RSS
Facebook
Twitter

Wednesday, March 31, 2010

ပရဟိတ သက်တော်ရာကျော်ရှည်ပါစေ

                       
    မြန်မာနိုင်ငံတွင် အင်တာနက်မီဒီယာ အားကောင်းဖွံဖြိုးလာသည်မှာ ၁၀ စုနှစ် တခုပင်မရှိတတ်သေး။ သို့သော် အင်တာနက်၏ ထိုးဖောက်အားက လူငယ်များအပေါ်တွင် ရိုက်ချက်ပြင်းလှသည်။ Chatting ကို အကြောင်းပြုကာ အခြားသော နယ်ပယ်များဆီသို့ မြန်မာ့လူငယ်များ တဖြည်းဖြည်း ချဉ်းနင်း ၀င်ရောက်လာကြသည်။ အင်တာနက်မှတဆင့် ဆက်သွယ်ခြင်းသည် ထိရောက်မြန်ဆန်စွာပျံနှံပြီး ကောင်းကျိုး /ဆိုးကျိုးနှစ်သွယ်ကို ဆောင်ကျဉ်းပေးသည်။ ပြောစရာရှိသည်မှာ အင်တာနက်သည် တနိုင်ငံလုံးအတိုင်း အတာ ထိမပျံနှံနိုင်သေး။ အင်တာနက်မီဒီယာသည် မြို့ကြီးများ၏ ပြယုဂ်တခုသာရှိနေသေးသည်။ အနာဂတ်တွင်တော့ တနိုင်ငံလုံးဖြန့်ကျက် သုံးစွဲနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။
    ၂၀၀၈ ခုနှစ်ခန့်မှ စ၍ မြန်မာ့အင်တာနက်အသုံးပြုသူ လူငယ်များကြားတွင် Social Web Site များ အထူးရေပန်းစားလာသည်။ Friendster, Tagged, Facebook, Twitter အစရှိသည့် ဆိုရှယ်ဝက်ဘ များအပြင် မိမိကိုယ်တိုင် ပြုပြင်ဖန်တီးတည်ဆောက်ရန် အခွင့်အရေးပေးထားသည့် Ning ကဲ့သို့သော ၀က်ဘဆိုက်များကြောင့် အဖွဲ့အစည်းငယ်လေးများ ၊ ၀ါသနာတူအစုအဝေးလေးများ ၊ နယ်ပယ်အသီးသီးမှ ပရောဖက်ရှင်နယ်များပါ အချင်းချင်းကူးလူးဆက်ဆံမှု များလာသည်။ နယ်ပယ်တူမှ သူငယ်ချင်းများကို စုစည်း၍ ကောင်းကျိုးကိုရည်မှန်းသော လူငယ်ပရဟိတအဖွဲ့များ တဖြည်းဖြည်းပေါ်ပေါက်လာသည်။ အင်မတန် အကျိုးရှိသော စုစည်းမှုဟု အမည်တပ်လျှင် လွန်မည်မထင်ပါ။ တဦးနှင့်တဦး ရိုင်းပင်းကူညီတတ်သော မြန်မာတို့အတွက် အလွယ်တကူ စုပေါင်းလုပ်ဆောင်နိုင်ရန် ၊ အများအကျိုးသယ်ပိုးနိုင်ရန် အင်တာနက်မှ ကြားခံဆောင်ရွက်ပေးခြင်းဖြစ်သည်။
    ကျွန်တော်ကိုယ်တိုင်လည်း Ning ပလက်ဖောင်းပေါ်တွင် Social Site တခုဖန်တီးခဲ့ပါသည်။ ကွန်ပျုတာကျွမ်းကျင်သူ မဟုတ်သည့်တိုင် Ning ၏ ရိုးစင်းသော နည်းပညာကြောင့် တနှစ်အတွင်း အဖွဲ့ဝင် ၂၀၀၀ ခန့်ဝင်ရောက်လာကြသည (အချို့သောဆိုရှယ်ဝက်ဘဆိုက်များဆိုလျှင် အဖွဲ့ဝင် သောင်းနှင့်သိန်းနှင့်ချီ၍ စုစည်းမိကြသည်အပြင် ထပ်မံ၍လည်း ၀င်ရောက်ဆဲဖြစ်ပါသည်)။ တနှစ်တာ ကာလအတွင်း တစ်ဦးနှင့်တဦး ရင်းနှီးလာသည့်အလျှောက် ကျွန်တော်တို့ Site လေး၏ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အဖွဲ့ဝင်များ စုပေါင်းထည့်ဝင်၍ ပရဟိတလှူဒါန်းမှုပြုလုပ်နိုင်ရန် တိုင်ပင်ကြည့်တော့ အားလုံးက အားတက်သရော ထောက်ခံသည်။ဘယ်နေရာကိုလှူဒါန်းကြမလဲ။ ကျွန်တော်တို့၏ အားနည်းချက်မှာ ရန်ကုန်အနီးတ၀ိုက် တွင်သာ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ အဖွဲ့ဝင် ၈၅% မှာ ရန်ကုန်မှ ဖြစ်ခြင်း ၊ အချို့အဖွဲ့ဝင်များအနေဖြင့် နေ့ချင်းပြန် ခရီးကိုသာ လိုက်ပါကူညီဆောင်ရွက်နိုင်ခြင်းတို့ကြောင့် လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာရှိ အနာကြီးရောဂါကြောင့် ကိုယ်လက်အင်္ဂါပျက်စီးခဲ့ရသူများ (ဤနေရာတွင် အနာကြီးရောဂါသည် များဟု မသုံးစေလိုပါ ။ ဂေဟာနေ အဖိုးအဖွားများ အားလုံးသည် အနာကြီးရောဂါ တိုက်ဖျက်သည့် MDT ဆေးပေါင်းကို ဆေးပါတ်လည်အောင် သောက်ပြီး