မတ်လ၏
နံနက်ခင်းက မြူခိုးလက်ကျန်တွေကို ဖက်တွယ်ထားသေးသည်။ မနက်ခင်း လမ်းလျောက်ရသော အရသာလေးကို
ခပ်သော့သော့တိုက်ခတ်နေသော လေနူအေးက ပိုမိုအသက်ဝင်စေသည်။ လေထဲတွင် သင်္ကြန်ရနံများက ဟိုမှသည်
ကူးလူးနေသည်ဟု ခံစားနေရသည်။ ကျွန်တော့အတွက် သင်္ကြန်သည် အဓိပ္ပါယ်မဲ့နေသည်မှာ ၂ နှစ်ရှိပြီဖြစ်သည်။
ဒီနှစ်သင်္ကြန်သည်လည်း နောက်တိုး ၁ နှစ်သာ ဖြစ်နိုင်စရာရှိပါသည်။ သင်္ကြန်အကြောင်းကို ခေါင်းထဲမှ
မထုတ်ချင်ထုတ်ချင် ထုတ်ပစ်လိုက်သည်။ ကျွန်တော်သည် ကြိုတင်ပြင်ဆင်မှုများဖြင့် အံမ၀င်ဖြစ်နေသည်မှာ
ကြာမှန်းမသိ အတော်လေးကြာခဲ့ပြီဖြစ်သည်။ မင်းကုန်းရွာမှ မရမ်းချောင်းသို့သွားသည့် ကတ္တရာ
လမ်းပေါ်တွင် ကိုယ်စီကိုယ်စီ ရည်ရွယ်ချက်ဖြင့် လှုပ်ရှားနေကြသော လူများ…။
ကိုယ့်အတွေးနှင့် ကိုယ်မို့ ဘေးနားကို ကားတစီးလာရပ်မှ
ရုတ်တရက်လှည့်ကြည့်ဖြစ်သည်။ Mutdfan.com ၏ အယ်ဒီတာချုပ် လည်းဖြစ် Workgroup ကွန်ပျုတာစင်တာ၏
ပိုင်ရှင်လည်းဖြစ်သူ ကိုဇော်လွင်ဝင်းတို့ ဇနီးမောင်နှံတို့၏ ကားဖြစ်နေသည်။ သူတို့က
စ၍နူတ်ဆက်မှ ကျွန်တော်အတွေးစ ပြတ်သွားသည်။ ကျွန်တော်က Arsenal ပရိတ်သတ် မနက်ခင်းအပြေးလေ့ကျင့်တော့လည်း
တိုက်တိုက်ဆိုင်ဆိုင် Arsenal ဂျာစီကို ၀တ်သွားမိသည်။ ကိုဇော်လွင်ဝင်းက အပြုံးဖြင့်
“ဆရာက Arsenal fans လား” ဟုမေးလာတော့မှ ကျွန်တော်လည်း ပြုံးမိသည်။ အကြိုက်ခြင်း မတူသည့်သူများ
တူညီသောရည်ရွယ်ချက်တခုကို အကောင်အထည်ဖော်ရခြင်းသည် ပျော်စရာကောင်းမှန်း ကျွန်တော် သဘောပေါက်လာသည်။
သူတို့ ရည်ရွယ်ချက်မှာ မရမ်းချောင်း မေတ္တာဂေဟာသို့ သွား၍ လိုအပ်သည်များကို မေးမြန်းကာ
Mutdfan.com မှ လှူဒါန်းရရှိငွေများကို မည်သည့်နေရာများတွင် အသုံးပြုမည်ကို လာရောက်လေ့လာတိုင်ပင်ခြင်းဖြစ်သည်။
သူတို့မင်းကုန်းရွာကိုရောက်သည့်အချိန်မှာ မနက် ၇း၀၀ နာရီပင် မရှိတတ်သေး။ ရန်ကုန်မှ
