှစ်တိုင်အောင် အလုပ်လုပ်ပေးနေသူမှာ အသက် ၆၄ နှစ်အရွယ်ရှိ ဒေါက်တာ ဖီလ်းကာရိုပရက်ဆို ဖြစ်သည်။ ကီယိုကု ဒေသမှာ  ပြည်နယ်၏ အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး အမဲလိုက်ခြင်း ၊ ငါးဖမ်းခြင်း ၊ ဂေါက်ရိုက်ခြင်း ၊ လှေလော်ခြင်းတို့ကို ကြိုက်နှစ်သက်သော ဆရာဝန်များအတွက် ပျော်စရာနေရာတခုဖြစ်သည်။
          ထိုဒေသရှိ အခြားခွဲစိတ်ဆရာဝန်ကြီးတဦး ပင်စင်ယူသွားကတည်းက ဒေါက်တာ ကာရိုပရက်ဆိုမှာ ဆေးရုံနှစ်ရုံစလုံးအတွက် တရက်လျှင် ၂၄ နာရီ တပါတ်လျှင် ၇ ရက် တာဝန်ရှိနေသည်။
          `လူသစ်ခေါ်ဖို့က တော်တော့်ကို အဆင်မပြေပါဘူး´ ACS အဖွဲ့ဝင်တယောက်ဖြစ်သော ဒေါက်တာ ကာရိုပရက်ဆိုကပြောသည်။ ` လွန်ခဲ့တဲ့ ၇ နှစ်လုံးလုံး ဒီဆေးရုံ ၂ရုံလုံးအတွက်  ခွဲစိတ်ဆရာဝန်လိုတယ်ဆိုတဲ့ ကြော်ငြာတွေထည့်ခဲ့တယ်၊ အိုင်အိုဝါတက္ကသိုလ်က ဒါရိုက်တာနဲ့လဲတိုင်ပင်ကြည့်တယ်။ ဆရာဝန်တချို့တော့ အင်တာဗျူးလာဖြေကြတယ်ဗျ။ အဲဒီအထဲက ဆရာဝန် ၂ယောက်၃ယောက်လောက်တော့ အလုပ်လုပ်ဖူးတယ်။ သိပ်မကြာဘူး ပြန်သွားတာပါပဲဗျာ။´ဟု ဆရာဝန်ကြီးကပြောသည်။
          အခြားသော ဆရာဝန်များနည်းတူ ကျေးလက်ကျန်းမာရေးစနစ်တွင် အထွေထွေခွဲစိတ်ဆရာဝန်များ၏ အခန်းကဏ္ဍမှာများစွာအရေးပါလှသည်။ ကျေးလက်ဆေးရုံတခု၏ ရန်ပုံငွေအတွက် ခွဲစိတ်ဆရာဝန်များက များစွာအထောက်အကူပြုနိုင်သည်ဟု ကျေးလက်ခွဲစိတ်ဆရာဝန်များအား အကူအညီပေးသည့် ကူးပါး(စ)တောင်းရှိ မစ်သိုဖာစင်တာမှ ဆိုသည်။ မစ်သိုဖာစင်တာအား ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ထားပြီး ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး ၊ ကျေးလက်ခွဲစိတ်ဆရာဝန်များ ၊ ဆေးရုံငယ်များ၏ အကျိုးကျေးဇူးကိုရှေးရှုကာဖွဲစည်းထားခြင်းဖြစ်သည်။

          `အချက်အလက်တော်တော်များများကိုကြည့်ပြီး ကျွန်တော်တို့ပြောနိုင်တာတခုကတော့ ကျေးလက် ဆေးရုံတခုအတွက် ငွေကြေးပိုင်းဆိုင်ရာ အဓိက မောင်းနှင်အားကတော့ အထွေထွေခွဲစိတ်ဆရာဝန်တွေပဲ။ သူတို့က ရွာသွားတွေအတွက် မှန်ပြောင်းကြည့်ပေးနိုင်တယ် ၊ ခွဲစိတ်မှုတော်တော်များများလုပ်နိုင်တယ် ၊ ကလေးခွဲမွေးပေးနိုင်တယ် ၊ အရိုးအထူးကုတယောက်နီးပါး လုပ်နိုင်တယ်´ဟု အဆိုပါစင်တာ၏ တွဲဖက်ဒါရိုက်တာ ACS အဖွဲ့ဝင် ဒေါက်တာ ဒေးဗစ်ဘော့ဂ်စထရွမ်း က ပြောသည်။