အခြားသူများကို ကူးစက်နိုင်စွမ်း မရှိတော့သော်လည်း ရောဂါကျွမ်းခဲ့သည်ဒဏ်ကြောင့် ကိုယ်လက်အင်္ဂါပျက်စီးမှုကို ဆက်လက် ခံစားနေရဆဲ လူနာများသာ  ဖြစ်ပါသည်)    အား လက်ခံစောင့်ရှောက်ထားသည့် မေတ္တာပရဟိတ ဂေဟာလေးကို ရွေးချယ်လိုက်သည်။ ထိုအချိန်က မရမ်းချောင်းပရဟိတ ဂေဟာသို့ လူငယ်အဖွဲ့များ စိတ်ဝင်စား စွာ လာရောက်လှူဒါန်းမှု နည်းပါးသေးသည်။ ဆရာချစ်စံဝင်း နှင့် အရှင်ဇ၀န (မေတ္တာရှင်) တို့သာ အဓိက လှုံဆော်သူများဖြစ်ကြသည်။ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦး၏ ကလောင်စွမ်းအားကြောင့် အလှူရှင်များ၏ စေတနာကို နိုးကြားစေပြီး မရမ်းချောင်း ပရဟိတဂေဟာ အတွက် လှူဒါန်းမှုများ တိုးပွားလာရခြင်းဖြစ်သည်။
              မရမ်းချောင်းပရဟိတ ဂေဟာအတွက် အလှူငွေကောက်ခံရာတွင်လည်း အင်တာနက်ကိုအများဆုံး အသုံးပြု၍ ကောက်ခံခဲ့ပါသည်။ ပြည်တွင်းမှ အလှူရှင်များအပြင် နိုင်ငံရပ်ခြားမှ မြန်မာများကလည်း အားတက်သရော လှူဒါန်းသည့်အတွက် ကျွန်တော်တို့ ဆိုရှယ်ဆိုက်လေး၏ တနှစ်ပြည့် ပရဟိတ လှူဒါန်းမှုခရီးစဉ်ကို ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကာလတန်ဖိုး သိန်း ၂၀ခန့်ရှိသော ဆေးဝါး ၊ အ၀တ်အထည် ၊ စားသောက်ကုန် ၊ ဒီဇယ်ဆီများဖြင့် အောင်မြင်အောင်ဆောက်ရွက်နိုင်ခဲ့သည်မှ Ning ၏ ကျေးဇူးဖြစ်ပါသည်။ ပထမအကြိမ် လှူဒါန်းမှုတွင် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါကူညီလှူဒါန်းသူ ၄၅ ဦး ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအား အဖွဲသားထဲမှ ဆရာဝန်များက တနေ့တာ ကုသိုလ်ပြုခဲ့ကြသည့်အပြင် လစဉ် ဆေးဝါး နှင့် ဒီဇယ်ဆီ လှူဒါန်းမှု ပြုလုပ်ရန် ကောက်ခံရရှိသော အလှူငွေများအား စနစ်တကျ ဘဏ်စာရင်းဖွင့်၍ ဆောင်ရွက်နိုင်ခဲ့သည်။
              ကျွန်တော်တို့ ပထမအကြိမ် သွားရောက်လှူဒါန်းသည့် ခရီးစဉ် ဓါတ်ပုံမှတ်တမ်း အင်တာနက်ပေါ်တွင် တင်ထားသည့်အပြင် အီးမေးလ်မှ တဆင့် ဖြန့်ဝေခြင်း DVD မှတ်တမ်းဖြန့်ဝေခြင်းတို့ကြောင့် သဒ္ဓါတရားပေါက်သည့် အလှူရှင်များ၏ ထပ်မံတောင်းဆိုချက်အရ ၂၀၁၀ ဖေဖေါ်ဝါရီ လတွင်တကြိမ် ၊ မတ်လတွင် တကြိမ် ထပ်မံသွားရောက်လှူဒါန်းခဲ့ပါသည်။ ၂၀၁၀ မတ်လ ၂၅ ရက်နေ့တွင် Mutdfan ၊ Online Donation တို့နှင့်ပူးပေါင်းပြီး မရမ်းချောင်း ကျေးရွာရှိ အနာကြီးရောဂါ ခံစားခဲ့ရသော ဘိုးဘွား မိဘများကို နတ်မောက်လမ်း မျက်စိဆေးရုံတွင် အခမဲ့ မျက်စိကုသပေးခြင်း ၊ ရွှေတိဂုံ ဘုရားအပါအ၀င် ရန်ကုန်မြို့ရှိ နာမည်ကြီးဘုရားများသို့ ဘုရာဖူး ပို့ဆောင်ပေးခြင်းကို ပထမဆုံးအကြိမ့် အဖွဲ့သုံးဖွဲ့ စုပေါင်း၍ အောင်မြင်စွာ စီစဉ်ဆောင်ရွက် လှူဒါန်းနိုင်ခဲ့ပါသည်။
              တဖက်တွင် ကျွန်တော်တို့ ဆိုရှယ်ဆိုက်အတွက် အက်ဒမင် အခက်အခဲ ဖြစ်လာသည်။ အက်ဒမင်အဖြစ် ဆောင်ရွက်သူများ အင်တာနက် အချိန်ပြည့်မသုံးနိုင်တော့ စာမေးပွဲကိစ္စ ၊ လူမှုရေးကိစ္စများကြောင့် အင်တာနက်နှင့်ဝေးလာသည်။ ဆိုရှယ်ဝက်ဘဆိုဒ်တခုသည် အနည်းဆုံး တနေ့တကြိမ် Update လုပ်နေမှသာ ၀င်ရောက်ကြည့်ရှုသူများအတွက် စိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်မည် မဟုတ်ပါလား။ ကျွန်တော်တို့ဆိုက်အား တပါတ်တခါပင် Update မလုပ်နိုင်တော့သောအခါ အဖွဲ့ဝင်များ စိတ်ဝင်စားမှုကတဖြည်းဖြည်းလျှော့ကျသွားသည်။ ထို့အပြင်Ningမှအလကားပေးထားသော နေရာလွတ်များ ကို ပိုက်ဆံဖြင့်ဝယ်မှသာ ဆက်လက်အသုံးပြုနိုင်မည်ဟု တရားဝင်ကြေငြာလာသည်။ ကျွန်တော်တို့အတွက် ပို၍ ခက်သွားသည်။ ပိုက်ဆံနှင့်ဝယ်ပြီးမှ အကျိုးရှိရှိ မသုံးနိုင်လျှင် ငွေကုန်တာပဲ အဖတ်တင်မည်။ အင်တာနက်သည် အစဉ်ပြောင်းလဲနေသော မီဒီယာဖြစ်သည်။ ရေစီးကြောင်းအသေမဟုတ်။ အက်ဒမင်လုံလောက်စွာ မရှိလျှင် မည်မျှ ကောင်းမွန်ပြည့်စုံသည့် ၀က်ဘဆိုဒ် ဖြစ်ပါစေ ရေရှည်ရှင်သန်နိုင်မည် မဟုတ်ပေ။ ထိုကြောင့် စိတ်မကောင်းစွာပင် ကျွန်တော်တို့ဆိုက်အား စွန့်လွတ်လိုက်ရတော့သည်။ သို့သော် အဖွဲ့ဝင်များကြားတွင် ပရဟိတ စိတ်ဓါတ်တော့ ကျန်နေခဲ့သေးသည်။ အချို့က တတ်စွမ်းသမျှ ဆက်လုပ်သေးသည်။ မိမိပါတ်ဝန်းကျင် အင်တာနက် အဆက်အသွယ်များအချင်းချင်း စည်းရုံး၍ မရမ်းချောင်းပရဟိတဂေဟာသို့ တဖွဲဖွဲလာရောက်လှူဒါန်းလျှက်ရှိသေးသည်။    ကျွန်တော်လည်း အင်တာနက် မသုံးဖြစ်သည့်တိုင် မရမ်းချောင်းနှင့်အဆက်အသွယ်မပြတ်။အနည်းဆုံး  ၂ ပါတ်တခါတော့ ရောက်ဖြစ်သည်။ တတ်နိုင်သမျှ ကူညီသည်။ ဝေဒနာရှင်များကို သံယောဇဉ်ရှိသည်ကလည်း ပါသည်။ အဖွဲ့အစည်းအလိုက် လှုပ်ရှားမှုကား အားနည်းသွားလေပြီ ။ ထိုအချိန်တွင် Online Donation အဖွဲ့မှ အလုံးအရင်းဖြင့် လာရောက်လှူဒါန်းသည်။ ထို့နောက် ထို့နောက်တွင် မေတ္တာသန့်အဖွဲ့, Equation, Save the Aged, True Donation, Love Donation, သာကေတမှ လူငယ်အားသစ်  စသည့် မြန့်မာလူငယ်ပရဟိတ အဖွဲ့များ တဖွဲဖွဲ ရောက်လာကြသည်။ လာရောက်လှူဒါန်းကြသည့် ထိုအဖွဲများ ထဲတွင် နူပျိုဖျတ်လတ်တက်ကြွသည့် အသက် ၂၀ မှ ၃၅ နှစ်ကြားရှိ လူငယ်များ အများစုပါဝင်သည်။ Save the Aged အဖွဲ့၏ သီချင်းသံမြိုင်မြိုင်အောက်တွင် မရမ်းချောင်းမှ အဖိုးအဖွား ကလေးငယ်ပါမကျန် အားလုံး ပျော်ရွှင်ကြည်နူးခဲ့ရသည်ကို ကျွန်တော် အမှတ်ရနေမိ သေးသည်။
              အွန်လိုင်းဘောလုံးဝက်ဆိုဒ် mutdfan.com မှ အဖွဲ့သားများမှလည်း ငွေကြေးအလုံးအရင်းဖြင့် ထောက်ပံလှူဒါန်းခြင်းကြောင့် မရမ်းချောင်းပရဟိတဂေဟာလေးသည် တနှစ်အတွင်း ဂေဟာပိုင်ကားတစ်စီး ပိုင်ဆိုင်လာသည်အထိ ပြည့်စုံကြွယ်ဝလာသည်။ မတ်ဖန် (mutdfan.co ၏ အတိုကောက်) အယ်ဒီတာချုပ် ဖြစ်သူ WorkGroup IT Solution မှ ကိုဇော်လွင်ဝင်းကိုယ်တိုင်  မီဒီယာ ပေါင်းစုံမှ တဆင့် အင်တိုက်အားတိုက် လှုပ်ရှားမှုများကြောင့် စေတနာ့ရှင်များ မျက်စိအောက်သို့ မရမ်းချောင်း ပရဟိတ ဂေဟာလေး ရောက်ရှိလာသည်။  မရမ်းချောင်းဂေဟာလေး ဤမျှတိုးတက်ပြည့်စုံလာသည်မှာ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်နေကြသည့် အရှင်ဇ၀န(မေတ္တာရှင်) နှင့် မရမ်းချောင်းဖခင်ဟု ခေါ်ဆိုထိုက်သည့် ဆရာချစ်စံဝင်းပြီးလျှင် အင်တာနက်မီဒီယာ၏ စွမ်းပကားပင်ဖြစ်သည်။