၂ နာရီနီးပါး မောင်းရသည့်ခရီးကို နူတ်ကြည့်လျှင် မနက် ၅း၀၀ ကတည်းက ရန်ကုန်ကထွက်လာသည့်သဘော။
ပရဟိတအလုပ်အတွက် မအားမလပ်သည့်ကြားမှ အချိန်လု၍ လာရောက်ကြသော စိတ်တူကိုယ်တူ ဇနီးမောင်နှံကို
စိတ်ထဲမှ ကြိတ်၍ ကျွန်တော်လေးစားမိပါသည်။
ဂေဟာဥက္ကဌ ဦးလှဌေးမှာ ကိစ္စတခုကြောင့် ရန်ကုန်ရောက်နေချိန်နှင့်တိုက်ဆိုင်နေသည်။
ထို့ကြောင့် Mutdfan.com မှ အလှူရှင်များ ကိုယ်စား လာရောက်တိုင်ပင်သော ကိုဇော်လွင်ဝင်းတို့
ဇနီးမောင်နှံ ဂေဟာအုပ်ချုပ်ရေးမှူး တာဝန်ယူထားသော ဦးတာနှင့် ကျွန်တော်တို့ သုံးဦး
ဂေဟာအတွက် လိုအပ်သည်များကို တိုင်ပင်ရတော့သည်။ ကိုဇော်လွင်ဝင်းက Mutdfan.com မှ လှူဒါန်းငွေ
သိန်းလေးဆယ် နီးပါး ကောက်ခံရရှိထားကြောင်း ထိုအလှူငွေများဖြင့် Leprosyhelp.org ပိုင်
ကားတစီးဝယ်ယူရန် ဆုံးဖြတ်ထားကြောင်းပြောပြသည်။ မူလက ပရဟိတ ဂေဟာအတွက် အလှူငွေရရှိစေရန်
ထိုငွေများဖြင့် အပ်ချုပ်ဆိုင်တဆိုင်ဖွင့်ရန်ရည်ရွယ်ထားသော်လည်း ရေရှည်လည်ပါတ်ရန် နှင့်
အလှူငွေများအပွန်းအပဲ့ မဖြစ်စေရန် အာမခံချက်နည်းသောကြောင့် ကားတစီးအား လုပ်ငန်းပြဖြင့်ဝယ်ယူခြင်းက
ပိုမိုအဆင်ပြေနိုင်မည်ဟု ယူဆသောကြောင့် ဤသို့ဆုံးဖြတ်လိုက်ကြောင်းကိုပြောပြသည်။ မရမ်းချောင်း
ပရဟိတ ဂေဟာအတွက် မင်္ဂလာရှိသော သတင်းတခုပင်။
ထိုကားအား လုပ်ငန်းတခုတွင် ထည့်သွင်းထားပြီး
ရရှိလာသော အမြတ်ငွေဖြင့် ဂေဟာအတွက်လိုအပ်သော ဆေးဝါး ၊ ဒီဇယ် စသည်တို့ကို လစဉ်ထောက်ပံနိုင်တော့မည်ဖြစ်သည်။
ထို့အပြင် မရမ်းချောင်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့်လည်း
ကားအခက်အခဲရှိပါက ကိုဇော်လွင်ဝင်းထံ ဆက်သွယ်၍ အဆိုပါ ကားကို အသုံးပြုနိုင်ကြောင်း ဒရိုင်ဘာပါ
တပါတည်းစီစဉ်ပေးမည်ဖြစ်ကြောင်း ၊ ဂေဟာမှ လူနာများ ရန်ကုန်သို့စေလွတ်ကုသရန်လိုအပ်လာပါကလည်း
ထိုကားကို စေလွတ်ပေးမည်ဖြစ်ကြောင်း ၀မ်းမြောက်ဖွယ် လာရောက် အသိပေးသွားပါသည်။ ဆေးပညာလောကမှ
မောင်နှမများ လှူဒါန်းထားသောငွေမှာလည်း ဘဏ်ထဲတွင် သုံးသိန်းခွဲ ခန့်သာကျန်ရှိတော့သည်ဖြစ်ရာ
ခေါင်းခဲနေကြသော အက်ဒမင်များကိုယ်စား ကျွန်တော်စိတ်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်မိပါသည်။
နောက်တချက်မှာ
ဆေးပညာလောက ညီအကိုမောင်နှများ၏ လှူဒါန်းငွေဖြင့် မရမ်းချောင်းမှ မန္တလေး ရေနံသာ အနာကြီးရောဂါ
ဆေးရုံသို့စေလွတ်၍ ကုသစေသော ဦးမြ၀င်းကိစ္စ။ ဦးမြ၀င်းအား မရမ်းချောင်းမှ ပထမဆုံး ကြည့်မြင်တိုင်
အရိုးဆေးရုံသို့သွားရောက်ပြသစေသော်လည်း ဆေးရုံတင်ရန် အခက်အခဲရှိသော ကြောင့် ရေနံသာသို့
မဖြစ်မနေ စေလွတ်ရခြင်းဖြစ်သည်။ ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံခွင့်တောင်းက ကျွန်တော်တို့တတ်နိုင်သမျှ
(Yellowcloud ကိုယ်တိုင်လိုက်ပါ၍) ဆေးရုံတွင် ကုသမှုခံယူခွင့် ရရှိရေး လိုက်လံဆောင်ရွက်သော်လည်း
ဆေးရုံဘက်မှ အခက်အခဲများက ကျွန်တော်တို့ မျှော်လင့်သည်ထက် အများကြီးပိုနေသည်။ ရေနံသာသို့
စေလွတ်ကုသလျှင် ခရီးစရိတ် ၊ နေထိုင်စားသောက်ရေး
နှင့် အခြားသော အုပ်ချုပ်မှုကိစ္စများ များစွာခက်ခဲနိုင်ကြောင်းသိသော်လည်း ဦးမြ၀င်းအခြေအနေမှာ
ပိုဆိုးလာနိုင်ပြီး အသက်အန္တရာယ်ပါ နီးကပ်လာနိုင်သောကြောင့် ဆရာဦးချစ်စံဝင်းထံ ခွင့်ပန်ကာ
ဆေးပညာလောက မောင်နှများ လှူဒါန်းထားသောငွေများထဲမှာ ၂ သိန်း ၇သောင်း နှင့် အခြားအလှူရှင်တဦး
လှူဒါန်းသော အလှူငွေ ၃ သောင်း၊ ပေါင်း ၃ သိန်းဖြင့် ဦးမြ၀င်း အား ရေနံသာသို့ ပို့ဆောင်ကုသစေရေး
ကူညီခဲ့ပါသည်။ အုပ်ချုပ်မှုကိစ္စများ မှာ အမှန်တကယ်လည်း ခက်ခဲခဲ့ပါသည်။ ဦးမြ၀င်းကို
ပို့ဆောင်ရန် အတွက် ရေနံသာဆေးရုံ နှင့် ရင်းနှီးသော ဦးတာ ( ဂေဟာ အုပ်ချုပ်ရေးမှူး)
ကိုယ်တိုင် လိုက်လံပို့ဆောင်ရသည့်အပြင် ဦးတာ ကိုယ်တိုင်မှာလည်း ရောဂါသည်တဦးဖြစ်သောကြောင့်
