အဆီကျ
လှပပြီး ပိန်ဖို့အတွက် နောက်ထပ်တကြိမ် ၊ နောက်ထပ်နည်းလမ်းတမျိုးဖြင့် ကြိုးစားဖို့
ကြံစည်နေပါသလား? ယခုဖော်ပြမည့် နည်းလမ်းသစ်များကို စမ်းကြည့်ပါ။
အထက်ပါ စာကြောင်းကိုဖတ်ပြီး ဤဆောင်းပါးအား
အဆီကျဆေး ကြော်ငြာဟု မထင်စေလိုပါ။ ယခင်တုန်းက ကျန်းမာရေးနှင့်လျော်ညီသည့် ကိုယ်အလေးချိန်မျိုး
ရရှိနေထိုင်ရန် မခက်ပါ။ ကယ်လိုရီ အ၀င် နှင့် အထွက် မျှတလျှင် အဆင်ပြေသည်ဟု အများက ယူဆထားကြသည်။
ကိုယ်အလေးချိန်ကျရန် အိမ်ထောင်ရှင်မတယောက်၏ ၀င်ငွေသုံးစွဲပုံမျိုးနှင့် ဆန့်ကျင်ဘက်
အနေအထားအတိုင်း ကျင့်ကြံရမည်ဟု တချို့ကဆိုသည်။ ၀င်သလောက်ထက် ပို၍ သုံးရမည်။ သို့သော်
လူခန္ဓာကိုယ်ရှိ အဆီများ အ၀င်အထွက် စီမံခန့်ခွဲမှုသည် ဘဏ်တခုထက်ပင် ပို၍ ရှုပ်ထွေးသေးသည်။
ဒေါ်လာ ဘီလျံနှင့်ချီပြီး တန်ဖိုးရှိလာမည့်
အဆီကျဆေးကို တွေ့ရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် ကျွန်ုပ် တို့ ခန္ဓာကိုယ်တွင်းရှိ
အဆီများ ထိန်းသိမ်းသိုလှောင်ခြင်း ၊ ထုတ်ယူသုံးစွဲခြင်းများနှင့် ပါတ်သက်သည့် ရှုပ်ထွေးမှုများကို
သုတေသနပေါင်း မြောက်များစွာဖြင့် ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့ကြသည်။ ထို သုတေသနများစွာထဲမှ
တွေ့ရှိချက်အချို့က အဆီကျ ပိန်စေရေးအတွက် ဆန်းသစ်သော စားသောက်ပုံများစွာ ပေါ်ထွက်လာခဲ့သည်။
ယခုတလော ခေတ်စားလာသော Diet လုပ်သည်ဆိုသည့်
စကားရှေ့တွင် Scientific ဆိုသော စကားကို ပေါင်းထည့်ခြင်းဖြင့် ]သိပ္ပံနည်းကျ အစားရှောင်ခြင်း
ဆိုသော စကားဖြစ်လာသည်။
ကျန်းမာသော ကိုယ်အလေးချိန် ရှိနေရန်အတွင်
သင့်ကိုယ်တွင်းရှိ leptin ဆိုသော် ဟော်မုန်းတမျိုး ပုံမှန် အလုပ်လုပ်ရန်လိုအပ်သည်။
အဆိုပါ ဟော်မုန်းက “ဗိုက်ပြည့်ပြီ” ဆိုသည့် သတင်းအချက်အလက်ကို သင့်၏ ဦးနှောက်သို့
ပို့ပေးသည်။ ထိုအခါ သင့်စိတ်ထဲတွင် စိတ်ကျေနပ်မှုရသွားပြီး လက်ရှိစားလက်စကို ရပ်တန့်ပစ်လိုက်သည်။
အဆိုပါ စိတ်ကျေနပ်မှု ခံစားချက်အား အခြားစိတ်ကျေနပ်မှုကို လက်ခံသည့်နေရာများဖြစ်သည့်
လိင်စိတ်ကျေနပ်မှု နှင့် ဘိန်းဖြူကဲ့သို့သော ဆေးများကို စွဲလမ်းသည့် နေရာများထံသို့ပါ