              ဤအချက်ကို ကြည့်ချင်းအားဖြင့် အင်တာနက်အသုံးပြုသော မြန်မာ့လူငယ်များသည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေပဲ လူမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်လိုစိတ်ရှိသည်ကို ပိုမိုပေါ်လွင်စေသည်။ ရုရှားမှ လူငယ်များကလည်း လှူကြသည်။ စင်္ကာပူမှ လူငယ်များကလည်း မနေ။အခြားနိုင်ငံများက လူငယ်များကလည်း အားတက်သရော။ လူငယ်များ၏ အားကို လျှော့တွက်မရနိုင် ရနိုင်ကြောင်းထောက်ပြနေသည်။မရမ်းချောင်းတွင်သာမက အခြားနေရာများစွာတွင်လည်း ပရဟိတလူငယ်များ စုပေါင်း၍ ကွက်လပ်ဖြည့်လျှက် ရှိနေသည်။ အချို့ လူငယ်အဖွဲ့များ ဆိုလျှင် တလတခါ ပုံမှန် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်ကို ၀မ်းသာအားရ သိရှိရပါသည်။ သို့သော် တနိုင်ငံလုံးအတိုင်းအတာဖြင့် မလှုပ်ရှားနိုင်သေး။ အင်တာနက်ဆက်သွယ်မှု အကန့်အသတ်ရှိနေသည်။ မြန်မာနိုင်ငံရှိ အခြားလိုအပ်ချက် ရှိနေသော နေရာများစွာသို့ လက်လှမ်းမမှီနိုင်သေး။ ထို့ပြင် ပရဟိတ လုပ်ငန်းကို အားတက်သရော လုပ်ကိုင်နေကြသည့် လူငယ်အများစုမှာ ကျွန်တော်တို့လိုပင် လုပ်ငန်းခွင်၊ ကျောင်းစာနှင့် မကင်းလွတ်။ သည်ကြားမှပင် ရသလောက် အချိန်လု၍ သူငယ်ချင်းများစုပေါင်းကာ တက်ညီလက်ညီ လုပ်ကိုင်ကြသည်ကို အားတက်ဖွယ် တွေ့ရှိရပါသည်။ အားလပ်သော အချိန်လေးများကို မရမကစုပေါင်းကာ အများအကျိုး ဆောင်ရွက်ကြသည့် အလေ့အထသည် မူလတန်း ဖတ်စာအုပ် ထဲတွင်သာရှိသည့် ကိစ္စမဟုတ်တော့။ လက်တွေ့တွင် ပီပြင်စွာ အကောင်အထည်ပေါ်လာသည်။ သို့သော် ဝေးလံသော နေရာဒေသများသို့ ဆရာချစ်စံဝင်းတို့ အရှင်ဇ၀နတို့ကဲ့သို့ သွားရောက်နိုင်ခြင်း မရှိသေး ။ စိတ် သာရှိသော်လည်း ကိုယ်မလိုက်နိုင်သည့် သဘော။
              အွန်လိုင်းသည် အဖွဲ့အစည်းများ ဖွဲ့စည်းရန် လွယ်ကူသလို အဖွဲ့အစည်းများ ပြိုကွဲရန်လည်း လွယ်ကူသည်သာဖြစ်သည်။ မိတ်ဆွေများရရှိရန် လွယ်ကူသလို ရန်သူများ တိုးပွားရန်လည်း လွယ်ကူပါသည်။ အင်တာနက်သည် လူငယ်များအတွက် မှော်လက်နက် တခုသာဖြစ်သည်။ သုံးတင်လျှင် မမျှော်မှန်းနိုင်သော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သလို မသုံးတတ်လျှင် ဘ၀ပျက်သွားသည်အထိ ဆိုးရွား သွားနိုင်သည်။ အင်တာနက်ကြောင့် လူငယ်များ စာရိတ္တပျက်ပျားသည်ဆိုသော ဟောကိန်းများကို မြန်မာ့လူငယ်များ၏ ပရဟိတလုပ်ငန်းများမှ အလုပ်နှင့်သက်သေပြနေသည်။ တရုတ်ခေါင်းဆောင်ကြီး တယောက်ပြောခဲ့သလို ပြူတင်းပေါက်ဖွင့်ထားလျှင် လေကောင်းလေသန့်အပြင် အညစ်အကြေး ခြင်ယင်စသည်တို့ဝင်လာနိုင်သည် ဆိုသည့်စကားအတိုင်းပင် ကျွန်တော်တို့ လူငယ်များသည် လေကောင်းလေသန့်များကိုသာ စနစ်တကျစစ်ယူရန် ကြိုးစားနေကြသည်ဟု ကျွန်တော်မြင်သည်။
              မြန်မာနိုင်ငံသည် ဖွံဖြိုးဆဲ (အချို့ကတော့ underdeveloped ဟုသုံးပါသည်) နိုင်ငံတခုဖြစ်ခြင်းကြောင့် လူမှုရေးအကူအညီများ များစွာလိုအပ်နေသည့် နိုင်ငံတခုဖြစ်ပါသည်။ ထို့ကြောင့် ရည်ရွယ်ချက်တခုတည်းကိုပင် အကောင်အထည်ဖော်နေကြသည့် လူငယ်များ အားလုံးစုပေါင်း၍ ဘာသာ/သာသနာ အကျိုးကို အားတက်သရော ဆောင်ရွက်လျှင် မြန်မာ့ဒေသအသီးအသီးမှ တဦးတယောက်အားဖြင့် ဖြေရှင်းဆောင်ရွက် ပေးနိုင်ခြင်းမရှိသည့် အခက်အခဲများကို အဖွဲ့အစည်း စွမ်းပကားဖြင့် ကူညီဖြေရှင်း ပေးနိုင်လိမ့်မည်ဟို မျှော်လင့်မိပါသည်။ လူငယ်အဖွဲ့များ မည်မျှပင် ကွဲပြားသည်ဖြစ်စေ လည်းကောင်းတို့၏ တခုတည်းသော ရည်ရွယ်ချက်မှာ လူမှု အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးရန်သာ ဖြစ်သည်မှာ ထင်သာမြင်သာရှိလှသည်။  သို့သော် အားလုံးထက် အရေးကြီးသည်မှာ ရင်ဘတ်ထဲမှ ရည်ရွယ်ချက်သာ ဖြစ်သည်။ ဆရာချစ်စံဝင်း ပြောခဲ့ဘူးသလို လှူဒါန်းမှု အစီအစဉ်သာ အဓိက ဖြစ်ပါသည်။ မည်သည့်အဖွဲ့အစည်း ဖြစ်သည်ဆိုသည်မှာ အရေးမကြီး ။ မြန်မာ့အနာဂတ် လူငယ်များ၏ ရင်ဘတ်ထဲတွင် ပရဟိတပန်း ထာဝရ ရွှင်လန်းနေဖို့သာ အရေးကြီးလေသည်။ မြန့်မာ လူငယ်များ စုပေါင်း၍ အင်တာနက် စွမ်းအားကိုရယူပြီး အနာဂတ်မြန်မာ့လူ့ဘောင်ကို ပိုမိုသာယာလှပအောင် ဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့်ရင်း ……………..။


                                                                                                                                                                      တောကျီးဂန်း
                                                                                                                                      logo.gif

Thursday, March 18, 2010

မရမ်းချောင်းအာရုဏ်ဦး



မတ်လ၏ နံနက်ခင်းက မြူခိုးလက်ကျန်တွေကို ဖက်တွယ်ထားသေးသည်။ မနက်ခင်း လမ်းလျောက်ရသော အရသာလေးကို ခပ်သော့သော့တိုက်ခတ်နေသော လေနူအေးက ပိုမိုအသက်ဝင်စေသည်။ လေထဲတွင် သင်္ကြန်ရနံများက ဟိုမှသည် ကူးလူးနေသည်ဟု ခံစားနေရသည်။ ကျွန်တော့အတွက် သင်္ကြန်သည် အဓိပ္ပါယ်မဲ့နေသည်မှာ ၂ နှစ်ရှိပြီဖြစ်သည်။ ဒီနှစ်သင်္ကြန်သည်လည်း နောက်တိုး ၁ နှစ်သာ ဖြစ်နိုင်စရာရှိပါသည်။ သင်္ကြန်အကြောင်းကို ခေါင်းထဲမှ မထုတ်ချင်ထုတ်ချင် ထုတ်ပစ်လိုက်သည်။ ကျွန်တော်သည် ကြိုတင်ပြင်ဆင်မှုများဖြင့် အံမ၀င်ဖြစ်နေသည်မှာ ကြာမှန်းမသိ အတော်လေးကြာခဲ့ပြီဖြစ်သည်။ မင်းကုန်းရွာမှ မရမ်းချောင်းသို့သွားသည့် ကတ္တရာ လမ်းပေါ်တွင် ကိုယ်စီကိုယ်စီ ရည်ရွယ်ချက်ဖြင့် လှုပ်ရှားနေကြသော လူများ…။
          ကိုယ့်အတွေးနှင့် ကိုယ်မို့ ဘေးနားကို ကားတစီးလာရပ်မှ ရုတ်တရက်လှည့်ကြည့်ဖြစ်သည်။ Mutdfan.com ၏ အယ်ဒီတာချုပ် လည်းဖြစ် Workgroup ကွန်ပျုတာစင်တာ၏ ပိုင်ရှင်လည်းဖြစ်သူ ကိုဇော်လွင်ဝင်းတို့ ဇနီးမောင်နှံတို့၏ ကားဖြစ်နေသည်။ သူတို့က စ၍နူတ်ဆက်မှ ကျွန်တော်အတွေးစ ပြတ်သွားသည်။ ကျွန်တော်က Arsenal ပရိတ်သတ် မနက်ခင်းအပြေးလေ့ကျင့်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် Arsenal ဂျာစီကို ၀တ်သွားမိသည်။ ကိုဇော်လွင်ဝင်းက အပြုံးဖြင့် “ဆရာက Arsenal fans လား” ဟုမေးလာတော့မှ ကျွန်တော်လည်း ပြုံးမိသည်။ အကြိုက်ခြင်း မတူသည့်သူများ တူညီသောရည်ရွယ်ချက်တခုကို အကောင်အထည်ဖော်ရခြင်းသည် ပျော်စရာကောင်းမှန်း ကျွန်တော် သဘောပေါက်လာသည်။ သူတို့ ရည်ရွယ်ချက်မှာ မရမ်းချောင်း မေတ္တာဂေဟာသို့ သွား၍ လိုအပ်သည်များကို မေးမြန်းကာ Mutdfan.com မှ လှူဒါန်းရရှိငွေများကို မည်သည့်နေရာများတွင် အသုံးပြုမည်ကို လာရောက်လေ့လာတိုင်ပင်ခြင်းဖြစ်သည်။ သူတို့မင်းကုန်းရွာကိုရောက်သည့်အချိန်မှာ မနက် ၇း၀၀ နာရီပင် မရှိတတ်သေး။ ရန်ကုန်မှ ၂ နာရီနီးပါး မောင်းရသည့်ခရီးကို နူတ်ကြည့်လျှင် မနက် ၅း၀၀ ကတည်းက ရန်ကုန်ကထွက်လာသည့်သဘော။ ပရဟိတအလုပ်အတွက် မအားမလပ်သည့်ကြားမှ အချိန်လု၍ လာရောက်ကြသော စိတ်တူကိုယ်တူ ဇနီးမောင်နှံကို စိတ်ထဲမှ ကြိတ်၍ ကျွန်တော်လေးစားမိပါသည်။