၎င်းတို့ နှစ်ဦးကို ကူညီရန် နောက်ထပ်လူတယောက်ထပ်သုံးရသေးသည်။ ဦးမြ၀င်းထံတွင် အစာအိမ်ရောဂါ
အခံရှိသည့်အတွက် ခွဲစိတ်မှုအား သုံးကြိမ်တိုင်တိုင် နောက်ဆုတ်ရွှေ့ဆိုင်းရခြင်း၊ ဆေးရုံတက်
လူနာအတွက် လိုအပ်သော အထောက်အပံပစ္စည်းများ (ဆီးအိုး ၊ ထွေးခံ စသည်)များဝယ်ယူရခြင်း ၊
သွေးသွင်းရန်အတွက် အလှုရှင်ရှာဖွေရခြင်း ၊ ဝေယျာဝေစ္စ အတွက် လူငှားရှာဖွေရခြင်း နှင့်
အခြားအခက်အခဲများစွာရှိခဲ့သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာ၏ ကူညီပေးမှု နှင့်
ဦးတာ၏ အားထုတ်မှုများကြောင့် အတော်အသင့် ပြေလည်ခဲ့ပါသည်။
Operation
အတွက် Fit ဖြစ်အောင် စောင့်ဆိုင်းနေရင်း ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်ဦးမှ
ဦးမြ၀င်း၏ ခြေထောက်နှစ်ဖက်လုံးခြေတုတပ်ကာ ပြန်လည်အသုံးပြုနိုင်ရန်အတွက် ယခင်ဖြတ်တောက်ထားသော
ညာဘက်ခြေထောက်အား ခြေတုနှင့်အဆင်ပြေနိုင်ရေးအတွက် ပြန်လည်ခွဲစိတ်ပြုပြင်ခဲ့ပါသည်။ ရောဂါပြင်းထန်နေသောခြေထောက်မှာ
ရေနံသာမှ ဆရာဝန်ကြီးများ၏ ဖိဖိစီးစီးကုသမှုကြောင့် ပိုဆိုးမလာတော့ပဲ စိုးရိမ်ဖွယ်အနေအထားမရှိတော့ကြောင်း
နှင့် အချိန်တခုစောင့်ဆိုင်းပြီးမှသာခွဲစိတ်ဖြတ်တောက်မည်ဖြစ်ကြောင်း ဒေါက်တာမြတ်သီတာထံမှ
သိရပါသည်။ ဦးမြ၀င်းမှာ အစာအိမ်အခံရှိသောကြောင့် အစာအမာ စား၍ မရ။ ရေနံသာဆေးရုံမှ ကျွေးမွေးမှုသည်
အခြားသူများအတွက် အဆင်ပြေနိုင်သော်လည်း သူ့အတွက် အဆင်မပြေ။ ထို့ကြောင့် အပြင်မှ ထမင်းပျော့ပျော့
ဝယ်စားလျှင် အဆင်ပြေသည်ဟု ဦးမြ၀င်းကိုယ်တိုင်က ကျွန်တော်ဆီဖုန်းဆက်လာသည်။ ဦးမြ၀င်း၏
တနေ့တာ ကုန်ကျစရိတ်အားလုံးကို ဂေဟာဥက္ကဌ ကိုလှဌေး နှင့် ကျွန်တော် တိုင်ပင်ကြည့်လိုက်တော့
တနေ့ ၁၀၀၀ နှူန်းဖြင့် တလကို ၃၀၀၀၀ ကုန်ကျမည်။ ဦးမြ၀င်းက ရေနံသာတွင် အနည်းဆုံး ၁လ
တော့နေရအုံးမည်။ ထို့ကြောင့်ထိုငွေကို ထောက်ပံနိုင်ရေး အတွက် မည်သည့်ငွေမှ သုံးမည်နည်း?