ရောက်ရှိသွားသည်။ အ၀လွန် လူများတွင် Leptin ဟော်မုန်းဓါတ်များ များပြားစွာ တွေ့ရှိရသော်လည်း
သူတို့၏ ဦးနှောက်က ထိုဟော်မုန်းများ၏ သတင်းပို့မှုများကို တုန့်ပြန်မှုမပေးချေ။ အဆိုပါ
အချက်အား သက်သေပြနိုင်ရန် အော်ရီဂွန် သုတေသန အင်စတီကျူမှ သုတေသီများက အ၀လွန် ပုဂ္ဂိုလ်များ၏
ဦးနှောက်များအား စစ်ဆေးကြည့်ရာ အဆိုပါ ဟော်မုန်း၏ သတင်းပို့ မှုအား ကောင်းစွာ မတုန့်ပြန်နိုင်ကြောင်း
တွေ့ရှိခဲ့သည်။ ထို့ကြောင့်ပင် အ၀လွန်သူများသည့် ဗိုက်ပြည့်သည် ဟူသည့် စိတ်ကျေနပ်ဖွယ်
ခံစားချက်ကို ရရှိရန် ပို၍စားဖြစ်နေခြင်းဖြစ်သည်။ တနည်းအားဖြင့် ဆိုသော် အ၀လွန်သူများသည်
အစားကျုးသူများမဟုတ် ၊ သာမန်လူတယောက် အလွယ်တကူရရှိနိုင်သော တင်းတိမ်မှုမျိုးကို လွယ်ကူစွာ
မရရှိကြသူများသာဖြစ်သည်။
အဆိုပါ တွေ့ရှိချက်ကို ခိုင်မာစေမည့် အခြားသော
အထောက်အထား များစွာရှိသည်။ တင်းတိမ်မှု ရရှိအောင် မည်သို့လုပ်ရမည်နည်း။ နောက်ပိုင်းကိစ္စများသည်
အတော်လေးခက်ခဲသည်။ ပုံမှန် ပိန်ပါးသော လူတယောက် ကိုယ်အလေးချိန်တက်လာရန် ကြိုးစားခြင်းသည်လည်း
ထိုနည်းတူ ခက်ခဲသည်။ တချို့ ခန္ဓာကိုယ်များက အပြောင်းအလဲ များကို လက်ခံရန် ငြင်းဆန်ကြသည်။
အဘယ့်ကြောင့်ဆိုသော် Leptin ဥပမာကဲ့သို့ပင် ကျွနုပ်တို့၏ ကိုယ်အလေးချိန်ထိန်းချုပ်ရေးစနစ်
တခုလုံးသည် ဦးနှောက်အတွင်းရှိ အခြား စိတ်ကျေနပ်မှုပေးသော နေရာများနှင့်ပါ လွန်းထိုးစပ်ဆက်နေခြင်းကြောင့်
ဖြစ်သည်။
အကယ်၍ သင့်ခန္ဓာကိုယ်မှ ကိုယ်အလေးချိန်ကျရန်
သင်ကြိုးစားနေသမျှကို တင်းခံငြင်းဆန်နေပါက နည်းလမ်းဟောင်းများကို စွန့်ပစ်ပြီး နောက်ဆုံးပေါ်သုတေသနများအပေါ်
အခြေခံထားသည့် ရိုးရာ နည်းလမ်းသစ်များကို စမ်းကြည့်သင့်သည်။ ထိုနည်းလမ်းများထဲမှ သင်ခန္ဓာကိုယ်နှင့်
လိုက်ဖက်မည့် နည်းလမ်းသစ်များကို သင်ကိုယ်တိုင် ရွေးချယ်ကြိုးစားကြည့်သင့်သည်။
တရက်ခြား
အစားရှောင်ခြင်း
တကယ်တမ်းလက်တွေ့တွင် အဆီချသည့် နည်းလမ်းဟောင်းဖြစ်သည့်
တနေ့လျှင် ၁၅၀၀ ကယ်လိုရီ လောင်ကျွမ်းလျှင် နည်းဖြင့် ကိုယ်အလေးချိန်ကျသည့် နည်းလမ်းကို