 ဂေဟာဥက္ကဌ ဦးလှဌေးမှာ ကိစ္စတခုကြောင့် ရန်ကုန်ရောက်နေချိန်နှင့်တိုက်ဆိုင်နေသည်။ ထို့ကြောင့် Mutdfan.com မှ အလှူရှင်များ ကိုယ်စား လာရောက်တိုင်ပင်သော ကိုဇော်လွင်ဝင်းတို့ ဇနီးမောင်နှံ ဂေဟာအုပ်ချုပ်ရေးမှူး တာဝန်ယူထားသော ဦးတာနှင့် ကျွန်တော်တို့ သုံးဦး ဂေဟာအတွက် လိုအပ်သည်များကို တိုင်ပင်ရတော့သည်။ ကိုဇော်လွင်ဝင်းက Mutdfan.com မှ လှူဒါန်းငွေ သိန်းလေးဆယ် နီးပါး ကောက်ခံရရှိထားကြောင်း ထိုအလှူငွေများဖြင့် Leprosyhelp.org ပိုင် ကားတစီးဝယ်ယူရန် ဆုံးဖြတ်ထားကြောင်းပြောပြသည်။ မူလက ပရဟိတ ဂေဟာအတွက် အလှူငွေရရှိစေရန် ထိုငွေများဖြင့် အပ်ချုပ်ဆိုင်တဆိုင်ဖွင့်ရန်ရည်ရွယ်ထားသော်လည်း ရေရှည်လည်ပါတ်ရန် နှင့် အလှူငွေများအပွန်းအပဲ့ မဖြစ်စေရန် အာမခံချက်နည်းသောကြောင့် ကားတစီးအား လုပ်ငန်းပြဖြင့်ဝယ်ယူခြင်းက ပိုမိုအဆင်ပြေနိုင်မည်ဟု ယူဆသောကြောင့် ဤသို့ဆုံးဖြတ်လိုက်ကြောင်းကိုပြောပြသည်။ မရမ်းချောင်း ပရဟိတ ဂေဟာအတွက် မင်္ဂလာရှိသော သတင်းတခုပင်။
          ထိုကားအား လုပ်ငန်းတခုတွင် ထည့်သွင်းထားပြီး ရရှိလာသော အမြတ်ငွေဖြင့် ဂေဟာအတွက်လိုအပ်သော ဆေးဝါး ၊ ဒီဇယ် စသည်တို့ကို လစဉ်ထောက်ပံနိုင်တော့မည်ဖြစ်သည်။ ထို့အပြင် မရမ်းချောင်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့်လည်း ကားအခက်အခဲရှိပါက ကိုဇော်လွင်ဝင်းထံ ဆက်သွယ်၍ အဆိုပါ ကားကို အသုံးပြုနိုင်ကြောင်း ဒရိုင်ဘာပါ တပါတည်းစီစဉ်ပေးမည်ဖြစ်ကြောင်း ၊ ဂေဟာမှ လူနာများ ရန်ကုန်သို့စေလွတ်ကုသရန်လိုအပ်လာပါကလည်း ထိုကားကို စေလွတ်ပေးမည်ဖြစ်ကြောင်း ၀မ်းမြောက်ဖွယ် လာရောက် အသိပေးသွားပါသည်။ ဆေးပညာလောကမှ မောင်နှမများ လှူဒါန်းထားသောငွေမှာလည်း ဘဏ်ထဲတွင် သုံးသိန်းခွဲ ခန့်သာကျန်ရှိတော့သည်ဖြစ်ရာ ခေါင်းခဲနေကြသော အက်ဒမင်များကိုယ်စား ကျွန်တော်စိတ်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်မိပါသည်။
နောက်တချက်မှာ ဆေးပညာလောက ညီအကိုမောင်နှများ၏ လှူဒါန်းငွေဖြင့် မရမ်းချောင်းမှ မန္တလေး ရေနံသာ အနာကြီးရောဂါ ဆေးရုံသို့စေလွတ်၍ ကုသစေသော ဦးမြ၀င်းကိစ္စ။ ဦးမြ၀င်းအား မရမ်းချောင်းမှ ပထမဆုံး ကြည့်မြင်တိုင် အရိုးဆေးရုံသို့သွားရောက်ပြသစေသော်လည်း ဆေးရုံတင်ရန် အခက်အခဲရှိသော ကြောင့် ရေနံသာသို့ မဖြစ်မနေ စေလွတ်ရခြင်းဖြစ်သည်။ ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံခွင့်တောင်းက ကျွန်တော်တို့တတ်နိုင်သမျှ (Yellowcloud ကိုယ်တိုင်လိုက်ပါ၍) ဆေးရုံတွင် ကုသမှုခံယူခွင့် ရရှိရေး လိုက်လံဆောင်ရွက်သော်လည်း ဆေးရုံဘက်မှ အခက်အခဲများက ကျွန်တော်တို့ မျှော်လင့်သည်ထက် အများကြီးပိုနေသည်။ ရေနံသာသို့ စေလွတ်ကုသလျှင် ခရီးစရိတ် ၊  နေထိုင်စားသောက်ရေး နှင့် အခြားသော အုပ်ချုပ်မှုကိစ္စများ များစွာခက်ခဲနိုင်ကြောင်းသိသော်လည်း ဦးမြ၀င်းအခြေအနေမှာ ပိုဆိုးလာနိုင်ပြီး အသက်အန္တရာယ်ပါ နီးကပ်လာနိုင်သောကြောင့် ဆရာဦးချစ်စံဝင်းထံ ခွင့်ပန်ကာ ဆေးပညာလောက မောင်နှများ လှူဒါန်းထားသောငွေများထဲမှာ ၂ သိန်း ၇သောင်း နှင့် အခြားအလှူရှင်တဦး လှူဒါန်းသော အလှူငွေ ၃ သောင်း၊ ပေါင်း ၃ သိန်းဖြင့် ဦးမြ၀င်း အား ရေနံသာသို့ ပို့ဆောင်ကုသစေရေး ကူညီခဲ့ပါသည်။ အုပ်ချုပ်မှုကိစ္စများ မှာ အမှန်တကယ်လည်း