          သို့သော် အချို့သော ခွဲစိတ်ဆရာဝန်ကြီးများ၏ ပြောပြချက်အရ ယနေ့ခေတ် ခွဲစိတ်ဆရာဝန် အများစုမှာ လွန်ခဲ့သော ဆယ်စုနှစ်က ခွဲစိတ်ဆရာဝန်များလောက် ကျယ်ပြန့်စွာ လေ့ကျင့်သင်ကြား ခြင်းမရှိကြောင်း သိရသည်။ အတွေ့အကြုံရင့်ကျက်သော ကျေးလက်ခွဲစိတ်ဆရာဝန်ကြီးများကဲ့သို့ ခွဲစိတ်၍သားဖွားခြင်း ၊ ဆီးနှင့်ကျောက်ကပ်ခွဲစိတ်မှုများ နှင့် အရိုးဆိုင်ရာ ခွဲစိတ်မှုနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်သော ဆရာဝန်များမှာ တဖြည်းဖြည်းရှားပါးလာလျှက်ရှိသည်။
          `ကျွန်တော်တို့ ၇၀ နဲ့ ၈၀ ခုနှစ်လောက်တုန်းက ကွတ်ကောင်တီ ဆေးရုံမှာ သင်ခဲ့ရတုန်းကဆို ကေ့စ်အတော်များများကို လုပ်နိုင်အောင် ဆရာတွေကသင်ပေးကြတယ်´ဟု ဟာဝိုင်ယီရှိ မြိုငယ်တမြို့တွင် အထွေထွေခွဲစိတ်ဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ACS အဖွဲ့ဝင် ဒေါက်တာ အာနိုးလ်ဆီရိုတာ ကပြောသည်။
          `အရင်တုန်းက အထွေထွေခွဲစိတ်သင်ရိုးနည်းစနစ်တွေက အခုခေတ်နဲ့တော့ အတော်လေး ကွဲပြားသွားပြီ။ အဲဒီတုန်းက ပုံမှန်အထွေထွေခွဲစိတ်နည်းပညာတွေအပြင် မှန်ပြောင်းခွဲစိတ်မှုတွေ ၊ အစာအိမ်နဲ့ အူလမ်းကြောင်းခွဲစိတ် ၊ ထိခိုက်ဒဏ်ရာ ၊ အရေးကြီးလူနာကုသမှု နဲ့ နှလုံးထဲကို pacemaker ထည့်တာကအစ ကျွန်တော်တို့လုပ်ခဲ့ရတယ်´ဟု ဒေါက်တာအာနိုးလ်က အင်တာဗျုးတခုတွင် ပြောကြားခဲ့သည်။ `အခု ကျွန်တော်အငြိမ်းစားယူပြီး ဟာဝိုင်အီက ပြန်လာပြီ ကျွန်တော့်နေရာမှာ အစားထိုးဖို့ ကျွန်တော့်ပေးတဲ့ ၀န်ဆောင်မှုတွေပေးနိုင်မဲ့ဆရာဝန်မျိုး ရဖို့မလွယ်တော့ဘူး`။ မကြာသေးမီကမှ ခွဲစိတ်အထူးကု ဖြစ်လာသော ဆရာဝန်များ၏ လုပ်ကိုင်နိုင်စွမ်းမှာ ပို၍ကန့်သတ်ချက်များလာသည်ဟု ထင်ကြောင်း သူကထပ်လောင်း ပြောကြားခဲ့သည်။
          ကျေးလက်ဆရာဝန်ပြတ်လပ်ရသည့် အကြောင်းတရားများထဲတွင် မျိုးဆက်သစ်ဆရာဝန်ငယ်များ၏ လူနေမှုပုံစံပြောင်းလဲလာမှု နှင့် စီးပွားရေးတွက်ချက်မှုများ ကလည်းအပါအ၀င်ဖြစ်သည်။ ဆရာဝန်များအကြား ၀င်ငွေကွာခြားမှုမှာလည်း လူငယ်ဆရာဝန်များ၏ အပြုအမှုများကို ကြီးမားစွာသက်ရောက်မှုရှိကြောင်း ရောဘတ် ဂရေဟမ် စင်တာမှာ လေ့လာချက်တခုအရသိရသည်။ အဆိုပါဝင်ငွေကွာခြားမှုကြောင့် ထူးပြုဘာသာရပ်များ နှင့် အခြားသောနယ်ဆေးရုံများရှိ ဆရာဝန်များ အကြား မညီမျှမှုများစွာကို ဖြစ်ပေါ်စေပြီး ၊ ဆရာဝန်များ၏ အရည်အသွေး ၊ လုပ်ကိုင်နိုင်စွမ်းရည်နှင့် သာတူညီမျှမှုတို့ကိုလည်း များစွာကမောက်ကမ ဖြစ်စေသည်ဟုသိရသည်။
          ကျန်းမာရေးစောက်ရှောက်မှုကောင်းမွန်စွာမရရှိသည့် ကျေးလက်ဒေသများတွင် ဆရာဝန်လောင်း များအား လေ့ကျင့်သင်ကြား ပေးသည့် အစီအစဉ်ကို ပြုလုပ်နိုင်ပါက ဆေးကျောင်းသားများစိတ်ထဲတွင် အဆိုပါ ကျေးလက်ဒေသများသို့ သွားရောက်ပြီးတာဝန်ထမ်းဆောင်လိုစိတ် ဖြစ်ပေါ်လာနိုင်စေသည်ဟို အဆိုပါ သုတေသနက အကြံပြုထားသည်။
          အသက် ၅၅ နှစ်ရှိပြီဖြစ်သော ဒေါက်တာစတိဗ်အော်လ်ဆွန်မှာ ကူးပါလ်းစ်တောင်း၏ ကျေးလက်ဒေသတွင် မွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီး ဖခင်မှာ အဆိုပါဒေသဆေးရုံမှ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သည်။ `ကျွန်တော်ကတော့ တောမှာဆေးကုရတာကို ကြိုက်တယ် ။ တောသားတွေအတွက် အသစ်တွေ ယူလာပေးရတာကိုလည်း သဘောကျတယ်´ဟု ACS အဖွဲ့ဝင် ဒေါက်တာအော်လဆွန်က ပြောသည်။
          ထိုနယ်သားဖြစ်သော်လည်း ဒေါက်တာအော်လ်ဆွန်မှာ ကိုယ်ပိုင်ဆေးခန်းမဖွင့် ဘရိုက်တန် ဆေးရုံတခုတည်းတွင်သာ အလုပ်လုပ်သည်။ မြို့နေဆရာဝန်တယောက်ထက် ၀င်ငွေများစွာနိမ့်ကျသော်လည်း သူ့အတွက် အဆင်ပြေသည်ဟု ဒေါက်တာအော်လ်ဆွန်က အင်တာဗျုးတခုတွင် ပြောကြားသွားခဲ့သည်။ သို့သော်လည်း အဆိုပါဒေသတွင် ခွဲစိတ်ဆရာဝန် နှစ်ဦးသာရှိသည့်အတွက် ဒေါက်တာအော်လဆန်တယောက် တရက်ခြား ဂျုတီကျသည်မှာ မသက်သာလှပါ။
          `အကယ်၍သာ ကျွန်တော်တို့မှာ ဆာဂျင်လေးယောက်လောက်သာရှိမယ်ဆိုရင် ကျွန်တော်တို့ဘ၀က တကယ်ကို သက်တောင့်သက်သာရှိမှာပါ။ ဘယ်သူမှ အလုပ်မပိတော့ဘူးပေါ့´ ဟုသူကပြောသည်။