သင်အသုံးပြုနိုင်သေးသည်။ ဤနည်းကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်တခုကို
ပိုင်ဆိုင်လာမည့်အပြင် သွေးတိုး၊ ဆီးချို နှင့် နှလုံးရောဂါများ ဖြစ်ပွားနိုင်ချေ နည်းနိုင်သမျှ
နည်းသွားနိုင်သည်။ ထို့ထက်ပိုပြောမည်ဆိုလျှင် ဓါတ်မတည့်မှုများ ၊ ကင်ဆာ ၊ ပန်းနာရင်ကျပ်
နှင့် အခြားကူးစက်ရောဂါများကိုလည်း တားဆီးရာရောက်သေးသည်။ သို့သော် အခြားတဖက်တွင် တနေ့လျှင်
၁၅၀၀ ကယ်လိုရီ လောင်ကျွမ်းခြင်းဖြင့် သင်တချိန်လုံး ဗိုက်ဆာပြီး စိတ်မချမ်းမသာ ဖြစ်နေမည်မှာ
သေချာသည်။ အဆိုပါကောင်းကျိုးများရရှိရန် အမြဲတမ်း ဗိုက်ဆာမနေပဲ ကြိုးစားကြည့်လျှင်ရော
ဖြစ်နိုင်ပါသလား?
အဖြေက ဖြစ်နိုင်ပါသည်။ ထိုမေးခွန်း၏ အဖြေမှာ
]တရက်ခြား အစားရှောင်ခြင်း} ဖြစ်ပါသည်။ ဘယ်လတီမိုးရှိ အမျိုးသား အသက်ကြီးရင့်ခြင်းဆိုင်ရာ
အင်စတီကျု မှ သုတေသီများက ကြွက်များဖြင့် စမ်းသပ်ပြီး လွန်ခဲ့သော နှစ်များစွာကတည်းကပင်
ထိုအချက်ကို ဖော်ထုတ်ခဲ့ကြသည်။ သုတေသီများသည်
ပထမရက်တွင် ကြွက်များကို အစာအနည်းငယ်သာ ကျွေးပြီး ဒုတိယနေ့တွင် အစာများစွာ ကျွေးပြီး
လေ့လာခဲ့ကြရာ အဆိုပါ ကြွက်များတွင် ကောင်းမွန်သည့် ကယ်လိုရီ ထိန်းချုပ်နိုင်စွမ်း ရရှိလာခဲ့ကြောင်း
ပြသနိုင်ခဲ့သည်။ အဆိုပါ စားသောက်ပုံသည် လူများတွင်လည်း အလုပ်ဖြစ်ကြောင်း နှင့် မည်ကဲ့သို့
စားသောက်နေထိုင်ရမည်ကို Dr James Johnson တည်ထောင်ထားသည့် www.johnsonupdaydowndaydiet.com တွင် အသေးစိတ် ဖော်ပြထားသည်။
မည်သို့မည်ပုံ အလုပ်ဖြစ်ပါသနည်း? အဆိုပါ
စားသောက်ပုံကြောင့် အဆီများကို လောင်ကျွမ်းစေသည့်အပြင် အသက်အရွယ်ကြီးရင့်ခြင်းကို တားဆီးပေးသည့်
SIRT3 နှင့် SIRT4 ကဲ့သို့သော် မျိုးရိုးဗီဇ နှစ်မျိုးကို အားပေးသည့် နည်းဖြင့် ဟော်မုန်းဆိုင်ရာ
ပြောင်းလဲမှုများကို ကိုလည်း ဖြစ်ပေါ်စေသည်။ သို့သော် အဆိုပါ စားသောက်ပုံနှင့် အံဝင်ခွင်ကျ
အလေ့အထဖြစ်ရန် အနည်းငယ် ခက်ခဲကြောင်း အချို့ကဆိုသည်။ သို့သော် ထိုနည်းစနစ်သည် တချို့လူများ
အသုံးပြုသည့် နေ့တိုင်း အငတ်ခံသည့် နည်းလောက်တော့ မဆိုးပါ။