ခက်ခဲခဲ့ပါသည်။ ဦးမြ၀င်းကို ပို့ဆောင်ရန် အတွက် ရေနံသာဆေးရုံ နှင့် ရင်းနှီးသော ဦးတာ ( ဂေဟာ အုပ်ချုပ်ရေးမှူး) ကိုယ်တိုင် လိုက်လံပို့ဆောင်ရသည့်အပြင် ဦးတာ ကိုယ်တိုင်မှာလည်း ရောဂါသည်တဦးဖြစ်သောကြောင့် ၎င်းတို့ နှစ်ဦးကို ကူညီရန် နောက်ထပ်လူတယောက်ထပ်သုံးရသေးသည်။ ဦးမြ၀င်းထံတွင် အစာအိမ်ရောဂါ အခံရှိသည့်အတွက် ခွဲစိတ်မှုအား သုံးကြိမ်တိုင်တိုင် နောက်ဆုတ်ရွှေ့ဆိုင်းရခြင်း၊ ဆေးရုံတက် လူနာအတွက် လိုအပ်သော အထောက်အပံပစ္စည်းများ (ဆီးအိုး ၊ ထွေးခံ စသည်)များဝယ်ယူရခြင်း ၊ သွေးသွင်းရန်အတွက် အလှုရှင်ရှာဖွေရခြင်း ၊ ဝေယျာဝေစ္စ အတွက် လူငှားရှာဖွေရခြင်း နှင့် အခြားအခက်အခဲများစွာရှိခဲ့သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာ၏ ကူညီပေးမှု နှင့် ဦးတာ၏ အားထုတ်မှုများကြောင့် အတော်အသင့် ပြေလည်ခဲ့ပါသည်။
Operation အတွက် Fit ဖြစ်အောင် စောင့်ဆိုင်းနေရင်း ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်ဦးမှ ဦးမြ၀င်း၏ ခြေထောက်နှစ်ဖက်လုံးခြေတုတပ်ကာ ပြန်လည်အသုံးပြုနိုင်ရန်အတွက် ယခင်ဖြတ်တောက်ထားသော ညာဘက်ခြေထောက်အား ခြေတုနှင့်အဆင်ပြေနိုင်ရေးအတွက် ပြန်လည်ခွဲစိတ်ပြုပြင်ခဲ့ပါသည်။ ရောဂါပြင်းထန်နေသောခြေထောက်မှာ ရေနံသာမှ ဆရာဝန်ကြီးများ၏ ဖိဖိစီးစီးကုသမှုကြောင့် ပိုဆိုးမလာတော့ပဲ စိုးရိမ်ဖွယ်အနေအထားမရှိတော့ကြောင်း နှင့် အချိန်တခုစောင့်ဆိုင်းပြီးမှသာခွဲစိတ်ဖြတ်တောက်မည်ဖြစ်ကြောင်း ဒေါက်တာမြတ်သီတာထံမှ သိရပါသည်။ ဦးမြ၀င်းမှာ အစာအိမ်အခံရှိသောကြောင့် အစာအမာ စား၍ မရ။ ရေနံသာဆေးရုံမှ ကျွေးမွေးမှုသည် အခြားသူများအတွက် အဆင်ပြေနိုင်သော်လည်း သူ့အတွက် အဆင်မပြေ။ ထို့ကြောင့် အပြင်မှ ထမင်းပျော့ပျော့ ၀ယ်စားလျှင် အဆင်ပြေသည်ဟု ဦးမြ၀င်းကိုယ်တိုင်က ကျွန်တော်ဆီဖုန်းဆက်လာသည်။ ဦးမြ၀င်း၏ တနေ့တာ ကုန်ကျစရိတ်အားလုံးကို ဂေဟာဥက္ကဌ ကိုလှဌေး နှင့် ကျွန်တော် တိုင်ပင်ကြည့်လိုက်တော့ တနေ့ ၁၀၀၀ နှူန်းဖြင့် တလကို ၃၀၀၀၀ ကုန်ကျမည်။ ဦးမြ၀င်းက ရေနံသာတွင် အနည်းဆုံး ၁လ တော့နေရအုံးမည်။ ထို့ကြောင့်ထိုငွေကို ထောက်ပံနိုင်ရေး အတွက် မည်သည့်ငွေမှ သုံးမည်နည်း? စဉ်းစားရတော့သည်။

ဤ တလအတွင်း ဆေးပညာလောက၏ လှူဒါန်းငွေ ကုန်သွားသည်။ ဦးတာလည်း မရမ်းချောင်းသို့ပြန်ရောက်လာသည်။ ကိုဇော်လွင်ဝင်းတို့လည်း လှူဒါန်းရန် ကမ်းလှမ်းထားသည်ကလည်းရှိနေသဖြင့်  ဦးမြ၀င်းအတွက် လိုအပ်သည့် အသုံးစရိတ် ကို ဆက်လက်ထောက်ပံသွားမည်ဟု ကတိပေးသွားသည်။ ဤတချက်မှာလည်း ၀မ်းသာစရာပင်။ ဒေါက်တာမြတ်သီတာထံ ဖုန်းဆက်ကာ ဦးမြ၀င်းစိတ်ဓါတ်မကျစေရေးအတွက် ငွေပို့ပေးနိုင်တော့မည်ဖြစ်ကြောင်း ၀မ်းမြောက်ဝမ်းသာ အကြောင်းကြားနိုင်တော့မည်။ ဒေါက်တာမြတ်သီတာ ၏ လိုလားချက်မှာ မရမ်းချောင်းမှ လူနာများကို ရေနံသာသို့ လာရောက်ကိုသစေလျှင် အများကြီး အခက်အခဲရှိသည်။ ထို့ကြောင့်ရန်ကုန်ဆေးရုံများတွင် ကုသခွင့်ရရှိနိုင်ရေး ဆေးရုံတာဝန်ရှိသူများကို ကျွန်တော်ကိုယ်တိုင် advocate လုပ်၍ ကြိုးစားကြည့်ရန် အကြံပြုလာသည်။ မန္တလေးရှိ ဆေးရုံများတွင် အနာကြီးရောဂါသည်များကို လက်ခံကုသလာအောင် ဆရာမကိုယ်တိုင်ကြိုးစားခဲ့ရသည်များကို ပြန်ပြောင်းပြောပြပြီး မိမိထက်ကြီးသော ဆရာဝန်ကြီးများကို