          ခန့်မှန်းတွက်ချက်မှုများအရ အမေရိကကျေးလက်ဒေသတွင် မကြာခင်အနားယူတော့မည့် ခွဲစိတ်ဆရာဝန်ကြီးများနေရာတွင် အစားထိုးရန် လိုအပ်ချက်မှာ တဖြည်းဖြည်းပိုမိုမြင့်တက်လာလျှက်ရှိသည်။ သို့သော်လည်း ခွဲစိတ်ဆရာဝန်ငယ်များအနေဖြင့် ကျေးလက်ဒေသကို စိတ်ဝင်စားမှုနည်းပါးခြင်း နှင့် လက်ရှိတာဝန်ထမ်းဆောင်နေကြသော ကျေးလက်ခွဲစိတ်ဆရာဝန်များ၏ အသက်အရွယ်တို့အပြင် အခြားသော ပြဿနာများစွာလည်းရှိသေးသည်။
          `ကျွန်တော်တိုရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ခွဲစိတ်လူနာတွေအတွက် သင်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လျှင်လျှင်မြန်မြန် နဲ့ လွယ်လွယ်ကူကူမရနိုင်ဘူးဆိုတာ ထင်ရှားပါတယ်´ ဟု ကျေးလက်ခွဲစိတ်ကုဆပ်ကော်မတီ ၏ ဥက္ကဌနှင့်  ACS အထွေထွေခွဲစိတ်ပညာဆိုင်ရာ အကြံပေးကောင်စီ ဒုတိယဥက္ကဌ ဖြစ်သူ ဒေါက်တာအော်လ်ဆန်က ပြောကြားသွားခဲ့သည်။ `အဓိက အဖွဲ့အစည်းတွေအားလုံး စုပေါင်းအလုပ်မလုပ်ပဲနဲ့တော့ ဒီပြဿနာရဲ့အဖြေထွက်လာမှာ မဟုတ်ပါဘူး။ ကွန်ဂရက်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဖြန့်ဝေပုံနဲ့ပါတ်သတ်တဲ့ ဥပဒေတချို့ကို ခွင့်ပြုပေးရမှာဖြစ်သလို ကျေးလက်ဒေသမှာရှိတဲ့ သမားတော်ကြီးတွေနဲ့အခြားသော ကျန်းမာရေးစောက်ရှောက်မှုပေးတဲ့အဖွဲ့အစည်း တွေကလည်း ဒီပြဿနာကို လေးလေးနက်နက်ဆွေးနွေးပေးဖို့ လိုပါတယ်။ အကယ်၍ကျွန်တော်တို့သာ ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှု မော်ဒယ်တခုကို တင်ပြနိုင်ခဲ့ရင် ကျွန်တော်တို့ အပြောင်းအလဲတခုခုကို လုပ်နိုင်မှာပါ´
          လက်ရှိအချိန်အထိမှု ဒေါက်တာ ကာရိုပရက်ဆိုကဲ့သို့ ကျေးလက်ခွဲစိတ်ဆရာဝန်ကြီးများသည် သူတို့၏ အလုပ်ကို ကျေနပ်ပျော်ရွှင်စွာ ဆက်လက်လုပ်ကိုင်လျှက်ရှိပြီး သူတို့နေရာကို ဆက်ခံမည့် လုပ်ဖော်ကိုင်ဖက်များကို ဆက်လက်မျှော်လင့်နေလျှက်ရှိလေသည်။

Translated  by တောကျီးဂန်း (၁၅/၇/၂၀၁၁)
မူရင်း။  ။Rural Surgeons’ Experiences Reflect Data on Shortages by Naseem S. Miller (Elsevier Global Medical News) from American College of Surgeons News vol.4. no.4 April 2011