စဉ်းစားရတော့သည်။
ဤ
တလအတွင်း ဆေးပညာလောက၏ လှူဒါန်းငွေ ကုန်သွားသည်။ ဦးတာလည်း မရမ်းချောင်းသို့ပြန်ရောက်လာသည်။
ကိုဇော်လွင်ဝင်းတို့လည်း လှူဒါန်းရန် ကမ်းလှမ်းထားသည်ကလည်းရှိနေသဖြင့် ဦးမြ၀င်းအတွက် လိုအပ်သည့် အသုံးစရိတ် ကို ဆက်လက်ထောက်ပံသွားမည်ဟု
ကတိပေးသွားသည်။ ဤတချက်မှာလည်း ၀မ်းသာစရာပင်။ ဒေါက်တာမြတ်သီတာထံ ဖုန်းဆက်ကာ ဦးမြ၀င်းစိတ်ဓါတ်မကျစေရေးအတွက်
ငွေပို့ပေးနိုင်တော့မည်ဖြစ်ကြောင်း ၀မ်းမြောက်ဝမ်းသာ အကြောင်းကြားနိုင်တော့မည်။ ဒေါက်တာမြတ်သီတာ
၏ လိုလားချက်မှာ မရမ်းချောင်းမှ လူနာများကို ရေနံသာသို့ လာရောက်ကိုသစေလျှင် အများကြီး
အခက်အခဲရှိသည်။ ထို့ကြောင့်ရန်ကုန်ဆေးရုံများတွင် ကုသခွင့်ရရှိနိုင်ရေး ဆေးရုံတာဝန်ရှိသူများကို
ကျွန်တော်ကိုယ်တိုင် advocate လုပ်၍ ကြိုးစားကြည့်ရန် အကြံပြုလာသည်။ မန္တလေးရှိ ဆေးရုံများတွင်
အနာကြီးရောဂါသည်များကို လက်ခံကုသလာအောင် ဆရာမကိုယ်တိုင်ကြိုးစားခဲ့ရသည်များကို ပြန်ပြောင်းပြောပြပြီး
မိမိထက်ကြီးသော ဆရာဝန်ကြီးများကို လိမ္မာပါးနပ်စွာ ဆက်ဆံတတ်စေရန် ကျွန်တော့်ကို သားတပည့်တယောက်လို
စိတ်ရှည်ရှည်ရှင်းပြသည်။ ကျွန်တော်ရင်မောရပါသည်။ ကျွန်တော်မှာ မရမ်းချောင်းတိုက်နယ်ဆရာဝန်
မဟုတ်။ volunteer တယောက်ထက် မပိုပါ။ ကျွန်တော် stand for လုပ်ပြီး လူနာတွေ ဆေးရုံတက်ခွင့်ရအောင်
လုပ်လျှင် မရမ်းချောင်း တိုက်နယ်ဆရာဝန်အပေါ် ဆရာဝန်ကြီးတွေ အမြင်စောင်းသွားနိုင်သည်။
ကျွန်တော် လူမုန်းမခံရဲတာမဟုတ်ပါ… စစ်တပ်ကလူတွေ နေရာတကာပါသည်ဟု အပြောမခံလိုခြင်းပါ။
ကျွန်တော်စိတ်နှင့် ကျွန်တော့်ကိုယ် ဆိုလျှင် ဒါတွေကို ဒီလောက်စဉ်းစားနေမည်မဟုတ်ပါ။
သို့သော် ကျွန်တော့ မှာ အဖွဲ့အစည်းတခုကို ကိုယ်စားပြုနေသည်။ တနွယ်ငင် တစင်ပါ ကိစ္စတွေကို
ကျွန်တော် အစစွဲမထုတ်ချင်ပါ။
နောက်တချက်မှာ
အနာကြီးရောဂါကြောင့် ခြေထောက်ပျက်စီးနေသော လူနာများအတွက် အထူးပြုလုပ်ထားသည် ဖိနပ်များ
ချုပ်ပေးနိုင်ရေး ကိစ္စ။ ဤကိစ္စကိုလည်း တက်တက်ကြွကြွ အကောင်အထည်ဖော်သည်မှာ ကိုဇော်လွင်ဝင်း
နှင့် ဦးတာပင်ဖြစ်သည်။ ဖိနပ်ချုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ဖေဖေါ်ဝါရီ