မကြာသေးမီကပင် ချီကာဂို ရှိ အီလီနွိုက် တက္ကသိုလ်မှ
သုတေသီများက အဆိုပါ စားသောက်ပုံနှင့် ပါတ်သက်ပြီး သုတေသနတွေ့ရှိချက်များကို ပုံနှိပ်ဖော်ပြခဲ့သည်။
အဆိုပါ သုတေသနတွင် အ၀လွန်လူများကို တရက်ခြား အစားရှောင်သည့် နည်းဖြင့် နှစ်ပါတ်တိုင်တိုင်
စမ်းသက်ကြည့်ရာ ကိုယ်အလေးချိန် ၄ ကီလိုမှ ၁၃ ကီလိုအထိ ကျဆင်းသွားကြောင်း အံအားသင့်ဖွယ်
တွေ့ရှိခဲ့ရသည်။ အဆိုပါ စမ်းသပ်မှု မပြုလုပ်မီက သုတေသီများက ပျှမ်းမျှ ၂ကီလိုခန့်သာ
ကျသွားနိုင်သည်ဟု ခန့်မှန်းထားခဲ့ကြ ရာ လက်တွေ့တွင် မျှော်မှန်းထားသည်ထက် များစွာကျဆင်းသည့်အပြင် သွေးဖိအား ၊ နှလုံးခုန်နှုန်း
နှင့် သွေးတွင် ကိုလက်စထရော များပါ ကျဆင်းခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
အစားရှောင်သူ တော်တော်များများ Brown
fat ခေါ် အဆီညိုများအကြောင်းကို ကြားဖူးနားဝ ရှိလိမ့်မည်ထင်သည်။ အဆီဖြူများထက် အဆီညိုကိုသာ
ပို၍ လိုလားသူများမည်ထင်သည်။ အဆီညိုများသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို သိုလှောင်ရမည့်အစား
သင့်ခန္ဓာကိုယ် နွေးနေစေရန်အတွက် လောင်ကျွမ်းပြီး အပူကို ထုတ်ပေးသည်။ သို့သော် အဆီညိုများကို
လူများတွင် များစွာ မတွေ့ရသည့် အတွက် လူကြိုက်နည်းသွားသော ခေါင်းစဉ်တခု ဖြစ်ခဲ့ရာ ယနေ့အချိန်တွင်
နယူးအင်္ဂလန်ဆေးပညာမဂ္ဂဇင်း ၏ ကျေးဇူးကြောင့် အဆီညိုများ စာမျက်နှာပေါ်တွင် ထပ်မံနေရာရလာပြန်သည်။
ထိုဂျာနယ်၏ အဆိုအရ လူများကို အေးသောအပူချိန်တွင် ရှိနေစေလျှင် ခန္ဓာကိုယ်မှ အဆီညိုများ
ပိုမိုထုတ်လုပ်ပေးသည် ထို့ကြောင့် ကိုယ်အလေးချိန်ကျသွားသည် ဟုဆိုသည်။ အပူချိန် ၂၂ံဆဲလ်စီးယပ်တွင် အမျိုးသမီးများသည် တရက်လျှင် အဆီ
၂၇ ဂရမ် နှင့် အထက် သုံးစွဲသည်ဟု ဆိုသည်။ သို့ဆိုလျှင် သင်တို့၏ အဲယားကွန်းများကို
မိုင်ကုန်သာ ဖွင့်ထားရုံရှိသည်။ ကျွနုပ်တို့လို စွမ်းအင်ချွေတာသော နိုင်ငံနှင့်တော့
မကိုက်ချေ။
သင်၏ ကျားဟော်မုန်း
(တက်စရိုစရုန်း) ပမာဏကို စစ်ဆေးပါ
စာဖတ်သူသည် ဗိုက်ပူနေသော သက်လတ်အမျိုးသားတယောက်ဖြစ်သည်
ဆိုပါစို့။ အစားများများ စားပြီး ကိုယ်လက်လုပ်ရှားမှုကလည်း တဖြည်းဖြည်းနည်းလာလျှင် သင့်ခန္ဓာကိုယ်မှ