လိမ္မာပါးနပ်စွာ ဆက်ဆံတတ်စေရန် ကျွန်တော့်ကို သားတပည့်တယောက်လို စိတ်ရှည်ရှည်ရှင်းပြသည်။ ကျွန်တော်ရင်မောရပါသည်။ ကျွန်တော်မှာ မရမ်းချောင်းတိုက်နယ်ဆရာဝန် မဟုတ်။ volunteer တယောက်ထက် မပိုပါ။ ကျွန်တော် stand for လုပ်ပြီး လူနာတွေ ဆေးရုံတက်ခွင့်ရအောင် လုပ်လျှင် မရမ်းချောင်း တိုက်နယ်ဆရာဝန်အပေါ် ဆရာဝန်ကြီးတွေ အမြင်စောင်းသွားနိုင်သည်။ ကျွန်တော် လူမုန်းမခံရဲတာမဟုတ်ပါ… စစ်တပ်ကလူတွေ နေရာတကာပါသည်ဟု အပြောမခံလိုခြင်းပါ။ ကျွန်တော်စိတ်နှင့် ကျွန်တော့်ကိုယ် ဆိုလျှင် ဒါတွေကို ဒီလောက်စဉ်းစားနေမည်မဟုတ်ပါ။ သို့သော် ကျွန်တော့ မှာ အဖွဲ့အစည်းတခုကို ကိုယ်စားပြုနေသည်။ တနွယ်ငင် တစင်ပါ ကိစ္စတွေကို ကျွန်တော် အစစွဲမထုတ်ချင်ပါ။  
နောက်တချက်မှာ အနာကြီးရောဂါကြောင့် ခြေထောက်ပျက်စီးနေသော လူနာများအတွက် အထူးပြုလုပ်ထားသည် ဖိနပ်များ ချုပ်ပေးနိုင်ရေး ကိစ္စ။ ဤကိစ္စကိုလည်း တက်တက်ကြွကြွ အကောင်အထည်ဖော်သည်မှာ ကိုဇော်လွင်ဝင်း နှင့် ဦးတာပင်ဖြစ်သည်။ ဖိနပ်ချုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ဖေဖေါ်ဝါရီ လကတည်းကပင် ကိုဇော်လွင်ဝင်းမှ လာရောက်လှူဒါန်းပြီးသား။ သို့သော် ဦးတာ ရေနံသာသို့ သွားနေသည်က တကြောင်း ဖိနပ်ချုပ်သမား မအားသေးသည်ကတကြောင်း ယခုအချိန်အထိ အကောင်အထည် မဖော်ရသေး။ ဖိနပ်ချုပ်သမား ကိုစိန်သန်းမှာ JICA မှ အနာကြီးရောဂါသည်များအတွက် သီးသန့်ဖိနပ်ချုပ်ပေးနိုင်ရန် သင်တန်းပေးထားသော သူဖြစ်ပြီး မရမ်းချောင်းမှာပင် အဆင်သင့်ရှိနေသည်။ သို့သော် သူတယောက်ထဲနှင့် မနိုင်။ ဤတွင် ရေနံသာရောက်နေသော ဦးတာက ရေနံသာရှိ ဖိနပ်ချုပ်ပညာရှင်များကို ဖိတ်ခေါ်ပြီး သင်္ကြန်ပိတ်ရက်လေးတွင် မရမ်းချောင်းသို့ လာရောက်၍ လူနာတဦးခြင်းစီအတွက် ဖိနပ်ချုပ်ပေးနိုင်ရန် ကမ်းလှမ်းခဲ့ရာ သူတို့ကလည်း ၀မ်းမြောက်ဝမ်းသာ ကူညီမည်ဟု သိရသည်။ သူတို့အတွက် အသွားအပြန် ရထားလက်မှတ်ခ နှင့် နေထိုင်စားသောက်ရေးမှန်သမျှကို ကိုဇော်လွင်ဝင်းမှပဲ အကုန်အကျခံမည်ဟု သိရသဖြင့် ကာလအတန်ကြာလိပ်ခဲတည်းလည်း ဖြစ်နေသော ဖိနပ်ကိစ္စပါ တခါတည်း အဆင်ပြေသွားတော့သည်။
ဆေးပညာလောက မောင်နှများများ နှင့် Mutdfan.com မှ အလှူရှင်များ စုပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပိုမိုထိရောက်သော လူမှုရေးကူညီမှုများကို ဆောင်ရွက်နိုင်မည်ဟုလည်း ကျွန်တော်ယုံကြည်လျှက်ရှိပါသည်။ mutdfan.com တွင် မန်ဘာဦးရေ သိန်းဂဏန်းကျော်ရှိသဖြင့် ကျွန်တော်တို့ ဆေးပညာလောကထက် ပို၍ Caliber ကျယ်သည်။ ကျွန်တော်တို့ထက်ပင် ဆရာဦးချစ်စံဝင်း နှင့် ဆရာတော် အရှင်ဇ၀နတို့မှာ ပို၍ Caliber ကျယ်သည်။ တခုထက်ပိုသော လူမှုရေးကူညီမှုများကို ဦးစီးဦးဆောင် ပြုလျက် အကောင်အထည်ဖော်နေကြသည်မှာ ကြည်နူးလေးစားလောက်ပါသည်။ ပို၍လုပ်နိုင်သော ပို၍လည်း စိတ်ဝင်စားသော လူများ များများပါဝင်လာလေလေ ပို၍ အကျိုးများလေလေဖြစ်သည်။ ကျွန်တော်တို့ ဆေးပညာလောက မောင်နှမများမှလည်း ယခုထက်ပို၍ ကျယ်ပြန့်သော လူမှုပရဟိတများကို အခြားသော စေတနာရှင်များ နှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်လျက် မြန်မာ့ နှစ်သစ် အတာသင်္ကြန်ကို နူတ်ခွန်းဆက်သလိုက်ရပါသည်။


တောကျီးဂန်း
၁၈ မတ် ၂၀၁၀
မင်းကုန်းရွာ