လကတည်းကပင် ကိုဇော်လွင်ဝင်းမှ လာရောက်လှူဒါန်းပြီးသား။ သို့သော် ဦးတာ ရေနံသာသို့ သွားနေသည်က
တကြောင်း ဖိနပ်ချုပ်သမား မအားသေးသည်ကတကြောင်း ယခုအချိန်အထိ အကောင်အထည် မဖော်ရသေး။ ဖိနပ်ချုပ်သမား
ကိုစိန်သန်းမှာ JICA မှ အနာကြီးရောဂါသည်များအတွက် သီးသန့်ဖိနပ်ချုပ်ပေးနိုင်ရန် သင်တန်းပေးထားသော
သူဖြစ်ပြီး မရမ်းချောင်းမှာပင် အဆင်သင့်ရှိနေသည်။ သို့သော် သူတယောက်ထဲနှင့် မနိုင်။
ဤတွင် ရေနံသာရောက်နေသော ဦးတာက ရေနံသာရှိ ဖိနပ်ချုပ်ပညာရှင်များကို ဖိတ်ခေါ်ပြီး သင်္ကြန်ပိတ်ရက်လေးတွင်
မရမ်းချောင်းသို့ လာရောက်၍ လူနာတဦးခြင်းစီအတွက် ဖိနပ်ချုပ်ပေးနိုင်ရန် ကမ်းလှမ်းခဲ့ရာ
သူတို့ကလည်း ၀မ်းမြောက်ဝမ်းသာ ကူညီမည်ဟု သိရသည်။ သူတို့အတွက် အသွားအပြန် ရထားလက်မှတ်ခ
နှင့် နေထိုင်စားသောက်ရေးမှန်သမျှကို ကိုဇော်လွင်ဝင်းမှပဲ အကုန်အကျခံမည်ဟု သိရသဖြင့်
ကာလအတန်ကြာလိပ်ခဲတည်းလည်း ဖြစ်နေသော ဖိနပ်ကိစ္စပါ တခါတည်း အဆင်ပြေသွားတော့သည်။
ဆေးပညာလောက
မောင်နှများများ နှင့် Mutdfan.com မှ အလှူရှင်များ စုပေါင်းဆောင်ရွက်ခြင်းအားဖြင့်
ပိုမိုထိရောက်သော လူမှုရေးကူညီမှုများကို ဆောင်ရွက်နိုင်မည်ဟုလည်း ကျွန်တော်ယုံကြည်လျှက်ရှိပါသည်။
mutdfan.com တွင် မန်ဘာဦးရေ သိန်းဂဏန်းကျော်ရှိသဖြင့် ကျွန်တော်တို့ ဆေးပညာလောကထက်
ပို၍ Caliber ကျယ်သည်။ ကျွန်တော်တို့ထက်ပင် ဆရာဦးချစ်စံဝင်း နှင့် ဆရာတော် အရှင်ဇ၀နတို့မှာ
ပို၍ Caliber ကျယ်သည်။ တခုထက်ပိုသော လူမှုရေးကူညီမှုများကို ဦးစီးဦးဆောင် ပြုလျက် အကောင်အထည်ဖော်နေကြသည်မှာ
ကြည်နူးလေးစားလောက်ပါသည်။ ပို၍လုပ်နိုင်သော ပို၍လည်း စိတ်ဝင်စားသော လူများ များများပါဝင်လာလေလေ
ပို၍ အကျိုးများလေလေဖြစ်သည်။ ကျွန်တော်တို့ ဆေးပညာလောက မောင်နှမများမှလည်း ယခုထက်ပို၍
ကျယ်ပြန့်သော လူမှုပရဟိတများကို အခြားသော စေတနာရှင်များ နှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု
ယုံကြည်လျက် မြန်မာ့ နှစ်သစ် အတာသင်္ကြန်ကို နူတ်ခွန်းဆက်သလိုက်ရပါသည်။
တောကျီးဂန်း
၁၈ မတ် ၂၀၁၀
မင်းကုန်းရွာ
0 comments:
Post a Comment