အီစထရိုဂျင် ခေါ် အမျိုးသမီး ဟော်မုန်း များများထုတ်နေပြီဟုမှတ်ပါ။ ကျွနုပ်တို့ ခန္ဓာကိုယ်မှ
ဟော်မုန်း ၂ မျိုးစလုံးကို ထုတ်ပေးနိုင်သည်ကိုလည်း သတိချပ်ပါလေ။ အီစထရိုဂျင်ကို ထုတ်လုပ်ရန်
ကျားဟော်မုန်းကို အသုံးပြုရသည်။ ထိုနှစ်ခုက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောရှိသည်။
ဤအချက်ကို သက်ကြီးပိုင်း အမျိုးသားများတွင် ပိုမို သိသာထင်ရှားစွာ တွေ့နိုင်သည်။ အသက်ကြီးလာသည်နှင့်အမျှ
အမျိုးသားများသည် တက်စရိုစရုန်း လျှော့ထုတ်ပြီး အီစထရိုဂျင်ကို ပို၍ထုတ်လာကြသည်။
ပိုနေသော အီစထရိုဂျင်များ ကြောင့် ခါးတ၀ိုက်တွင်
အဆီများစုလာသည်။ ဤမှတဆင့် ဆီးချို နှင့် နှလုံးရောဂါ အန္တရာယ်က တဖြည်းဖြည်းတက်လာသည်။
မဆုံးနိုင်သော အဆိုးသံသရာ အစပြုပြီဟု ဆိုနိုင်သည်။ ပိုနေသော အဆီများက တက်စရိုစရုန်း
ကို အီစထရိုဂျင် အဖြစ် ပြောင်းပေးသော အင်ဇိုင်းများကို မြောက်များစွာ ထုတ်လုပ်ပေးခြင်းအားဖြင့်
သင့်ခန္ဓာတွင် ကျားဟော်မုန်းက တဖြည်းဖြည်းကျဆင်းလာတော့သည်။
ထိုသံသရာထဲမှ ထွက်ရန် လေ့ကျင့်ခန်းများများလုပ်ပြီး အဆီများကို လောင်ကျွမ်းစေကာ ကြွက်သားများဖြင့် အစားထိုးရန် လိုအပ်သည်။ သို့သော် သင့်ထံတွင် ကျားဟော်မုန်း နည်းပါးနေသဖြင့် ထိုအလုပ်များလုပ်ရန် စိတ်မပါ့တပါ ဖြစ်ကောင်းဖြစ်နေမည်။ ထိုအခါတွင် လက်ရှိအသက်အရွယ်တွင် ရှိသင့်သော ကျားဟော်မုန်း ပမာဏကို စစ်ဆေးကြည့်ပြီး ပုံမှန်ထက်နည်းနေပါက သင့်တော်သော ကျားဟော်မုန်းအားဖြည့်ဆေးကို သင့်ဆရာဝန်က ညွန်ကြားပေးလိမ့်မည်။ ထိုအချိန်တွင် အရက် အလွန်အကျွံ မသောက်မိစေရန်လည်း အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် အရက်သောက်များသူ၏ အသည်းသည် ခန္ဓာကိုယ်ထဲရှိ ပိုလျှံနေသော အီစထရိုဂျင်များကို ရှင်းမထုတ်နိုင်သောကြောင့် ဖြစ်သည်။
နေပူစာ များများလှုံပေးပါ
(သို့မဟုတ်) ဗိုက်တာမင်ဒီ ဖြည့်စွက်ဆေးဝါးများ မှီဝဲပါ
ဗိုက်တာမင် ဒီ သည် နောက်ပိုင်းတွေ့ရှိချက်များအရ
နှလုံးရောဂါ ၊ ဆီးချို ၊ မာတီပယ် စကယ်လရိုးစစ် ၊ နှင့် ဂေါက်ရောဂါများ ဖြစ်ပွားနိုင်ချေကို
လျော့ချပေးနိုင်သည့် စူပါစတား အဟာရတခုဖြစ်လာသည်။ ကိုယ်အလေးချိန်လျော့ချ ရာတွင်ရော ဗိုက်တာမီဒီ
ပါပြန်ပြီလား ။ ပါနေပြန်ပါသည်။
၂၀၀၈ ခုနှစ်တွင် မင်နီဆိုးတား တက္ကသိုလ်မှ
ပြုလုပ်သည့် သုတေသန အငယ်စားတခုမှ တွေ့ရှိချက်တွင် သွေးထဲရှိ ဗိုက်တာမင်ဒီ ပမာဏ မြင့်မားသော
လူများတွင် ကိုယ်အလေးအချိန်ကျရန် လွယ်ကူကြောင်း ဖော်ပြခဲ့သည်။
အခြား မြောက်များစွာသော သုတေသနများမှလည်း
သွေးတွင် ဗိုက်တာမင် ဒီ မြင့်မားနေလျှင် အ၀လွန်ရန် ဖြစ်နိုင်ချေနည်းပါးကြောင်း တညီတညွတ်ထဲ
ထောက်ခံခဲ့ကြသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း ကိုမူ သေချာမသိရသေးချေ ? ထို့ကြောင့်
ဗိုက်တာမင် ဒီ ကျွမ်းကျင်ပညာရှင်များက ပိုမိုသေချာစေရန် သုတေသန မြောက်များစွာ လုပ်ရန်
ကျန်နေကြောင်း ဆိုနေကြချိန်တွင် လန်ဒန်တော်ဝင်ကောလိပ်မှ စိတ်ဝင်စားဖွယ် သီအိုရီ တခုကို
ဖော်ထုတ်လာသည်။ ဗိုက်တာမင် ဒီ ကို နေရောင်ခြည်မှသာ အဓိက ရနိုင်သည်။ သို့ဖြစ်၍ သွေးတွင်း
ဗိုက်တာမင်ဒီ နည်းပါးလာပါက ခန္ဓာကိုယ်မှ အေးသော ရာသီဥတု မကြာမီလာတော့မည်ဟု ယူဆ၍ ခန္ဓာကိုယ်ထဲတွင်
အစားအစာများ ပိုမို သိုလှောင်ခြင်းဖြင့် အ၀လွန်ခြင်းကို ဖြစ်စေသည်ဟု ဖော်ထုတ်လာသည်။
သို့သော် နေရောင်ခြည်နှင့် ဘယ်လောက်များများ
ထိတွေ့သင့်သည် ဆိုသော အချက်ကိုမှု ငြင်းခုန်၍ ကောင်းတုန်းပင် ဖြစ်သည်။ နိုင်ငံတကာမှ
အသိအမှတ်ပြုထားသော လူတယောက် တနေ့လျှင် နေရောင်ခြည်နှင့် ထိတွေ့သင့်သည့် ပမာဏမှာ ၂၀၀
IU (International Unit) ဖြစ်သည်။ သို့သော်လည်း ကျွမ်းကျင်သူ အများစု၏ အဆိုအရ တနေ့လျှင်
၁၀၀၀ မှ ၂၀၀၀ အထိ ထိတွေ့သင့်သည်ဟုဆိုသည်။ တနေ့လျှင် ၁၀၀၀ IU နုန်းဖြင့် လပေါင်းများစွာ
ကြာမြင့်စွာ ထိတွေ့လာလျှင် သင့်သွေးထဲရှိ ဗိုက်တာမင်ဒီ ပမာဏမှာ ၁ မီလီလီတာ တွင် ၁၀
နာနိုဂရမ် ရှိလာမည်ဖြစ်ပြီး ဤ ပမာဏသည် သင် နေ့စဉ်စားသုံးသည့် အပေါ်မူတည်၍ ၂ ကီလိုခန့်
လျော့ကျစေသည်။
ဆူဖြိုးခြင်းဖြင့်
ဂုဏ်ယူပါ
ပေါင်ချိန်များခြင်းသည် လူတိုင်းအတိုင်း
ကျန်းမာရေးနှင့်မညီညွတ်သော ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပါသလား? The Lancet ဆေးပညာဂျာနယ်မှ
၂၀၀၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသန မှ တွေ့ရှိချက်အရ အ၀လွန်သူ ( ခန္ဓာကိုယ်အလေးချိန်
ညွန်းကိန်း BMI ၃၀ အထက်ရှိသူ) များ၏ သုံးဆယ် ရာခိုင်နူန်း မှာ လက်တွေ့တွင် အလွန်ကျန်းမာကြသူများ
ဖြစ်သည်ဟု တွေ့ရှိခဲ့သည်။ အဆိုပါ ၃၀ % တွင် သွေးဖိအား ၊ သွေးတွင်းသကြားဓါတ် နှင့် ကိုလက်စထရော များလျော့နည်းပြီး ကျန်းမာသူများဟု
ဖော်ထုတ်နိုင်ခဲ့သည်။
အ၀လွန် လူများတွင် အင်ဆူလင်အား တုံပြန်မှုမရှိသော်လည်း
အဆိုပါ ၃၀% မှာ အင်ဆူလင်ကို ကောင်းစွာ တုံပြန်ကြောင်း တွေ့ရှိသည်။အတိုချုပ် ဆိုရလျှင်
အသည်းအသန် ကိုယ်အလေးချိန် ကျခြင်နေသော လူ သုံးယောက်တွင် တယောက်မှာ လက်ရှိအနေအထားနှင့်ပင်
ကျန်းမာသူတယောက် ဖြစ်နေသည်ဆိုသော အချက်ကို ကောက်ချက်ဆွဲ၍ရသည်။ ကိုယ်အလေးချိန်လျော့ချ
ခြင်းကပင် ထိုလူများကို အန္တရာယ်ဖြစ်စေနိုင်သည် ဆိုသော အချက်မှာ သတိပြုစရာ ဖြစ်လာသည်။
မွန်ထရီရယ် တက္ကသိုလ်မှ သုတေသီများက ဇီဝစံနူန်းများအရ ကျန်းမာသော အ၀လွန် လူများနှင့်
အ၀လွန်ခြင်းကြောင့် ပြဿနာရှိနေသော လူများကို ကယ်လိုရီ အနိမ့် အစားအစာများ ကျွေးစေ၍
သွေးတွင်းရှိ အန္တရာယ်ရှိနိုင်သော ဓါတ်များကို တိုင်းတာကြည့်ရာ အ၀လွန်ခြင်းကြောင့် ပြဿနာရှိနေသော
သူများတွင် အင်ဆူလင် မတုံပြန်မှု ( ဆီးချို၏ ရှေ့ပြေး လက္ခဏာ ) ၂၆ ရာခိုင်နူန်း တိုးတက်ကောင်းမွန်လာခဲ့သော်လည်း
ဝပြီးကျန်းမာသည့် သူများတွင် ၁၃ ရာခိုင်နူန်း ပိုဆိုးလာကြောင်း တွေ့ရှိခဲ့သည်။
သင်အစားကျူးသည့် အတွက် သင့် ခန္ဒာကိုယ် ဆူဖြိုးလာပြီး
ပေါင်ချိန်တက်လာ ပြီဆိုလျှင် ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး သွေးတွင်းရှိ အန္တရာယ် အချက်ပြများကို
စစ်ဆေးကြည့်ပါ ။ အကယ်၍ သင့် ကိုလက်စထရောပမာဏ ၊ သွေးတွင်းသကြားဓါတ် ၊ သွေးဖိအား ပုံမှန်အတိုင်းရှိနေသည်ဆိုပါက
သင့် ကိုယ်အလေးချိန်တက်နေခြင်းအပေါ် အပြစ်မမြင်ပါနှင့်တော့။ ၀လို့ လှသည်ဟုသာ သဘောထားပါလေ။
သို့သော် ၆ လတခါ ၁ နှစ်တခါ ပြန်စစ်ဖို့တော့ မမေ့ပါနှင့်။